အသည်းကွဲနေတဲ့သူကိုချစ်မိရင် ဘယ်လိုလုပ်ကြမလဲ

ကိုယ်ချစ်တဲ့လူက လတ်လတ်ဆတ်ဆတ်ကြီးအသည်းကွဲထားတာဆိုရင်၊သူ့အရင်ကောင်မလေးကိုလည်းမမေ့သေးဘူးဆိုရင် သူကိုယ့်ကိုယ်ပြန်ချစ်လာအောင်ဘယ်လိုလုပ်ကြမလဲ။ ဒါကများသောအားဖြင့် လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့်မလုပ်သင့်တဲ့အလုပ်ကြီးတော့လည်းမဟုတ်ပါဘူး။ စနှိုက်ကြော်တာမှမဟုတ်တာနော်။ သူ့ဟာသူအသည်းကွဲနေတာပဲကို။ အရေးကြီးတဲ့အချက်ကတော့ သူအသည်းကွဲရတာကိုယ့်ပယောဂမပါဖို့ပါပဲ။ဆိုလိုချင်တာက သူ သူ့ကောင်မလေးနဲ့ရန်တွေဘာတွေဖြစ်ပြီးပြတ်တာဆိုရင် ကိုယ့်ကြောင့်ရန်ဖြစ်ရတာမဟုတ်ဖို့ပါပဲ။ သူတို့ပြတ်စဲသွားရခြင်းဟာ ကိုယ်နဲ့လားလားမျှမဆိုင်ဖို့အလွတ်ကြီးဖြစ်နေဖို့လိုပါတယ်။ ဒါမှရှေ့ဆက်လို့ကောင်းမှာပါ။ မဟုတ်ရင်တော့ ယောက်ျားတစ်ယောက်အတွက်နာမည်ပျက်မခံပါနဲ့။ယောက်ျားမရှားပါဘူး။ ဟုတ်ပြီ။ သူအသည်းကွဲရတာကိုယ်နဲ့မဆိုင်ဘူး။သူကိုယ့်ကိုပြန်မချစ်လို့ ကိုယ်အသည်းကွဲရမယ်ဆိုရင်တော့ ကိုယ်နဲ့ဆိုင်လာတော့မှာမို့ ကိုယ်အသည်းမကွဲအောင်ဘယ်လိုလုပ်ကြမလဲ။

 

သူနဲ့အဆင့်တစ်ခုထိရင်းနှီးအောင်ပေါင်းပါ

အဆင့်တစ်ခုဆိုတာ သူကိုယ့်ကိုစကားတွေဘာတွေသတိထားပြောစရာမလိုပဲရင်ဘတ်ချင်းနားလည်နိုင်မယ့် မိတ်ဆွေအပေါင်းအသင်းတစ်ယောက်အဖြစ်မြင်လာတဲ့အထိ သူနဲ့ရင်းနှီးအောင်ကြိုးစားဖို့ပြောတာပါနော်။ အကြီးကြီးတွေလျှောက်မတွေးသင့်ပါ။ သူနဲ့ရင်းနှီးချင်လို့ဆိုပြီး one night တွေ stand လိုက်မယ် အကျိုးအမြတ်ရှိတဲ့သူငယ်ချင်း (Friends with benefits)တွေလုပ်လိုက်မယ်ဆိုရင်တော့ သင်ကသူနဲ့မရင်းနှီးတဲ့အပြင် သူနဲ့အဝေးဆုံးကိုရောက်ပြီး သူလိုမှခေါ်တဲ့လိုသုံးတစ်ယောက်အဖြစ် သင့်ဘဝကြီးကိုစိတ်နာစွာဖြတ်သန်းနေရဖို့ရှိပါတယ်။ဒါကြောင့် အလျင်မလိုပါနဲ့။လမ်းဟောင်းအတိုင်းသူနဲ့ရင်းနှီးမှုရယူပါ။ ဒီကိစ္စက အချိန်တော့ပေးရပါမယ်။ အနည်းဆုံးတစ်နှစ်လောက်ကြာကောင်းကြာနိုင်ပါတယ်။ လူတစ်ယောက်နဲ့ရင်းနှီးယုံကြည်ဖို့ဆိုတာ တစ်နှစ်လောက်တော့အနည်းဆုံးကြာနိုင်ပါတယ်။

