ဘယ်လိုအခက်အခဲတွေမဆို လွယ်လင့်တကူဖြေရှင်းနိုင်သူဖြစ်ဖို့

ကိစ္စများမြောင်လူတို့ဘောင်၊အသက်တစ်ရာမနေရအမှုတစ်ရာကြုံရဆိုတဲ့ စကားတွေဟာ လူ့လောာကကြီးမှာဖြစ်လေ့ရှိတဲ့ ပြဿနာတွေနဲ့အမျိုးမျိုးအထွေထွေကြုံရပုံတွေကနေအခြေခံပြီးဖြစ်ပေါ်လာတဲ့စကားတွေပါ။လောကကြီးထဲကိုလူတွေပစ်ချခံလိုက်ရပုံကအတူတူပါပဲ။ ကျတဲ့နေရမှာဆက်ပြီးလှဲနေတဲ့သူ၊လှဲရက်ကလေး ပျင်းတွဲတွဲနဲ့တစ်နေရာရာကိုရွေ့နေတဲ့သူနဲ့ မတ်တပ်ထရပ်ပြီး လမ်းလျှောက်သွားတဲ့သူတွေသာကွာသွားတာပါ။ ချမ်းသာဆင်းရဲမရွေးသူ့အပူနဲ့သူတော့ရှိကြတာချည်းပါပဲ။ဒါကြောင့်မို့ လူ့ဘောင်သည်ကားဆင်းရဲခြင်းတည်းလို့ ဗုဒ္ဓဘုရားကမိန့်တော်မူခဲ့တာပေါ့။ ဒီလိုပဲလောကမှာကြုံနေရတဲ့အခက်အခဲတွေကအတူတူပါပဲ။ အဲ့ဒီအခက်အခဲတွေကိုဘယ်လိုတုံ့ပြန်သလဲဆိုတာကပဲ လူတွေကိုခွဲခြားပေးသွားမှာပါ။ ဒီတော့ လောကကြီးမှာ ဘယ်လိုအခက်အခဲတွေပဲလာလာကြံ့ကြံ့ခံနိုင်ပြီး အလွယ်တကူဖြေရှင်းနိုင်တဲ့သူဖြစ်ဖို့ ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတာကအရေးကြီးပါတယ်။

 

ပြဿနာရဲ့ဇာစ်မြစ်ကိုစဉ်းစားပါ

ဒီပြဿနာဖြစ်ရခြင်းရဲ့အကြောင်းရင်းခံကိုစဉ်းစားပါ။ တချို့ပြောကြတာတွေရှိတယ်။ပြဿနာကဖြစ်ပြီးနေပြီ ဘယ်လိုဖြေရှင်းမယ်မစဉ်းစားပဲ တရားခံလိုက်ရှာနေတယ်ဆိုတဲ့စကားပါ။ ဒါကသူ့နေရာနဲ့သူမှန်ကောင်းမှန်နိုင်တာတွေလည်းရှိပါလိမ့်မယ်။ဒါပေမယ့် ပြဿနာအများစုက အရင်းအမြစ်အကြောင်းရင်းခံကိုသိတော့မှ ဖြေရှင်းဖို့ပိုမိုလွယ်ကူတာတွေလည်းရှိပါတယ်။ဒါကြောင့် အဖြေမထုတ်ပဲအပြစ်ကြီးပဲတင်နေတာမျိုးမဟုတ်ရင်တော့ ပြဿနာရဲ့အကြောင်းရင်းခံကိုသိအောင်ကြိုးစားသင့်ပါတယ်။

 

သင်ဘာလုပ်နိုင်သလဲဆိုတာစဉ်းစားပါ

ဟုတ်ပြီ။ ပြဿနာရဲ့အကြောင်းရင်းကိုသိပြီ။ဒါဆိုဖြေရှင်းရအောင် သင်ဘာလုပ်နိုင်သလဲ။ဒီကိစ္စကြီးပြေလည်သွားဖို့လုပ်နိုင်တာရှိသလား။လုပ်နိုင်တာတော့ရှိတယ် ဒါပေမယ့်သင့်ရဲ့မာနထိခိုက်မယ်၊ငွေရေးကြေးရေးထိခိုက်မယ် တစ်ခုခုထိခိုက်မယ်ဆိုပါတော့၊ အဲ့ဒီ့ထိခိုက်ရမယ့်အရာဟာ ပြဿနာရဲ့အဖြေနဲ့ လဲယူရလောက်အောင်တန်သလား။ Chess စကားနဲ့ပြောရရင် ကိုယ့်ဘက်က ဘုရင်မနဲ့သူ့ဘက်ကပြွန်းလားဆိုတာမျိုးပေါ့။ လဲယူရလောက်အောင်မတန်ဘူးဆိုရင်တော့ တစ်မျိုးစဉ်းစားရပါမယ်

