ဆံသားလှပကျန်းမာဖို့ ရှောင်သင့်တာတွေရှောင်ကြစို့

ယောက်ျားတို့ဘုန်းကတုံး အဲလေ..လက်ရုံး၊မိန်းမတို့ဘုန်း ဆံထုံးဆိုတာလည်းအရှိသားမဟုတ်လား။ဆံပင်ဆိုတာလူတစ်ယောက်ရဲ့ဒုတိယမျက်နှာတဲ့။ ခုခေတ်မှာသာ ကိုယ်တွေက ဒုတိယမျက်နှာကိုတစ်စက်ကလေးမှအလွတ်မပေးပဲ ကောက်လိုက်ဖြောင့်လိုက်နဲ့အမျိုးစုံကြိုးခုန်ပြီးလုပ်နေကြတာ။ ဒီတော့လည်းဆံပင်ဆိုတာ တန်ခိုးရှင်မှမဟုတ်တာကလား။ဘယ်ခံနိုင်တော့မှာလဲ။အဖျားနှစ်ခွဖြစ်တာတွေကဖြစ် ပြတ်ကျတာတွေကကျပေါ့လေ။ဒီတော့လည်းစိတ်ညစ်ရပြန်ရော။ဒီတော့ ဆံသားအလှလေးကိုတတ်နိုင်သမျှထိန်းသိမ်းကြဖို့ရာ ရှောင်ရန်လေးတွေဖော်ပြပေးသွားမယ်နော်။

 

ဆံပင်ရေစိုကြီးနဲ့မအိပ်ပါနဲ့

လုံးဝလုံးဝလုံးဝ ဆံပင်ရေစိုကြီးနဲ့မအိပ်လိုက်ပါနဲ့။ ကိုယ်တို့တွေက မနက်အစောကြီးထ ကျောင်းတွေရုံးတွေအလုပ်တွေ ကမန်းကတမ်းသွား။ညနေမိုးချုပ်မှအိမ်ပြန်လာ။အိမ်ပြန်တဲ့လမ်းမှာတင် မျက်လုံးကစင်းနေပြီ အိပ်ချင်နေပြီိ။တဝါးဝါးသမ်းနေပြီ။ပင်ပန်းလာတာကိုး။ ဒါပေမယ့် ခေါင်းကလည်းလျှော်ရဦးမယ်။လျှော်ပြီးရင် Dryer ကိုလက်ညောင်းခံပြီးမှုတ်ရမှာ မလွယ်ပါဘူး။သူ့ဟာသူခြောက်ပလေ့စေတော့ဆိုရင်တော့ ဆံပင်ကလည်းသင့်ကို သူ့ဟာသူဒုက္ခခံပလေ့စေတော့ဆိုပြီးထားမှာသေချာပါတယ်။ဆံပင်ရေစိုကြီးနဲ့အိပ်တဲ့အခါ ခေါင်းအုံးတွေပါ ရေစိုကုန်ပြီး စိုထိုင်းနေတဲ့ခေါင်းအုံးက သင့်ခေါင်းကို ထောင်သောင်းချီတဲ့ဘက်တီးရီးယားတွေလက်ဆောင်ပြန်ပေးပါလိမ့်မယ်။အဲ့ဒီိ့အခါ ခေါင်းမှာ ဗောက်ထတာထက်ဆိုးတဲ့ ယားနာတွေဒက်တွေပေါက်လာနိုင်ပါတယ်။အခြေအနေဆိုးလို့ ပိုးမွှားတွေ ဒါမှမဟုတ်ရေတွေက ဦးနှောက်ထဲကိုသာဝင်သွားခဲ့မယ်ဆိုရင်ဖြင့် စဉ်းစားသာကြည့်ပါတော့။

 

ရေနွေးနဲ့ရေမချိုးပါနဲ့

သိပ်ကိုပင်ပန်းလာတဲ့နေ့တွေမှာ ရေနွေးလေးနဲ့ရေချိုးလိုက်ရတာကအရသာပါ။အဲ့ဒီ့အရသာက သင့်ဆံနွယ်တွေကိုတော့ အီစလန်ဝေစေတဲ့အရသာကိုပေးစွမ်းပါတယ်။ ရေနွေးရဲ့ဂုဏ်သတ္တိက ဆံသားကို ကျွတ်ဆတ်ကျိုးပဲ့စေတာမို့ တတ်နိုင်သမျှရေနွေးနဲ့ရေချိုးခြင်းကိုရှောင်ရှားပါ။ မဖြစ်မနေ ရေနွေးနဲ့ရေချိုးရမှကိုဖြစ်မယ်ဆိုရင်တော့ ရေကြက်သီိးနွေးလေးနဲ့ချိုးပါ။ နောက်ဆုံးအဆင့်မှာ ရိုးရိုးရေ၊ဒါမှမဟုတ် ရေအေးကိုပြန်ချိုးပေးဖို့လည်းမမေ့ပါနဲ့။

