ပျိုမေတိုင်း လက်မထပ်မီသိထားသင့်တဲ့အရာတွေ

ပွင့်လင်းရာသီရောက်လာပြီဆိုတော့ လက်ထပ်ပွဲတွေကလည်း စပွန်ဆာနဲ့လုပ်နေတယ်ထင်ရအောင်ကိုအလျိုအလျိုလုပ်နေကြပြီပေါ့။ လာလိုက်တဲ့ဖိတ်စာတွေဆိုတာလည်း အကုန်စုထပ်၊သားရေကွင်းနဲ့ပတ်ပြီး ကောက်ရိုက်ရင်တောင်လူတစ်ယောက်လောက်က အေးအေးကလေးသေတယ်။သဘောပြောတာပါသဘောပြောတာပါ။ လက်ထပ်တာဟာ လုပ်သင့်တဲ့အရာပါပဲ။ ဘဝကိုရဲရဲဝံ့ဝံ့ဖြတ်သန်းဖို့ အားကိုးမှီတွယ်လို့ရတဲ့လက်တစ်စုံကိုယ့်ဘဝထဲဝင်ရောက်လာတာပဲ။ မကောင်းတာဘာရှိမလဲ မဟုတ်ဘူးလား။ ဒါပေမယ့် ပျိုမေတိုင်း လက်မထပ်ခင် သိထားသင့်တဲ့အရာတွေကလည်း ရှိနေပါသေးတယ်။ တကယ်တမ်းက ပျိုမေတိုင်းလို့သာပြောရတယ် ယောက်ျားလေးတွေနဲ့လည်းဆိုင်ချင်ဆိုင်လို့ရမယ်ထင်ပါတယ်။ဘာတွေလဲဆိုတော့….

 

လက်ထပ်ပြီးသွားရင် ရေငုံနှုတ်ပိတ်မနေပါနဲ့

စိတ်ကောက်တယ်ကောက်တယ်၊ဖုန်းတွေပိတ်တယ်၊messenger မှာ block တယ်။ဟိုကလည်းအသည်းနဲ့မှအသန်တွေချော့တယ်။ဒါတွေက ချစ်သူဘဝရဲ့ရင်ခုန်ကြည်နူးစရာတွေပါ။ချစ်သူဘဝမှာပဲထားခဲ့သင့်တဲ့အရာတွေလည်းဖြစ်တယ်။လက်ထပ်ပြီးသွားရင် ဇနီးမောင်နှံဘဝမှာ ရေငုံနှုတ်ပိတ်နေတဲ့စိတ်ကောက်ခြင်းကအလုပ်မဖြစ်ပါဘူး။သူကလည်း ချစ်သူဘဝတုန်းကလို ချော့မယ်မဟုတ်တော့ပါဘူး။သင့်ကိုရပြီးဖြစ်လို့အချိန်တန်စိတ်ဆိုးပြေမှာပဲဆိုပြီး စိတ်အေးလက်အေးရှိတာကတစ်ကြောင်း သင့်ကိုတင့်တောင့်တင့်တယ်ထားဖို့အတွက်အလုပ်တွေများနေမှာကတစ်ကြောင်းကြောင့်ပါ။လက်ထပ်ပြီးစကတည်းကချော့ရင် နောက်အကျင့်ပါပြီးတစ်သက်လုံးချော့နေရမယ်လို့တွေးရင်လည်းတွေးမှာပေါ့လေ။ထားပါတော့။ပြောချင်တာက ပါးစပ်ကြီးပိတ်ပြီးစိတ်ကောက်နေတာထက် ဒါကိုတော့မကြိုက်ဘူးနောက်မလုပ်နဲ့ဆိုတာမျိုး ပွင့်ပွင့်လင်းလင်းပြောချလိုက်တာက ပိုကောင်းပါတယ်။တစ်ခါတစ်လေ ယောက်ျားတွေက သူတို့ဘာအမှားလုပ်ထားမိလို့လုပ်ထားမိမှန်းတောင်မမှတ်မိတတ်တဲ့ သတ္တဝါတွေပါ။

 

လူပျိုလူလွတ်ကို ပိုပြီးလက်ထပ်သင့်ပါတယ်

အိမ်ထောင်သည်တွေ မုဆိုးဖိုတွေကိုလက်ထပ်မယ်ဆိုရင်တော့ မရဘူးလို့မဆိုလိုပါဘူး။လူပျိုတစ်ယောက်ကိုယူတာထက် ပိုပြီးကိစ္စကြီးငယ်ရှုပ်ထွေးပွေလီမှာအမှန်ပါပဲ။ဒါတွေကိုကိုယ်ကသည်းခံနိုင်ပါ့မလားဆိုတာကရှိပါသေးတယ်။ကလေးတွေပါလာရင်ပိုဆိုးမယ်မဟုတ်လား။ဒါကြောင့်လူကြီးမိဘတွေစကားကိုမပယ်ရှားပဲ တတ်နိုင်သမျှ လူပျိုလူလွတ်တွေကိုသာစဉ်းစားပါ။

 

