သင့်ချစ်သူဟာ အတ္တကြီးသူတစ်ယောက်ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ

ယာက်ျားလေးရယ်မိန်းကလေးရယ်မဟုတ်ပါဘူး။အတ္တကြီးတဲ့သူကတော့ မွေးကတည်းက ရေခံမြေခံကောင်းကောင်းနဲ့ပြုစုပျိုးထောင်လာတဲ့ အတ္တကိုဘယ်နည်းနဲ့မှ အမြစ်ဖြုတ်သုတ်သင်နိုင်ဖွယ်ရာမရှိပါဘူး။ ချစ်သူဆိုတော့လည်းလူဆိုတာက ချစ်မိပြီဆိုရင် မင်းကုသတောင်ပြေတီဦးနဲ့တူချင်တူလာတာမဟုတ်ပါလား။ ဒီတော့ကာ အပြစ်အနာအဆာတွေကိုအလွယ်တကူမမြင်နိုင်ဘူးပေါ့။မြင်တဲ့သူတွေကပြောရင်လည်း “ဒီမှာအဆင်ပြေနေပြီဆိုရင်လူတွေလာလာပြောတယ်”ဆိုတဲ့ သီရိဆွေနဲ့စိုင်းစိုင်းရဲ့သီချင်းလို ဘေးစကားတွေဘာညာနဲ့ပြောတဲ့သူတွေကပဲ သူတို့ချစ်နေတာမနာလိုလို့ဝင်ပြီးဂုန်းချောနေသလိုလိုဘာလိုလိုညာလိုလိုဟိုဟာလိုလိုဒီဟာလိုလိုတွေက အထင်ရောက်ကြသေးတာ။ဒါကြောင့် ကိုယ့်ထမင်းကိုယ်စားပြီးသူများကိစ္စတွေဝင်မပါတာကောင်းတယ်လို့လူကြီးသူမတွေကပြောကြတာပေါ့။ကိုယ်ဟာအတ္တကြီးတဲ့ချစ်သူတစ်ယောက်ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ တစ်ဘဝလုံးသူနဲ့အတူနေရမယ့်အနာဂတ်က ပိန်းပိတ်အောင်မှောင်နေပါပြီ။ ဒါကြောင့် ခုကတည်းက ကိုယ့်ချစ်သူဟာ အတ္တကြီးသူဟုတ်မဟုတ်ဆန်းစစ်ထားသင့်ပါတယ်။

 

သူက တစ်ဦးတည်းသောသားလား

ပြောရမှာစိတ်တော့မကောင်းပါဘူး။ဒါပေမယ့် တစ်ဦးတည်းသောသားအများစုဟာ မီးကုန်ယမ်းကုန်အလိုလိုက်ခံထားရတဲ့အတွက် အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်နေတတ်ကြပါတယ်။ တစ်ဦိးတည်းသောသားတိုင်းလို့မဆိုလိုပါဘူး။ဘယ်လိုကလေးမျိုးပဲဖြစ်ဖြစ် မိဘရဲ့ပြုစုပျိုးထောင်မှုပေါ်မှာမူတည်တာမို့ သူသင့်ကို သူ့အိမ်သားတွေနဲ့မိတ်ဆက်ပေးတဲ့အခါ သတိထားကြည့်ပါ။သူ့အထက်မှာအစ်မတွေရှိလား၊သူကအငယ်ဆုံးလား၊ဒါမှမဟုတ်သူက တစ်ဦးတည်းသောသားလားဆိုတာပေါ့။သူ့အိမ်သားတွေကသူ့ကိုဖူးဖူးမှုတ်အလိုလိုက်ထားကြပုံပေါ်လားဆိုတာတွေပါ ဂရုထားပြီးကြည့်ရပါမယ်။

 

သူ့ရဲ့စိတ်အခြေအနေ

သင့်ချစ်သူက စိတ်အတက်အကျလွယ်လား။ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးကိုတောင် ဒေါသူပုန်ထတတ်သူလား။ဒါမှမဟုတ် ဝမ်းနည်းလွယ်သူလား။ဆုံးဖြတ်ချက်ချတာမြန်သူလား။တဇွတ်ထိုးလုပ်တတ်သူလား စသဖြင့် သူ့ရဲ့စိတ်အခြေအနေတွေကလည်း သင်သတိထားကြည့်သင့်တဲ့အထဲမှာပါဝင်ပါတယ်။သင်တို့ချစ်သူသက်တမ်းကမကြာသေးရင်သူကသင့်အပေါ် ဟန်ဆောင်နေတာလည်းဖြစ်ချင်ဖြစ်နိုင်သလို သင်ကသူ့စိတ်ကိုအလုံးစုံအကဲမခတ်တတ်သေးတာလည်းအများကြီိးဖြစ်နိုင်ပါတယ်။ဒါကြောင့် သူ့သူငယ်ချင်းတွေကိုချဉ်းကပ်ပြီးသူ့အကြောင်းမေးကြည့်ပါ။

 

