လက်ဖဝါးခြေဖဝါးတွေချွေးထွက်တာကို ဘယ်လိုကုသကြမလဲ

လက်ဖဝါးတွေခြေဖဝါးတွေချွေးထွက်တတ်တဲ့လူတန်းစားက သပ်သပ်ကိုရှိနေတာပါ။ စိတ်လှုပ်ရှားရင်လည်းထွက်တယ်။အိုက်ရင်လည်းထွက်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ထွက်တယ်။နေရင်းထိုင်ရင်းနဲ့ကိုထွက်နေတာ။လက်ဖဝါးချွေးထွက်ရခြင်းရဲ့ ဒုက္ခများပုံကို လက်ဖဝါးချွေးထွက်တတ်သူအချင်းချင်းပဲသိတယ်။ တစ်ခုခုကိုင်ရင်လျှောကျသွားရတာနဲ့ ပန်းကန်လုံးတွေကော်ဖီခွက်တွေလည်းကွဲပေါင်းမနည်းဘူး။သူများနဲ့လက်ဆွဲနှုတ်ဆက်ဖို့ဆိုရင် မသိမသာနဲ့ ကိုယ့်လက်ကိုအင်္ကျီ ဒါမှမဟုတ်တစ်ခုခုမှာအရင်ပွတ်သုတ်ရတာကတစ်မျိုး။ စိတ်မသက်မသာဖြစ်ရတာတော်တော်ဆိုးဆိုးပါပဲ။ ဒီလို လက်ဖဝါးတွေ ချွေးထွက်တာကိုအရှင်းပျောက်အောင်လုပ်လို့ရဖို့မသေချာပေမယ့် တအားကြီိးတော့ဆိုးမလာအောင်လုပ်နိုင်တဲ့နည်းလေးတွေရှိပါတယ်။ဝေမျှပေးလိုက်ပါတယ်နော်။

 

ကလေးပေါင်ဒါမှုန့်

ကလေးပေါင်ဒါမှုန့်တွေက ကလေးလေးတွေရဲ့နူးညံ့တဲ့အသားအရည်လေးတွေမထိခိုက်အောင် အထူးစီမံပြုလုပ်ထားတာပါ။ ကလေးပေါင်ဒါတွေရဲ့အသုံးဝင်မှုက လက်ဖဝါးအဆီပြန်တတ်သူတွေ ချွေးထွက်တတ်သူတွေအတွက်တော်တော်လေးအသုံးဝင်ပါတယ်။အသုံးပြုပုံကလည်းရိုးစင်းပါတယ်။ကလေးပေါင်ဒါမှုန့်အနည်းငယ်ကိုယူ လက်ဖဝါးနှစ်ဖက်ကိုပွတ်ပေးရုံပါပဲ။(စိတ်ပါရင် မျက်နှာပါပွတ်လိုက်လို့ရသနော်) ။ နောက်ပြီး ကလေးပေါင်ဒါဘူးအသေးလေးကို အိတ်ထဲဆောင်သွားသင့်ပါတယ်။အဲဒါမှ ချွေးထွက်တဲ့ အခါ မြန်မြန်ပွတ်လိုက်လို့ရမှာပါ။

 

ရှာလကာရည်

ရှာလကာရည်က အသားအရည်ရဲ့ မွှေးညင်းပေါက်တွေကိုကျဉ်းစေပြီး ချွေးထွက်ခြင်းကို လျော့ကျစေပါတယ်။ရှာလကာရည်ကိုနှစ်မျိုးသုံးလို့ရပါတယ်။ပထမတစ်မျိုးက အဝတ်သန့်သန့်မှာရှာလကာရည်ဆွတ်ပြီး လက်ဖဝါးကိုပွတ်ပေးတာပါ။ခြေဖဝါးလည်းထိုနည်းလည်းကောင်းပါ။တစ်နေကုန် အကြိမ်ရေများနိုင်သလောက်ကိုပွတ်ပေးပါ။သိသာထင်ရှားတဲ့ရလာဒ်ကိုခံစားရမှာပါ။ နောက်တစ်မျိုးကတော့ ရှာလကာရည်နဲ့ပျားရည်ကိုရောပြီးရေနွေးနွေးလေးနဲ့သောက်ပေးတာပါ။ တစ်နေ့ကို တစ်ခွက်သောက်ပေးလို့ရပါတယ်။ ချွေးအလွန်အကျွံထွက်ခြင်းကိုလျှော့ချပေးပါတယ်။