 

သူရင်ဖွင့်တာနားထောင်ပေးပါ

သူသင့်ကိုရင်ဖွင့်ဖို့အဆင်သင့်ဖြစ်လာပြီဆိုတဲ့အချိန်ကျ သူ့အခြေအနေကိုကြည့်ပြီး ခရီးသွားဟန်လွှဲမေးခွန်းတွေမေးလို့ရပါပြီ။ ကျွန်မတို့စသိတုန်းက ရှင်အသည်းကွဲနေခဲ့တာမဟုတ်လားတို့ဘာတို့ပေါ့။ သူကပြောချင်လည်းပြောမယ်။အရေးမပါပါဘူးလို့ပြန်ပြောချင်လည်းပြောမယ်။သူ့ရည်းစားဟောင်းအကြောင်းကိုသင့်ကိုဘယ်လိုပြောပြသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး သူသင့်ကိုဘယ်လိုသဘောထားလဲဆိုတာခန့်မှန်းရမှာပါ။ သူက သင့်ကိုသူ့ရည်းစားဟောင်းအကြောင်းရွှန်းရွှန်းဝေအောင်ပြောပြနေတယ်၊သူ့ရည်းစားဟောင်းကိုမမေ့သေးတဲ့အကြောင်းသင့်ကိုအသိပေးဖို့လွယ်ကူနေတယ်ဆိုရင်တော့ သူကသင့်ကိုစိတ်ဝင်စားမလာသေးပါဘူး။ ဒီလိုမဟုတ်ပဲ ဘာမှသိပ်မပြောတော့ဘူးပြန်မပြောချင်တော့ဘူးလို့ ပြောခဲ့မယ်ဆိုရင်တော့ သင့်အတွက်မျှော်လင့်ချက်ရှိပါတယ်။

 

ကျွမ်းကျင်လိမ်မာစွာကောက်ချက်ချနိုင်ပါစေ

သူက သင့်ကိုသူ့ရည်းစားဟောင်းအကြောင်းပြောပြတယ်၊ဒါမှမဟုတ်မပြောပြဘူး ဒီနှစ်ခုစလုံးမှာ အဖြေနှစ်မျိုးစီရှိပါတယ်။ဇယားနဲ့ဆွဲပြရင်ပိုရှင်းမှာပေမယ့် ဒီမှာက ဆွဲလို့မရလို့စာနဲ့ပဲရှင်းပါမယ်။သူကသင့်ကိုသူ့ရည်းစားဟောင်းအကြောင်းပြောပြတယ်ဆိုတဲ့နေရာမှာ သူ့ရဲ့အမူအရာကိုအလွတ်မပေးပဲ အကဲခတ်ရပါမယ်။သူကတကယ့်ကို စိတ်ပါဝင်စားစွာပြောနေတာလား ဒါမှမဟုတ်ပြောနေရင်းနဲ့သင့်ကိုအကဲခတ်နေသလားဆိုတာမျိုးပေါ့။ဒီနေရာမှာလူကဲခတ်ပညာကအတော်အသုံးဝင်ပါတယ်။သင့်အနေနဲ့ ကိုယ်ချစ်တဲ့ယောက်ျားတစ်ယောက်ကိုအကဲခတ်နိုင်လောက်တဲ့ဆင်ခြင်ညဏ်မျိုးမှရှိမနေခဲ့ရင်လည်း သူ့ကိုရဖို့ကြိုးစားမနေပါနဲ့တော့။ရခဲ့ရင်တောင် သူကသင့်ကိုတစ်သက်လုံးလှည့်စားနေနိုင်တာမို့ပါ။ ထားပါတော့ သူက စိတ်ပါဝင်စားစွာပြောနေတာဆိုရင်သူ့ရည်းစားဟောင်းကိုတကယ်မမေ့သေးတာပါ။ မဟုတ်ပဲ ပြောရင်းနဲ့ သင့်ကိုအကဲခတ်နေခဲ့ရင်တော့ သူလည်းသင့်ကို စိတ်ဝင်စားနေတာဖြစ်လို့ သင့်စိတ်ကိုအကဲခတ်နေတာပါ။သိပ်လည်းပျော်မနေပါနဲ့။ကိုယ့်ကိုကြိုက်နေတယ်လို့သိပ်သိသာနေတဲ့ကောင်မလေးမျိုးကို ယောက်ျားလေးတွေက ဆော့ကစားချင်ကြပါတယ်။ပြန်မပြောပြချင်တော့ဘူး အတိတ်ကိုအတိတ်မှာပဲထားခဲ့တော့မယ်ဆိုတာမှာလည်း အဖြေနှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက သူ့အနေနဲ့ တကယ်ကိုပဲ အတိတ်ကိုပြန်မစဉ်းစားချင်တော့တာဖြစ်နိုင်ပါတယ်။ဒုတိယတစ်ခုကတော့ သူ သင့်ကိုစိတ်ဝင်စားနေပြီမို့ သင့်ရှေ့မှာ သူ့အရင်ချစ်သူအကြောင်းမပြောချင်တော့တာပါ။ ဒါက အကဲခတ်ရခက်ပါတယ်။

