သင့်ချစ်သူကောင်လေးကို မမေးသင့်တဲ့မေးခွန်းတွေ

သဘာဝတရားကြီးရဲ့ဖန်ဆင်းမှုအရ ယောက်ျားလေးနဲ့မိန်းကလေးတွေဟာ လူဆိုတဲ့ဖြစ်တည်မှုကလွဲရင် ဘာမှတူကြတာမဟုတ်ပါဘူး။ခန္ဓာကိုယ်ချင်းကွဲပြားရုံမက စိတ်အနေအထားခြင်းပါ မတူညီကြပါဘူး။ဒါပေမယ့် မိန်းကလေးအများစုက ဒါကိုလျစ်လျူရှုထားမိပြီး လူတိုင်းကိုကိုယ့်လိုပဲလို့ယုံမှတ်ကာ မပြောသင့်မမေးသင့်တာတွေမေးမိပြောမိတတ်ပါတယ်။ကိုယ်နဲ့သိပ်ကိုရင်းနှီးတဲ့ အဖေလိုအစ်ကိုလိုလူတွေအတွက်ကိစ္စမရှိပေမယ့် ကိုယ်နဲ့သိပ်မရင်းနှီးသေးတဲ့သူတွေ ကိုယ်ကကြိတ်ကြွေနေရတဲ့သူတွေဆိုရင်တော့ သူတို့နဲ့ဆက်ဆံရေးကောင်းမွန်ဖို့အတွက် အပြောအဆိုအနေအထိုင်ကိုဂရုစိုက်ဖို့လိုလာပြီပေါ့နော်။ကိုယ့်ချစ်သူပဲဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းပဲဖြစ်ဖြစ်ယောက်ျားတစ်ယောက်မဖြေချင်တဲ့မေးခွန်းတွေဆိုတာသီးသန့်ကိုရှိနေပါတယ်။ အဲဒါတွေကတော့….

 

ငါတို့ကဘာတွေလဲ

 

ဒါက ချစ်သူမကျသူငယ်ချင်းမကအခြေအနေတွေမှာ ကောင်မလေးတွေကကောင်လေးတွေကိုမေးချင်လွန်းလို့ရွစိတက်နေတဲ့မေးခွန်းပါ။ကောင်မလေးအများစုက ထိန်းချုပ်နိုင်ပေမယ့် သိပ်ပြီးဆိုရှယ်ကျတဲ့ ရဲတင်းပွင့်လင်းတဲ့မိန်းကလေးအချို့ကတော့ ဒဲ့ပဲမေးထည့်လိုက်တတ်ပါတယ်။ယောက်ျားလေးတွေကဒီလိုမေးခွန်းမျိုးကိုမကြိုက်ပါဘူး။သူကသင်နဲ့ချစ်သူဖြစ်ဖို့ဆန္ဒရှိရင် သူ့ဘက်ကအရင်ဖွင့်ပြောပါလိမ့်မယ်။အဆင်သင့်မဖြစ်သေးတာကြောင့် မပြောသေးတာပါ။သင့်အနေနဲ့သူပြောလာတာကိုမစောင့်နိုင်ဘူးဆိုရင်လည်း သင့်သဘောပါ။ ဘယ်တော့မှ ဒီလိုမေးခွန်းမျိုးကိုဖွင့်မမေးလိုက်ပါနဲ့။

 

ရှင့်မှာ စုငွေဘယ်လောက်ရှိလဲ၊လစာဘယ်လောက်ရလဲ

ယောက်ျားလေးတွေမှမဟုတ်ပါဘူး။မိန်းကလေးတွေလည်းမကြိုက်ပါဘူး ဒီလိုမေးခွန်းမျိုးကို။စုငွေတို့လစာတို့ဆိုတာ လူတစ်ယောက်ကသူ့ဘဝမှာဘယ်အခြေအနေကိုရောက်နေပြီလဲဆိုတာပြတဲ့သင်္ကေတတွေပါ။ တစ်နည်းအားဖြင့် သူဘယ်လောက်သုံးနိုင်သလဲဘယ်လောက်အင်အားရှိသလဲဆိုတာ ဒီလစာတို့စုငွေတို့နဲ့ဆုံးဖြတ်တာပါ။ ဒါမျိုးက သိပ်ကိုပုဂ္ဂလိကဆန်တဲ့မေးခွန်းမျိုးလည်းဖြစ်တာကြောင့်ရိုင်းပျတယ်လို့သတ်မှတ်ခံရပါတယ်။မမေးသင့်ပါနော်။သင့်ချစ်သူဆိုရင်လည်း သူ့ကိုချစ်တာလား ပိုက်ဆံကိုချစ်တာလားလို့တွေးသွားနိုင်ပါတယ်။လက်ထပ်ပြီးရင်တောင် သူ့ပိုက်ဆံကိုယ့်ပိုက်ဆံခွဲပြီးသုံးတဲ့ အိမ်ထောင်ရေးတွေဟာ ပိုပြီးခိုင်မြဲတတ်တာမို့ တတ်နိုင်သမျှသူတစ်ပါးရဲ့ငွေရေးကြေးရေးကိုမစပ်စုမိပါစေနဲ့။

