လူမှုကွန်ယက်တွေကို အထာကျကျသုံးတတ်ကြဖို့

ဒီနေ့ခေတ်ကြီးမှာ လူမှုကွန်ယက်တွေနဲ့ ကင်းကွာပြီးနေနိုင်သူဆိုတာ ကျောက်သံပတ္တမြားလို ရှားပါးသွားပါပြီ။ငါးတန်းခြောက်တန်းလိုကလေးပုစိကွေးလေးတွေကအစ အသက်ရှစ်ဆယ်ကိုးဆယ်အရွယ် တရားရိပ်မှာခိုလှုံသင့်နေပြီဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေကအဆုံး Facebook account တစ်ခုတော့ရှိကြတာချည်းပါပဲ။ လူရွယ်လူလတ်ပိုင်းတွေဆိုမပြောပါနဲ့တော့။ ဒီတော့ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကဘာဖြစ်မလဲ။ တစ်ယောက်နဲ့တစ်ယောက်ပြိုင်မယ်ဆိုင်မယ်၊သူက i Phone နဲ့ဓာတ်ပုံရိုက်ထားတယ်၊ငါ့ ဟွာဝေးဖုန်းကိုဝဲပစ်တော့မှဆိုတာမျိုးကအစ သူ့ဘဲကိုချစ်ကြောင်းကြွားနေလိုက်တာများ မကြားဝံ့မနာသာ၊ငါလည်း ငါ့ဘဲကိုဖိနပ်ကြိုးချည်ခိုင်းပြီး Live လွှင့်မယ်ဆိုတာတွေရော၊ကိုယ်တော်ကတော့ တစ်လကိုတရားပွဲဘယ်နှစ်ပွဲဟောရတယ်၊ကိုယ်တော့်လိုဟောနိုင်မှ ကိုယ်တော့်ကို Foul ထုကွဲ့ဟုတ်ပလားဆိုတာတွေအဆုံး အမျိုးစုံကိုမြင်ရကြားရတော့တာပါပဲ။ ဒီလိုအရာတွေထဲမှာပျော်မွေ့နေတာကြာလာတဲ့အခါ စိတ်ရဲ့အကြည်ဓာတ်လေးဟာညစ်နွမ်းလာရပြီး စိတ်ရဲ့နဂိုမူလ စရိုက်သဏ္ဍာန်ပါပြောင်းလဲသွားနိုင်ပါတယ်။လူတွေအာရုံစိုက်တာခံရဖို့ကြိုးစားရင်းတစ်ကိုယ်လုံးချွတ်ပြမိနေတဲ့ မထော်မနန်းမိန်းကလေးတွေပေါ်ပေါက်လာတာပဲကြည့်။ တကယ်တော့ Social Media က အပြစ်မရှိပါဘူး။အပြစ်ရှိတာက အကျိုးရှိအောင်မသုံးပဲ အကျိုးမဲ့အောင်သုံးနေတဲ့ သူတွေမှာသာအပြစ်ရှိတာပါ။ဒီတော့ လူမှုကွန်ယက်တွေကို အကျိုးမရှိရင်တောင် အကျိုးမမဲ့အောင် ဘယ်လိုအသုံးပြုကြမလဲဆိုတာလေး ဖတ်ကြည့်ကြပါဦးနော်။မြန်မာနိုင်ငံမှာ အများဆုံးသုံးတာက Facebook မို့ Facebook ကိုယေဘုယျထားပြီးပြောသွားပါမယ်။

 

ပူလောင်နေသူတွေကို ဖယ်ထုတ်ပစ်ပါ

ဒါက လူမှုကွန်ယက်မှာတင်မဟုတ်၊တကယ့်အပြင်ကဘဝမှာပါလုပ်သင့်တာပါ။ အကြောင်းအမျိုးမျိုးကြောင့်ပူလောင်နေသူတွေ၊အသည်းကွဲနေသူတွေ၊အကြွေးပိနေသူတွေ၊အလုပ်မှာအဆင်မပြေသမျှ Social Media မှာ လာဖောက်ခွဲနေသူတွေ၊မနာလိုစိတ်ကြီးသူတွေ၊ချိန်ကိုက်ဗုံးတလုံးလို ထပေါက်လိုက်ရမလားတကဲကဲနဲ့ တွေ့သမျှမြင်သမျှရန်လိုနေသူတွေ ဒီလိုလူတွေကို Unfriend လုပ်ပစ်ပါ။ဒါမှမဟုတ် Unfollowed ထားပါ။ မမြင်ရအောင်တတ်နိုင်သမျှလုပ်ထားပါ။ သူတို့မရှိတဲ့ဘဝမှာ ကိုယ့်စိတ်လေးအေးချမ်းနေမှာပါ။