 

ကလျာဏီရွက်

ဒါကိုမကြားဖူးတဲ့သူတွေတော်တော်များများရှိလိမ့်မယ်ထင်ပါတယ်။ ပရဆေးဆိုင်တွေမှာရှာလို့ရပါတယ်။ဒီအရွက်က လက်ဖဝါးခြေဖဝါးတွေချွေးထွက်တာကိုလျှော့ချပေးတာအပြင် အခြားအသုံးဝင်တဲ့နေရာတွေလည်းများစွာရှိပါသေးတယ်။မသိသူကျော်သွားသိသူဖော်စားဆိုသလို သိပြီိဆိုတော့ အသုံးပြုဖို့ရှာကြည့်သင့်ပါတယ်နော်။ သူ့ကိုလည်းရှာလကာရည်ကဲ့သို့ပဲနှစ်မျိုးသုံးလို့ရပါတယ်။ကလျာဏီရွက်နည်းနည်းကို ရေဆူဆူထဲမှာထည့်ကျို၊ကျိုထားတဲ့ရေကိုအအေးခံပြီး မနွေးတနွေးလေးဖြစ်သွားတဲ့အခါ လက်ဖဝါးတွေခြေဖဝါးတွေထည့်စိမ်ပါ။ ရေကလုံးဝအေးစက်သွားတဲ့အထိစိမ်ပါ။ဒါမှမဟုတ် ကလျာဏီရွက်ထည့်ကျိုထားတဲ့ရေနွေးကိုပဲ တစ်နေ့တစ်ခွက်သောက်သုံးပေးလို့လည်းရပါတယ်။

 

ကော်ဖီကြမ်း

Black coffee ခေါ် ကော်ဖီကြမ်းမှာပါဝင်တဲ့ Tannic acid က ချွေးဂလင်းတွေကို ထိန်းချုပ်ပေးတဲ့အာနိသင်ရှိပါတယ်။ကော်ဖီကြမ်းပူပူလေးထဲမှာ လက်ဖဝါးတွေထည့်စိမ်လို့လည်းရသလို တစ်နေ့တစ်ခွက်သောက်ပေးလို့လည်းရပါတယ်။ ကော်ဖီကြမ်းအထုပ်လေးတွေကိုရေစိမ်ပြီး လက်ဖဝါးထဲထည့်ပွတ်ပေးနေလို့လည်းရတာပါပဲ။

 

စိတ်အခြေအနေကိုဂရုစိုက်ပါ

ဒါကတော့ နောက်ဆုံးနဲ့ အရေးကြီးဆုံးပါပဲ။လူတိုင်းမှာစိတ်အခြေအနေကသိပ်ကိုအရေးပါပါတယ်။စိတ်လှုပ်ရှားရင် စိတ်ဖိစီးမှုများရင် စိတ်ညစ်ရင် စိတ်ဓာတ်ကျရင် နဂိုရှိနေပြီးသားရောဂါတွေမူမမှန်မှုတွေကပိုဆိုးသွားတတ်ပါတယ်။ဒါကြောင့် စိတ်အခြေအနေကိုတည်ငြိမ်အေးချမ်းအောင်ဂရုစိုက်ပေးသင့်ပါတယ်။ တရားထိုင်တာ ယောဂကျင့်တာတွေကလည်း စိတ်တည်ငြိမ်စေဖို့နည်းလမ်းကောင်းတွေပါပဲ။အဲ့ဒါတွေလုပ်ဖို့မလွယ်ရင်တော့ လက်လှမ်းမီိရာ သီချင်းနားထောင်တာပဲဖြစ်ဖြစ် စာအုပ်ဖတ်တာပဲဖြစ်ဖြစ်လုပ်နေလို့ရပါတယ်။

719 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.