 

ရှင့်ရည်းစားဟောင်းအကြောင်းပြောပြစမ်းပါ

ဒီလိုမေးခွန်းမျိုးကိုယောက်ျားလေးတွေက သရဲထက်ပိုကြောက်ပါတယ်။မကြောက်လို့ရမလား။ဒါက ရစ်ဖို့အတွက်အစပျိုးတာလေ။စမေးတုန်းကတော့ သိချင်ရုံသက်သက်ဖြစ်ကောင်းဖြစ်မယ်။ဒါပေမယ့် နားထောင်နေရင်းတဲ့သူ့ရည်းစားဟောင်းအကြောင်းပြန်ပြောင်းပြောပြနေတဲ့သူ့အမူအရာကိုကြည့်ပြီး နေပါဦးသူကအဲ့မိန်းမကိုချစ်နေတုန်းလားလို့သံသယဝင်တာက မိန်းကလေးတိုင်းဖြစ်နေကြပါ။ဒီလိုမေးခွန်းမျိုးက “သွား..အဲ့တစ်ယောက်ဆီပြန်သွားတော့”ဆိုပြီး စိတ်ကောက်ခြင်းနဲ့သာအဆုံးသတ်လေ့ရှိကြတာမို့ ယောက်ျားလေးတွေအနေနဲ့မဖြေချင်ဆုံးမေးခွန်းတွေပါ။

 

အဲ့တစ်ယောက်ဘယ်လိုနေလဲ/အဲ့ကောင်မလေးလှလား

လမ်းမှာတွေ့တဲ့ကောင်မလေးကိုမသိမသာမေးထိုးပြပြီးမေးတာမျိုးကလည်း ယောက်ျားလေးတွေကိုစိတ်ရှုပ်စေပါတယ်။ သူက လှတယ်လို့ဖြေရင်လည်း အရစ်ကရှည်ဦးမယ်၊မလှဘူးလို့ဖြေရအောင်ကလည်းသူများကိုအလကားနေရင်း Bad comments တွေပေးပစ်တာကမလုပ်သင့်တဲ့အရာပဲ။ မဆိုးပါဘူးလို့ဖြေမိရင်တော့ပိုဆိုးသွားပြီ။ဒါကြောင့် ဟိုကောင်မလေးဘယ်လိုနေလဲတို့ဘာတို့ သင့်ချစ်သူကိုလုံးဝမမေးပါနဲ့။ဒါမျိုးက မိန်းကလေးချင်းသာလုပ်သင့်တဲ့အရာပါ။နောက်တစ်ခုရှိသေးတယ်။လမ်းမှာသိပ်လှတဲ့ကောင်မလေးတွေကိုသူလိုက်ငေးတိုင်း သွားလိုက်သွားသွား..ဆိုပြီးတွန်းထုတ်တာမျိုးပါ။ အဲ့ဒါက ရုပ်လည်းပျက်သလို သူ့ကိုလည်းစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။သင့်ကိုချစ်လို့သာသင်နဲ့တွဲနေတာပါ။အဲ့ဒီ့ကောင်မလေးကိုချစ်မှတော့သူနဲ့ပဲသွားတွဲမှာပေါ့။

 

ကျွန်မကိုရှင့်မိဘတွေနဲ့ဘယ်တော့မိတ်ဆက်ပေးမှာလဲ

ဒါကလည်း စိတ်အနှောက်အယှက်ဖြစ်စရာမေးခွန်းတွေထဲကတစ်ခုပါ။မိဘတွေနဲ့မိတ်ဆက်ပေးတာနဲ့ သင်တိုရဲ့ဆက်ဆံရေးကခိုင်မာပြီလို့မတွေးပါနဲ့။သူ့မိဘတွေမကလို့ တစ်ရပ်ကွက်လုံးနဲ့ပဲမိတ်ဆက်ပေးထားထား သူမချစ်တော့ရင်မတတ်နိုင်ဘူးပဲကို။သူ့ဘက်ကအဆင်သင့်ဖြစ်ရင်မိတ်ဆက်ပေးပါလိမ့်မယ်။ယောကျားတွေဟာ ဂျစ်ကန်ကန်သတ္တဝါတွေပါ။သူ့အနေနဲ့ သင့်ကိုသူ့အိမ်နဲ့မိတ်ဆက်ပေးဖို့ စဉ်းစားထားပြီးသားဖြစ်နေရင်တောင်မှ သင့်ဘက်ကဖွင့်မေးတဲ့အခါ ဖိအားပေးသလိုခံစားရလို့ ဆန့်ကျင်ဘက်လုပ်ရင်လုပ်ဦးမှာပါ။

 

ဒါတွေကတော့ ယောက်ျားလေးတွေအဓိကအားဖြင့်မကြိုက်တဲ့မေးခွန်းတွေပါ။ကိုကိုတွေမောင်မောင်တွေကိုမမေးမိအောင်သတိထားလို့ရပြီပေါ့နော်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.