 

ကိုယ့်မှာရှိတဲ့ကောင်းတဲ့အချက်တွေကို Personal Branding လုပ်ဖို့မမေ့ပါနဲ့

Personal Branding လုပ်ခိုင်းတာပါနော် ကိုယ်ဘာသုံးတယ်ဘာညာတွေကိုကြွားဝါခိုင်းတာမဟုတ်ပါဘူး။ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို Show off လုပ်ခိုင်းတာပါ။ သင်က သီချင်းဆိုတာတော်သလား Cover song တစ်ပုဒ်နှစ်ပုဒ်လောက်ဆိုပြီး Facebook ပေါ်တင်ကြည့်ပါ။ သင့်အသံကိုကြိုက်တဲ့သူတွေရဲ့ချီးမွမ်းစကားတွေကြောင့်သင်ပိုပြီးစိတ်ပျော်ရွှင်ရမှာပါ။ သင်က ကဗျာအရေးကောင်းသူလား ပိုပြီးတော့တောင်မိုက်ပါသေးတယ်။သိတယ်မဟုတ်လား။ Facebook မှာက ဘာမဟုတ်တဲ့ တစ်ရာဖိုးသုံးပုဒ်တွေတောင် သောက်သောက်လဲအောင်မြင်နေတာလေ။

 

Social Media သုံးတဲ့အချိန်ကိုသတ်သတ်မှတ်မှတ်ထားပါ

ခုက virtual world နဲ့ real world မခွဲနိုင်တော့တဲ့သူတွေကများနေပါတယ်။ဘေးချင်းကပ်ထိုင်ရင်း Message လှမ်းပို့နေတာတို့ အိမ်ရှေ့ရောက်တဲ့အခါ တံခါးမခေါက်တော့ပဲ Message ပဲလှမ်းပို့လိုက်တာတို့ ဒီလိုတွေပေါ့။အမှန်တော့ တစ်နေကုန်တောက်လျှောက်လိုင်းပေါ်မှာရှိနေတာက သင့်ကိုဘဝအပေါ်မှာငြီးငွေ့စိတ်ဖြစ်လွယ်စေပါတယ်။တစ်နေ့ကိုတစ်နာရီဆိုတစ်နာရီ နာရီဝက်ဆိုနာရီဝက် မအိပ်ခင်သုံးမှာလား.. မနက်နိုးနိုးချင်းသုံးမှာလား စသဖြင့် သတ်မှတ်ထားသင့်ပါတယ်။တစ်နေကုန်အားတိုင်းသုံးနေတာက အကြံကောင်းတစ်ခုမဟုတ်ပါဘူး။

 

လူမှုကွန်ယက်ကို ဆက်သွယ်ဖို့သုံးပါ နှိုင်းယှဉ်ဖို့မသုံးပါနဲ့

တစ်ခွန်းတည်းနဲ့ပြောရရင်တော့ သူများကို မနာလိုမဖြစ်ပါနဲ့။မပြိုင်ပါနဲ့။ သူ့ဘဝနဲ့သူကိုယ့်ဘဝနဲ့ကိုယ်ပါ။ လူမှုကွန်ယက်ကိုအသုံးပြုရခြင်းရဲ့အကြောင်းအရင်းဟာ သူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတွေကို ဆက်သွယ်ဖို့ပဲဖြစ်ပါစေ။သူတို့ဘဝတွေနဲ့ကိုယ့်ဘဝနဲ့ကို နှိုင်းယှဉ်ပြီးပူလောင်နေဖို့မဖြစ်ပါစေနဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.