 

အရာရာကိုအများကြီးမတွေးပါနဲ့ ဒါပေမယ့် အရှည်ကြီးတွေးပါ

နားရှုပ်သွားလား။အများကြီးမတွေးပါနဲ့ဆိုတာမဆိုင်တာတွေအများကြီးထည့်မတွေးပါနဲ့လို့ပြောတာပါ။အရှည်ကြီးတွေးပါဆိုတာက ကိုယ်လုပ်မယ့်အလုပ်ရဲ့ရလာဒ်ကကိုယ့်တစ်ဘဝလုံးလိုက်ကပ်ပါနေတော့မှာမို့ တစ်သက်လုံးဘယ်အချိန်ပြန်တွေးတွေးနောင်တမရမယ့်အလုပ်မျိုးပဲဖြစ်သင့်ပါတယ်။

 

ကိစ္စတွေကိုအကျယ်မချဲ့ပါနဲ

ကံမကောင်းလို့စာမေးပွဲကျတယ်ဆိုပါတော့။ကျပြီးသွားပြီ ကိုယ်ကလည်းပြန်ဖြေလို့ရတော့တာမဟုတ်။ဒီအတွက်ထိုင်ပြီးစိတ်ညစ်နေလည်းဘာမှမထူးဘူးမဟုတ်လား။နောက်တစ်ခေါက်ထပ်ဖြေနိုင်အောင်စာကျက်နေလိုက်တာကပိုအကျိုးရှိပါတယ်။ စာမေးပွဲကျလို့စိတ်ညစ်လို့ဆိုပြီး ဆေးချရာက ရဲဖမ်းမိပြီးထောင်နှစ်နဲ့ချီကျသွားလို့ ဘဝတစ်ခုလုံးအညွှန့်ကျိုးသွားတာတို့ ဘာတို့သာဓကတွေကလည်းရှိတာမို့ ဘယ်လိုပြဿနာမျိုးကိုမှအကျယ်ချဲ့ပြီး ဒါကြီးကတော့ ငါ့ဘဝကြီးပါပဲလို့မတွေးပါနဲ့။သူ့အတိုင်းတိုင်းပဲခပ်ဝေးဝေးမှာထားပြီး ဖြေရှင်းရမယ့်နည်းလမ်းကိုစဉ်းစားပါ။

 

ဖြစ်တတ်တဲ့သဘာဝတွေကိုသိနားလည်ထားပါ

ဖြစ်တတ်တဲ့သဘာဝတွေဆိုတာမှာ ကိုယ့်ချစ်သူကဖောက်ပြန်တာတို့၊ကိုယ့်အချစ်ဆုံးသူငယ်ချင်းက သစ္စာဖောက်ပြီးနောက်ကျောဓားနဲ့ထိုးလိုက်တာတို့လို ကိုယ်မထင်မှတ်ထားတဲ့အရာတွေလည်းဖြစ်လာနိုင်တယ်လို့ သိထားပါ။ဒါဆိုရင်မတော်တဆတကယ်ဖြစ်လာခဲ့ရင်တောင်သိပ်ပြီးတုန်လှုပ်မှာမဟုတ်တဲ့အတွက် အမှားနည်းသွားမှာပါ။ လောကကြီးမှာ လူတွေကို ကိုယ်ကသူ့ကိုသိလို့ ဒီလူကတော့ဖြင့်ဒီလိုလုပ်မှာမဟုတ်ဘူးလို့ယတိပြတ်ယုံကြည်ထားလို့ မရဘူးတဲ့။လူတွေမှာသူတို့ကိုယ်တိုင်တောင်မသိတဲ့ သူတို့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကရှိနေတာမို့ပါ။

 

သင့်ဘဝကိုဆုံးဖြတ်တာက သင်ကြုံတွေ့ရတဲ့အခက်အခဲတွေက 10% ပဲဖြစ်ပြီး အဲ့ဒီ့အခက်အခဲတွေကိုဘယ်လိုတုံ့ပြန်ဖြေရှင်းသလဲဆိုတဲ့ သင့်ရဲ့အပြုအမူက 90% ဖြစ်ပါတယ်တဲ့။ ဘယ်လိုအခက်အခဲမျိုးလာလာအကောင်းဆုံးဖြေရှင်းနိုင်သူတွေဖြစ်ကြပါစေ။

116 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.