လက်ထပ်ပြီးချိန်ကစ ငါ့ဟာ ဆိုတာမရှိတော့ပါဘူး

ငါ့ဟာဆိုတာ သင့်ယောက်ျားကလွဲပြီးမရှိတော့ဘူးလို့မှတ်ပါ။ ငါ့ပိုက်ဆံမဟုတ်တော့ဘူး ငါတို့ပိုက်ဆံ၊ငါ့အချိန်တွေမဟုတ်တော့ဘူး မိသားစုအချိန်တွေ၊စသဖြင့် ဘာမဆို တစ်ယောက်ကနေနှစ်ယောက်ဖြစ်သွားပြီဆိုတာနဲ့ ကျန်တဲ့တစ်ယောက်အတွက်ပါထည့်စဉ်းစားရတော့မှာ ဖြစ်သင့်တဲ့အရာပါ။သင့်ရဲ့လွပ်လပ်မှုတွေ၊အချိန်တွေ၊ပိုက်ဆံတွေ အရာအားလုံးကို တစ်ဦးတည်းပိုင်အဖြစ်ကနေ မိသားစုပိုင်ဆိုတဲ့ခေါင်းစဉ်နဲ့ ဝါးမျိုခံလိုက်ရတော့မှာပါ။တန်ရဲ့လားပြန်စဉ်းစားပါ။

 

သင်လက်ထပ်မယ့်သူဟာ ရေးလက်စပန်းချီကားတစ်ချပ်မဟုတ်တာသတိပြုပါ

ငါနဲ့ယူပြီိးရင်ဘယ်လိုပြောင်းလဲပေးလိုက်မယ်တို့ ငါနဲ့ယူပြီးရင်အချိုးတွေပြင်ခိုင်းရမယ်တို့ ငါနဲ့ယူပြီးရင်ဆေးလိပ်ဖြတ်ခိုင်းမယ် အရက်ဖြတ်ခိုင်းမယ် ဘာညာဆိုတဲ့ မျှော်မှန်းချက်တွေကိုလွှင့်ပစ်လိုက်ပါ။ သင်လက်ထပ်မယ့်သူဟာဆောက်လက်စတိုက်တစ်လုံးမဟုတ်သလို ဆွဲလက်စပန်းချီကားတစ်ချပ်လည်းမဟုတ်ပါဘူး။သူ့အပေါ်မကြိုက်တာတွေရှိရင် လက်မထပ်မီကတည်းကကြိုပြင်ခိုင်းပါ။မရရင်လက်မထပ်ပါနဲ့။ သင့်ကိုမရသေးခင်ကတောင် သင့်အကြိုက်မလိုက်နိုင်ပဲသူ့အတွက်သူ အတ္တကြီးနေတဲ့သူဟာ သင့်ရဲ့အိမ်ထောင်ဦးစီး ဖူးစာဖက် ဘယ်လိုမှကိုမဖြစ်ထိုက်ပါဘူး။ သင်နဲ့လက်မထပ်ခင်တစ်နှစ်လောက်အလိုကတည်းက သူဟာသင့်စိတ်ကြိုက်အရာရာအဆင်သင့်ဖြစ်နေသင့်ပါတယ်။

 

လက်ထပ်တယ်ဆိုတာ နှစ်ယောက်ကြားကအရာသက်သက်ပါ

လူအများစုက လက်မထပ်ခင်ရည်းစားဘဝကတည်းက သူတို့ကြားကအဆင်မပြေတာတွေကိုသူငယ်ချင်းတွေမိဘတွေကိုတိုင်ပင်လေ့ရှိကြပါတယ်။ဒါက ချစ်သူဘဝမှာဆိုရင်တော့ မပြောပလောက်ပေမယ့် လက်ထပ်ပြီးသွားပြီဆိုရင်တော့ အရာရာဟာသင်နဲ့ပဲသက်ဆိုင်သွားပါပြီ။ ဒါကြောင့် အတွင်းမီးအပြင်မထုတ်စေနဲ့ ဆိုတဲ့စကားအတိုင်း သင်တို့ကြားကပြဿနာတွေကို တစ်ဆင့်စကားနဲ့လှည့်ပတ်ပြောမနေပဲ မျက်နှာချင်းဆိုင်ဖြေရှင်းပါ။ အတွင်းမီးအပြင်ထုတ်လို့ မီးစကငြိမ်းသွားမှာမဟုတ်တဲ့အပြင်ပိုပြီးအရှိန်ကောင်းကောင်းနဲ့တောက်လောင်လာနိုင်ပါတယ်။

 

ကလေးယူဖို့အချိန်စောင့်ပါ

လက်ထပ်ပြီးပြီးချင်း Honeymoon Baby ယူလိုက်တယ်ဆိုတာ ဖြစ်လေ့ရှိတဲ့အရာတစ်ခုပါ။ ဒါပေမယ့်ကလေးက ဘယ်အချိန်ယူယူရပါတယ်။ လက်ထပ်ပြီိးချက်ချင်းတန်းယူလိုက်တဲ့အခါ အထိုင်မကျသေးတဲ့ အိမ်ထောင်ရေးမှာ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရခြင်းအလုပ်ပါပိုလာတာမို့ ပဋိပက္ခပေါင်းများစွာဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် နှစ်အနည်းငယ်ကလေးနဲ့ စလယ်ဝင်ဖင်မမည်းခင်ကွဲတတ်ပါတယ်။ဒါကြောင့် ကလေးယူဖို့အချိန်စောင့်ပါ။လက်ထပ်ပြီးသုံးနှစ်နဲ့ငါးနှစ်နောက်ပိုင်းမှ ကလေးယူတာကစီးပွားရေးအရရော စိတ်ဓာတ်ရေးရာအရပါအသင့်တော်ဆုံးပါပဲ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.