လုံခြုံစိတ်ချရတဲ့ ချစ်သူဘဝရအောင် ဘယ်လိုတည်ဆောက်ယူကြမလဲ

လုံခြုံစိတ်ချရတဲ့ခံစားမှုဆိုတာ ပင်လယ်ကမ်းခြေမှာလှိုင်းစီးနေရင်းအောက်ကခြေထောက်လွတ်သွားလည်း ကိုယ့်ကိုယ်ကယ်မယ့်သူအဆင်သင့်ရှိနေတယ်ဆိုတဲ့ အားကိုးယုံကြည်မှုမျိုးနဲ့ ဘယ်အရာကိုလုပ်လုပ်ရဲတင်းနေခြင်းပါ။ ဒါက ပိုက်ဆံကပေးတဲ့ စိတ်ချရမှု၊ကိုယ်ကာယအားကြီးသန်မာခြင်းကပေးတဲ့ စိတ်ချရမှုတွေနဲ့တော်တော်လေးကွာပါတယ်။သူ့ထက် ရုပ်ရည်အားဖြင့်အပုံကြီးအားနည်းနဲ့ လူတစ်ယောက်ကိုလက်ထပ်ယူလိုက်တဲ့ အစ်မတစ်ယောက်ကို မေးကြည့်ဖူးတယ်။ဘာကြောင့် ဒီလူကိုယူလိုက်တာလဲပေါ့။ သူဖြေတဲ့အဖြေကစဉ်းစားစရာပဲ။ ပြီးတော့ လက်ခံနိုင်စရာပဲ။သူ့ဘက်ကတော့ ငါ့ကိုဘယ်တော့မှစပြီး လမ်းခွဲမသွားဘူး ပစ်မသွားဘူးဆိုတဲ့ ခံစားချက်က အရမ်းကိုစိတ်လုံခြုံမှုရစေတယ်တဲ့။ စိတ်လုံခြုံမှုဆိုတာ အေးချမ်းမှု၊ပျော်ရွှင်မှုနဲ့ စိတ်ချလက်ချဖြစ်မှုတွေရောစပ်ထားတဲ့ခံစားချက်ပါ။သိပ်ကိုကံကောင်းတဲ့လူတွေမှ ရနိုင်တဲ့ ခံစားချက်မျိုးပေါ့။ ထားပါတော့။ဒီလိုနှစ်ဦးနှစ်ဖက်အပြန်အလှန်စိတ်လုံခြုံမှုရစေတဲ့ ကြည်နူးသာယာတဲ့ ချစ်သူဘဝမျိုးပိုင်ဆိုင်ဖို့ဘယ်လိုကြိုးစားကြမလဲဆိုတာလေးတွေဖော်ပြပေးထားပါတယ်။

 

အချိန်ယူပါ

အဓိကကတော့အချိန်ပါပဲ။အချိန်တွေအကြာကြီးတွဲလာတဲ့စုံတွဲတွေမှာ အပြန်အလှန်ယုံကြည်စိတ်ချမှုတွေပိုရှိကြတယ်။ချစ်သူဖြစ်စနှစ်လသုံးလမှာ သူကတော့ ငါ့ကိုဘယ်တော့မှ လမ်းခွဲမှာမဟုတ်တော့ပါဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်လေ့ရှိကြပေမယ့် ဒါကတကယ့်စိတ်လုံခြုံမှုမဟုတ်ပါဘူး။ ဟော်မုန်းတွေတအားထွက်နေတဲ့အချိန်မှာဖြစ်ပေါ်တဲ့ မျက်ကန်းတစ္ဆေမကြောက်အချစ်မျိုးပါ။ အဲဒီ့အချိန်မှာ ခန္ဓာကိုယ်က အောက်စီတိုဇင်လို့ခေါ်တဲ့ဟော်မုန်းတွေထုတ်လွှတ်မှုအားကောင်းနေတာမို့ သာမန်ရွက်ကြမ်းရေကျိုရုပ်နဲ့ သင့်ရည်းစားကိုလည်း လီမင်ဟိုထက်ချောတယ်ထင်ရင်ထင်နေနိုင်ပါတယ်။အပြစ်အနာအဆာတွေကိုရှာမတွေ့သေးတဲ့အချိန် တွေ့လည်းအသိအမှတ်မပြုပဲ ပြီးပြည့်စုံတယ်ပဲထင်နေတဲ့အချိန်ပေါ့။ တကယ့်တကယ်လုံခြုံစိတ်ချရတဲ့ခံစားမှုမျိုးရဖို့က အနည်းဆုံးအချိန်နှစ်နှစ်လောက်တော့လိုနိုင်ပါတယ်။