သူ့စကားအသွားအလာ

သူစကားပြောတဲ့အခါ စကားအသွားအလာကိုသတိထားကြည့်ပါ။ Aggressive ဖြစ်တဲ့ပုံပေါက်လား။ပိုင်စိုးပိုင်နင်းပြောဆိုတတ်လား။ ချစ်သူတွေမို့ ချစ်စနိုးနဲ့ပိုင်စိုးပိုင်နင်းပြောတာနဲ့ ငါတကောကောပြီးငါပြောတာနားထောင်ငါခိုင်းတာလုပ်ဆိုပြီးလက်အောက်ငယ်သားကို အမိန့်ပေးသလိုအာဏာပြတာနဲ့ကတော်တော်ကွာပါတယ်။သင်ကချစ်တဲ့မျက်လုံးနဲ့ကြည့်ရင်တော့မြင်မှာမဟုတ်ဘူးပေါ့လေ။ဒါကြောင့်တစ်ခါတစ်လေချစ်တဲ့စိတ်ကိုခွာပြီး အကဲခတ်ပါ။

 

သူ့ရဲ့သူများတွေအပေါ်ပြုမူပြောဆိုပုံ

ယောက်ျားတစ်ယောက်တကယ်ကောင်းတဲ့လူဟုတ်မဟုတ်သိချင်ရင် သင့်ကိုဘယ်လိုဆက်ဆံလဲဆိုတာကြည့်ရမှာမဟုတ်ဘူး၊သူ့ကိုဘာမှပြန်အကျိုးမပြုနိုင်တဲ့သူတွေကိုဘယ်လိုဆက်ဆံသလဲဆိုတာကြည့်ရမှာပါတဲ့။ဥပမာ သင်တို့ချိန်းတွေ့ကြတဲ့အခါ သူကသင့်လက်ဖမိုးလေးကိုနမ်းလို့သင့်ကိုကြင်နာပြနေပေမယ့် သူ့ပေါ်ကော်ဖီခွက်တွေဖိတ်ကျသွားတဲ့ စားပွဲထိုးလေးကိုကြမ်းကြမ်းတမ်းတမ်းအော်ဟစ်ဆဲဆိုနေခဲ့သလား ဒါမှမဟုတ် သင့်လက်ကိုကိုင်ပြီးလမ်းလျှောက်သွားနေရင်းနဲ့မှ သူ့ကိုဝင်တိုက်သွားတဲ့ လူကိုလက်ခလယ်ထောင်ပြလိုက်သလားဆိုတာမျိုးပေါ့။သူကသင့်ကိုချစ်လို့သင့်အပေါ်ကောင်းတယ်ဆိုတာအများကြီးဖြစ်နိုင်ပါတယ်။ဒါပေမယ့် သူမချစ်တဲ့ပုံမှန်လူတွေကိုရောသူဘယ်လိုဆက်ဆံသလဲဆိုတာကြည့်ပါ။တစ်ချိန်ချိန်အချစ်တွေကုန်သွားပြီး သစ္စာတွေပဲကျန်ခဲ့တဲ့အခါ သင့်ကိုသူဆက်ဆံပုံက အခြားသောလူတွေကိုဆက်ဆံသလိုပဲဖြစ်လာမှာမို့ပါ။

 

သူ့မိဘတွေကိုသူဘယ်လိုသဘောထားသလဲ

သူ့အိမ်ကိုအမြဲလိုအပြစ်တင်နေတတ်သူဆိုရင်တော့ သင့်လူ(သင့်ရဲ့လူလို့ပြောတာနော် စာရေးဆရာသင့်လူနဲ့လားလားမျှမဆိုင်ပါ) ဟာ သိပ်ပြီးအခြေအနေမဟန်ပါဘူး။ သူ့မိဘတွေကသူ့ကိုဘယ်လိုဖြစ်လို့ သူ့မှာဒီဘဝရောက်နေရတာ၊သူကအမှန်ဆိုရင်ဒီထက်ကောင်းတဲ့ဘဝကိုရနေရမှာဆိုတာမျိုးတွေကိုအမြဲလိုလိုညည်းညူနေတတ်တယ်ဆိုရင်တော့ သူဟာ တစ်ဘို့တည်းကြည့်တဲ့ တစ်ကိုယ်ကောင်းသမားဆိုတာအမှန်ပါ။ တစ်ချိန်ချိန်မှာ အခြားငယ်ငယ်ရွယ်ရွယ်ချောချောလှလှကောင်မလေးတစ်ယောက်ရှေ့မှာ သင်ကဘယ်လောက်ဆိုးကြောင်း အမှန်ဆိုသူ့မှာဒီိထက်ပိုကောင်းတဲ့ဘဝမျိုးကိုရနေရမှာဖြစ်ကြောင်းကြွေလောက်အောင်ပြောနေမယ့်ယောက်ျားမျိုးဖြစ်တာကြောင့်ပါ။

 

ဒီအချက်တွေကို ကြည့်ပြီး သင့်ချစ်သူကိုမသိမသာအကဲခတ်ခြင်းဖြင့် တစ်ကိုယ်ကောင်းဆန်တဲ့ယောက်ျားမျိုးနဲ့ကင်းဝေးပြီး ပျော်ရွှင်လှပတဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေ အမျိုးသမီးတို့ရေ။

150 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.