မပေါင်းသင့်မပေါင်းအပ်တဲ့ သူငယ်ချင်းအမျိုးအစားတွေ

လူမိုက်ဆိုလျှင်ရှောင်သွေလွဲလို့ မမှီဝဲနဲ့ကင်းအောင်နေ ဆိုတာ ဘုရားဟော ၃၈ ဖြာ မင်္ဂလာတရားတော်မှာတောင်ရှိသေးမဟုတ်လား။ကိုယ်တို့ဟာ ကိုယ်တို့ပေါင်းသင်းဆက်ဆံနေတဲ့သူတွေအားလုံးကိုရောမွှေထားတဲ့ပုံစံတစ်ခုပါတဲ့။ဘယ်လောက်ပဲကိုယ်ပေါင်းစိတ်ခွာလို့ပြောပြော အဆုံးမတော့ ကိုယ်ပေါင်းနေတဲ့သူတွေရဲ့စိတ်နေစိတ်ထားတွေပုံစံတွေက ကိုယ်တွေရဲ့စိတ်ထဲကို တစ်စက်ချင်းစီတစ်ရက်ချင်းစီစိမ့်ဝင်နေတာပါပဲ။ ဒါကြောင့် ကိုယ်ပေါင်းတဲ့သူတွေကိုသေချာရွေးတတ်ဖို့အရေးကြီးပါတယ်။ဘယ်လိုအခြေအနေမျိုးမှာမဆိုမပေါင်းအပ်တဲ့သူတွေကတော့…

 

အတင်းအုပ်တတ်သူ

အတင်းပြောတတ်သူတွေက နံပါတ်တစ်ရှောင်ရမယ့်စာရင်းထဲမှာပါပါတယ်။ သူတို့ကစကားအသယ်အပို့လည်းအင်မတန်ကျင်လည်တာကြောင့် သူတို့စကားကိုကိုယ့်စကားလုပ်ပြီးဘေးပတ်ဝန်းကျင်ကလူတွေနဲ့သင်နဲ့ကိုရန်လှည့်တိုက်ပါလိမ့်မယ်။ဒါကြောင့်အတင်းပြောတဲ့သူတွေနဲ့ပေါင်းမယ့်အစား ခွေးတစ်ကောင်ပဲမွေးထားလိုက်ပါ။နားညည်းလည်းသက်သာ အကာအကွယ်လည်းရ။

 

ဆွဲဆောင်တတ်သူ

သူတို့ကသင့်ကို သင်မလုပ်ချင်တာတွေကိုစကားချိုချိုလေးတွေနဲ့ မရရအောင်ဆွဲဆောင်မယ့်သူတွေပါ။ သူတို့ကြိုက်တဲ့ရုပ်ရှင်အတူတူသွားကြည့်ရအောင်တို့ ဟိုနှုတ်ခမ်းနီလေးဆင်တူဝယ်ရအောင်တို့ ဘယ်သူ့ကိုပြန်ကြိုက်လိုက်ပါလားတို့ ပျက်စီးရာပျက်စီးကြောင်းကို ပန်းရထားနဲ့ တွန်းပို့မယ့်သူတွေ အဆင်းဘီးတပ်ပေးမယ့်သူတွေပါ။ သူတို့က ပိုက်ဆံချေးဖို့လည်းဝန်လေးကြမယ့်သူတွေမဟုတ်ပါဘူး။

 

ကဲ့ရဲ့တတ်သူ

သူတို့ကတော့ သင့်ရဲ့အဝတ်အစား၊ဆံပင်ပုံစံ၊နှုတ်ထွက်စကား အစစအရာရာကို ကဲ့ရဲ့တဲ့မျက်လုံးတွေနဲ့လိုက်ကြည့်ပြီး သူများတွေနဲ့ပြန်ပြောတတ်သူတွေပါ။ အတင်းအုပ်တတ်သူတွေနဲ့မိတ်ဖက်ဆိုပါတော့။သင်နဲ့သိပ်မခင်သေးပဲနဲ့လည်း သင့်ကိုပေါ်တင်ကြီးကဲ့ရဲ့ဖို့ဝန်လေးမှာမဟုတ်ပါဘူး။သူတို့နဲ့တစ်နေရာရာသွားပြီဆိုရင်တော့ သတိသာထားပေတော့။လမ်းတစ်လျှောက်လုံး တွေ့သမျှမြင်သမျှကို လိုက်ကဲ့ရဲ့ပြီးပွစိပွစိပြောနေတာနဲ့ပဲ သင့်မှာနားညည်းနေရပါလိမ့်မယ်။

 

ကြွားတတ်သူ

ကြွားဝါတတ်သူတွေက တော်တော်ကိုဆိုးရွားတဲ့သူတွေထဲမှာပါပါတယ်။ သူ့ရဲ့ ဆံညှပ်အသစ်ကအစ ရည်းစားအသစ်အဆုံး ကြွားလို့ကိုဆုံးမှာမဟုတ်တော့ပါဘူး။ကြွားပြီးရင် သင့်ကိုအထင်သေးတဲ့မျက်ဝန်းတွေနဲ့ကြည့်ပါလိမ့်ဦးမယ်။ ကြွားတာလည်းခံရ၊အထင်သေးတာလည်းခံရဆိုရင်တော့ မနိပ်ပါဘူး။တတ်အားသမျှရှောင်ပါ။

 

ညည်းညူတတ်သူ

ဗိုက်ဆာတာလည်းညည်း၊နေပူတာလည်းညည်း အကုန်ညည်း သေးသေးလေးကအစ အကုန်ညည်းတတ်သူတွေပါ။သူတို့နဲ့အပြင်မသွားမိပါစေနဲ့ လမ်းမှာတွေ့သမျှကိုညည်းနေတာနဲ့ပဲ သင်ကဘေးကနေအသားလွတ်ကြီးစိတ်ပင်ပန်းနေရမှာပါ။ သူတို့ကသူတို့မှာအဆင်မပြေတဲ့ကိစ္စတစ်ခုခုကို ခိုညည်းသလိုညည်းပဲညည်းနေပြီး အဲဒီ့အရာကိုအဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတာတော့မစဉ်းစားသူတွေပါ။

 

အစားကြီးသူ

ဒါကတော့ တိုက်ရိုက်သက်ဆိုင်တယ်လို့ပဲပြောရပါမယ်။ အစားကြီိးတဲ့သူတွေနဲ့ပေါင်းမိရင် တစ်ခုခုစားရင်သူချည်းပဲစားနေပြီးကိုယ်ကဘာမှမစားရဘူးဆိုတော့ အဆိပ်အတောက်ဖြစ်စေသူတွေစာရင်းထဲမှာထိပ်ဆုံးကပါမယ့်သူတွေပါ။သူတို့က စားဖို့ပဲတွေးနေလေ့ရှိပြီး သင့်ပန်းကန်ထဲကအစားအစာတွေကို တစ်ခါနှစ်ခါသုံးခါ နှိုက်စားဖို့လည်းမရှက်တတ်သူတွေပါ။ ရင်းနှီးတဲ့အဆင့်အထိကို ရောက်အောင်မပေါင်းသင့်သူတွေပါ။

755 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.