 

အနေအထိုင်ဆင်ခြင်ပါ

စိတ်မကောင်းစရာပါပဲ။အနေအထိုင်ဆင်ခြင်တဲ့ကိစ္စဟာ ကိုယ်တစ်ယောက်တည်းနဲ့မပြီးပါဘူး။ တစ်ဖက်လူကလည်း ထပ်တူလိုက်လံလုပ်ဆောင်ပေးနိုင်မှပါ။စဉ်းစားကြည့်လေ။ကိုယ့်ချစ်သူက social ကျတယ်။ကောင်မလေးတွေနဲ့တရုံးရုံးတလုံးလုံးတထွေးထွေး အဲ့လိုဆိုရင်ဘယ်လောက်နှစ်တွေကြာလာလည်း ဘယ်သူက သူငါ့ကိုဘယ်တော့မှပစ်သွားမယ်မဟုတ်ပါဘူးလို့ယုံကြည်စိတ်ချနိုင်ပါ့မလဲ။

 

ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပါ

ဒါကတော့ ချစ်သူစုံတွဲတိုင်းလုပ်သင့်တဲ့အရာမို့ အကျယ်ပြောနေစရာလိုမယ်မထင်ပါဘူး။ အတိတ်ကတွဲခဲ့တဲ့သူတွေကအစ မိသားစုပြဿနာတွေအဆုံး ချစ်သူကိုပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ပါ။လျို့ဝှက်ချက်ထားတယ်ဆိုတာ Facebook account password ကလွဲလို့မကောင်းပါဘူး။ A little secret is sexy ဆိုပေမယ့် a lot of secrets can kill your relationship slowly ပါ။ မဖြစ်စလောက်လျို့ဝှက်ချက်လေးတွေက ကိစ္စမရှိဘူးလို့ထင်ရပေမယ့် လျို့ဝှက်ချက်သေးသေးလေးတွေကစုပေါင်းပြီး လျို့ဝှက်ချက်အကြီးကြီးတစ်ခုအသွင်ဖြစ်လာတဲ့အခါ သင့်ချစ်သူကို သင်နဲ့အဝေးဆုံးကိုတွန်းပို့လိုက်ပါလိမ့်မယ်။

 