 

မီးစင်ကြည့်ကပါ

သူသင့်ကိုစိတ်ဝင်စားနေတာပဲဖြစ်ဖြစ် စိတ်မဝင်စားသေးတာပဲဖြစ်ဖြစ် သင့်ဘက်က သူ့ကိုကြွေနေတဲ့ အရိပ်အယောင်နည်းနည်းလေးတောင်မပြမိပါစေနဲ့။မိထားတဲ့ငါးကိုဘယ်သူမှအစာမကျွေးတော့ဘူးဆိုသလိုပဲ သင်နဲ့ပြောဆိုဆက်ဆံရတာသူပျင်းသွားပါလိမ့်မယ်။ဒါမှမဟုတ် အချိန်တွေအကြာကြီးစောင့်လာပြီးမှ ပထမအဆင့်မှာပြောခဲ့သလို လိုသုံးအဆင့်ကိုလျှောကျသွားတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ Sex နဲ့ပက်သက်တဲ့လိုသုံးထက် sex မပါတဲ့လိုသုံးက ပိုပြီး နိမ့်ကျသလိုပိုပြီးလည်း နာကျင်ရပါလိမ့်မယ်။ အနည်းဆုံးတော့ sex နဲ့ ပက်သက်တဲ့လိုသုံးက သူကသင့်အပေါ်မှာ လေးစားစိတ်ရှိနိုင်ပါသေးတယ်။သင့်အနေနဲ့ မလိုချင်တော့ရင်လွယ်လွယ်လေးမလာပဲနေနိုင်မယ်ဆိုတာသူသိပါတယ်။ sex မပါပဲ ခံစားချက်သက်သက်နဲ့လိုသုံးဖြစ်နေရင်တော့ သင်ကသင့်စိတ်ကိုသင်မနိုင်တာကြောင့် သူ့နားကဘယ်တော့မှထွက်မသွားနိုင်ဘူးဆိုတာသူက သေသေချာချာသိထားပါတယ်။မှတ်ထားနော်။ သူ့ဘက်က စိတ်ခံစားချက်တွေထုတ်မပြမချင်း ကိုယ့်ဘက်ကအရင်ဘယ်တော့မှထုတ်မပြမိပါစေနဲ့။ဘယ်လောက်ချစ်ချစ်ရှိသင့်တဲ့မာနလေးတော့ကိုယ့်အတွက်ချန်ထားတာမမှားပါဘူး။

 

ကဲ အသည်းကွဲနေတဲ့ခရက်ရှ်ကိုအထာကျကျမိန်းမနောက်ပိုးလုပ်နိုင်ကြပါစေ 😛

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.