 

ချည်သားခေါင်းအုံးစွပ်ကိုမသုံးပါနဲ့

ချည်သားခေါင်းအုံးစွပ်တွေက ဆံပင်ကိုကြမ်းရှစေပါတယ်။ပွတ်တိုက်မှုတွေဖြစ်တဲ့အခါ၊သင်အိပ်နေရင်းနဲ့ ခေါင်းကိုဟိုဘက်ဒီိဘက်လှည့်မိတဲ့အခါတွေမှာ ဆံသားကိုကျိုးပဲ့ပျက်စီးလွယ်စေပါတယ်။ဆရာဝန်တွေကတော့ ဆံသားကျန်းမာရေးအတွက် ပိုးသားခေါင်းအုံးစွပ်နဲ့ ကိုရီးယားဆွဲသားခေါင်းအုံးစွပ်တွေကို အသုံးပြုဖို့အကြံပေးထားကြပါတယ်။ ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါအနည်းဆုံးလဲသင့်တာကိုလည်းသတိပြုပါ။ ဆဲလ်အသေတွေ၊ဆံပင်ဆီတွေအညစ်အကြေးတွေစုပုံနေတဲ့ခေါင်းအုံးစွပ်က သင့်ဆံသားကိုသိပ်ပြီးကောင်းကျိုးပြုမှာတော့မဟုတ်ပါဘူး။

 

ဆံပင်ကိုခဏခဏမကိုင်ပါနဲ့

ကြောင်လေးသေးသေးလေးတွေများ ချစ်လို့ဆိုပြီးခဏခဏကောက်ချီရင်လက်ပူလိုက်ပြီး ညှက်သွားတယ်ဆိုတာမျိုးတွေကြားဖူးကြရဲ့မဟုတ်လား။ဆံပင်လည်းထိုနည်းလည်းကောင်းပါပဲ။ခဏခဏကိုင်ဆော့နေရင် အရှည်နှေးတာမျိုးတွေဖြစ်တတ်သလို လက်ကပိုးမွှားတွေက ဆံပင်မှာကပ်ငြိနေပြီး ဆံပင်ဆိုတာမျိုးက မျက်နှာနဲ့အနီးတစ်ဝိုက်မှာရှိနေတဲ့အရာဖြစ်လေတော့ကာ မျက်နှာမှာလည်း အဖုတွေပေါက်လာနိုင်ပါတယ်။ ဒါကြောင့်ဆံပင်ကိုလက်နဲ့ခဏခဏမကိုင်ပါနဲ့။

 

ဆံပင်ကိုတင်းကြပ်နေအောင်မစည်းနှောင်ပါနဲ့

မင်းသမီးတွေမော်ဒယ်တွေလုပ်တဲ့ ဆံပင်ကိုနောက်ကိုအပြောင်သိမ်းပြီးတင်းကြပ်နေအောင်စည်းထားတာတို့ဘာတို့ဆိုတာသာမန်လူတွေလိုက်မလုပ်သင့်တဲ့အရာတွေထဲမှာပါဝင်ပါတယ်။သူတို့က ပွဲတက်တဲ့အချိန်ခဏလေးပဲ ဒီလိုပြင်ဆင်တာဖြစ်တဲ့အပြင် သူတို့ဆံသားတွေကိုနည်းပေါင်းစုံနဲ့ဂရုစိုက်ထားတာပါ။ ကိုယ်က သူတို့ကိုအားတွေကျပြီး တစ်ချိန်လုံးတစ်နေကုန်ဒီိလိုလိုက်ပြင်ဆင်မယ်ဆိုရင် ကိုယ်ကျိုးနည်းဖို့ရာသာရှိကြောင်းသတိပေးပါရစေ။ ဒီလိုနောက်ကိုအပြောင်သိမ်းပြီးတင်းကြပ်နေအောင်လုပ်ထားတာဟာ ဆံပင်ကို အသက်ရှုခွင့်တောင်မပေးပဲ နာကျင်အောင်လုပ်ထားတာဖြစ်ပြီး ဆံသားရဲ့အပေါ်ယံဆဲလ်အလွှာကိုပျက်စီးစေပါတယ်။ လူတစ်ယောက်ကိုလည်ပင်းညှစ်ထားတာနဲ့ခပ်ဆင်ဆင်တူပါတယ်။

847 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.