အတိတ်ကိုအတိတ်မှာထားခဲ့ပါ

အတိတ်ဆိုတဲ့နေရာမှာ သူငယ်ငယ်က အနိုင်ကျင့်ခံရဖူးတာတို့ဘာတို့ကအစ အချစ်ဦးအတွက်ဘယ်လိုအနစ်နာခံပေးဖူးတယ်ဆိုတာတွေရော Facebook ရဲ့ On this day မှာတက်လာတဲ့ memories တွေပါပါဝင်ပါတယ်။တချို့ကရှိသေးတယ်၊ကိုယ်နဲ့မတွေ့ခင်တစ်နှစ်ကတွဲခဲ့တဲ့သူအကြောင်း Facebook မှာတင်ထားတာတွေပြန်တွေ့ရင် သဝန်တွေကောက်တိုပြီး သူ့ကိုကျတော့ အဲ့လိုတွေတင်ပေးတယ်၊ငါနဲ့ကျတော့မတင်ပေးဘူး၊သူ့ကိုပိုချစ်တာမဟုတ်လား ကနေစပြီး ခုထိချစ်နေတုန်းပဲမဟုတ်လား ဆိုတာရော နောက်ဆုံး..သွား အဲ့မိန်းမဆီပြန်သွားလိုက်တော့ဆိုတာနဲ့ အဆုံးသတ်လေ့ရှိကြပါတယ်။ ဒီတော့ ပြီးခဲ့တာတွေကိုပြန်အစဆွဲထုတ်ပြီးရစ်မယ့်အစား ရှေ့လျှောက်တွဲလက်တွေမြဲအောင်ဘယ်လိုနေကြရင်ကောင်းမလဲဆိုတာမျိုး တိုင်ပင်နေတာက အချိန်ကိုအကျိုးရှိစွာအသုံးချခြင်းမဟုတ်ဘူးလား။

 

ပြဿနာကိုမီးခွက်ထွန်းပြီးမရှာပါနဲ

တစ်ခါတစ်လေ ချစ်သူဘဝဟာ သိပ်ကိုသာယာဖြောင့်ဖြူးနေပြီး နေသာလေလာတဲ့နေ့ရက်တွေချည်းဖြတ်သန်းနေရတဲ့အခါ ပျင်းလာတာတို့ သူချစ်မှချစ်သေးရဲ့လားတို့ တောင်တောင်အီအီတွေလျှောက်တွေးပြီး မရှိတဲ့ပြဿနာကိုရှာတာ၊တစ်ဖက်လူသဝန်တိုအောင်တမင်နေထိုင်ပြတာမျိုးတွေမလုပ်မိပါစေနဲ့ ။ပြောပါပေရဲ့နော်။အဲ့ဒီ့အပြုအမူတွေဟာ အခန့်မသင့်ရင် အချိန်တွေအကြာကြီးချည်နှောင်ထားတဲ့ကြိုးတွေကို ကတ်ကြေးထက်ထက်နဲ့ဖြတ်လိုက်သလို တိခနဲပြတ်သွားစေပါတယ်။

 

အကောင်းမြင်ဝါဒထားပါ

ဒါကတော့ တစ်ယောက်ထဲပဲနေနေ ချစ်သူပဲရရ လက်ကိုင်ထားကျင့်ကြံသင့်တဲ့အရာတစ်ခုပါ။သင့်ချစ်သူကို အလကားနေရင်သံသယမျက်လုံးနဲ့လိုက်ကြည့်နေခြင်းက သင့်ကိုလည်းပူလောင်စေသလိုသင့်ချစ်သူကိုလည်း အသက်ရှုကျပ်စေပါတယ်။ကြာရင်ပင်ပန်းလာပြီး သင်နဲ့ဝေးရာကိုသူသေချာပေါက်ထွက်သွားပါလိမ့်မယ်။ဒါကြောင့် ဘာပဲဖြစ်ဖြစ် ရှင်းပြတာကိုနားထောင်တာ သူများဘက်ကဖြည့်တွေးပေးတာတွေက သင့်စိတ်ကိုအေးချမ်းစေပြီး သင့်ချစ်သူကပိုချစ်တာလည်းခံရစေမှာပါ။

 

တကယ်တမ်းမှာ လုံခြုံစိတ်ချရတဲ့ချစ်သူဘဝမျိုးရဖို့မကြိုးစားခင် တည်မြဲတဲ့အချစ်ရေးရဖို့ အရင်ကြိုးစားရမယ့်အဆင့်ကိုတောင် မကျော်ဖြတ်နိုင်သေးသူတွေအများကြီးမို့ တစ်ခုခုအဆင်မပြေတိုင်း စိတ်ဓာတ်မကျပါနဲ့။မနက်ဖြန်ပေါင်းများစွာရှိနေပါသေးတယ်လို့…

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.