“လုပ်ချင်တာနဲ့လုပ်သင့်တာ” ဘာကိုရွေးချယ်ကြမလဲ?

နာမည်ကျော်စာရေးဆရာ Bruce Weinstein ဆိုသူက “လုပ်ချင်တာနဲ့လုပ်သင့်တာ”ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးစာမူရေးသားခဲ့ပါတယ်။အဲ့ဒီစာမူဆောင်းပါးနဲ့ပတ်သက်ပြီးတော့ လည်း ဆွေးနွေးမှုတွေလုပ်ခဲ့ကြပါသေးတယ်။လူတော်တော်များများသိချင်ကြတဲ့မေးခွန်းကတော့ လုပ်သင့်တာနဲ့လုပ်ချင်တာကြားက ကွာခြားချက်ပါ။မင်းဘာကိုလုပ်ချင်တာလဲ? မင်းလုပ်သင့်တာကဘာလဲ?

Weinstein ရဲ့ အဖြေကတော့…

စိတ်ပိုင်းဆိုင်ရာနဲ့လူကျင့်ဝတ်ဆိုင်ရာ

ပထမမေးခွန်းတစ်ခုဖြစ်တဲ့ မင်းဘာကိုလုပ်ချင်တာလဲဆိုတာက စိတ်နဲ့ဆိုင်တဲ့မေးခွန်း တစ်ခုဖြစ်ပါတယ်။ဒီမေးခွန်းက ကိုယ်လုပ်ချင်တာကမှားမှားမှန်မှန် လုပ်ချင်တဲ့အတွက် လုပ်လိုက်တာဆိုတဲ့အဖြေမျိုးပါပဲ။မင်းလုပ်သင့်တာကဘာလဲဆိုတဲ့မေးခွန်းကတော့ လူကျင့်ဝတ်နဲ့ဆိုင်တဲ့မေးခွန်း တစ်ခုပါ။ဒီမေးခွန်းကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာ ဘာလဲနားလည်စေဖို့ ကူညီပေးတဲ့မေးခွန်းတစ်ခုပါ။

ဥပမာ တစ်ခုပေးရမယ်ဆိုရင် မင်းကမိဘတစ်ယောက်ဖြစ်တယ်ဆိုပါစို့။မင်းရဲ့ ကလေးကိုမေးကြည့်ပါ။သူစာမေးပွဲဖြေတဲ့အချိန် တခြားကျောင်းသားတစ်ယောက်က စာခိုးချတာကိုမြင်ခဲ့မယ်။ဒါဆိုဘယ်လိုလုပ်မလဲလို့? စာခိုးချတဲ့ကျောင်းသား၊ကျောင်းသူက သူတို့နှစ်သက်တဲ့သူဖြစ်နေမယ်၊သူတို့နဲ့ရင်းနှီးတဲ့သူဖြစ်နေမယ်ဆိုရင် အဲ့ဒီကိစ္စအတွက် သူ့စိတ်ထဲမှာပဲ ထားမယ်၊ဆရာမကိုမပြောဘူးလို့ဖြေပါလိမ့်မယ်။နောက်ထပ် “စာခိုးချတာကိုမြင်တဲ့အခါ မင်းလုပ်သင့်တာကဘာလဲ?”လို့မေးကြည့်ပါ။သေချာပေါက် စာခိုးချတဲ့လူကို ဆက်ပြီးမခိုးချဖို့သတိပေးမယ်။မရရင်ဆရာ၊ဆရာမကိုတောင် ပြောပြမယ်ဆိုတဲ့အဖြေမျိုးပေးပါလိမ့်မယ်။

ရိုးရှင်းတဲ့စကားလုံးလေး “ချင်” နဲ့ “သင့် ” ပြောင်းလိုက်ရုံနဲ့အဖြေတွေပြောင်းလဲသွားနိုင်ပါတယ်။ ဒါက လုပ်ချင်တာနဲ့လုပ်သင့်တာကြားက ကွာခြားချက်ကိုဖော်ပြသွားတဲ့ဥပမာတစ်ခုပဲလို့ Weinstein ကပြောပြသွားပါတယ်။

ဒါဆို လုပ်ချင်တာနဲ့လုပ်သင့်တာ ဘာကိုရွေးချယ်ရမလဲမသိဘူးဆိုပြီး မကြာခဏဝေခွဲမရဖြစ်တဲ့ သူတွေရှိပါတယ်။တစ်ချို့ကလည်းလုပ်ချင်တာကိုရွေးချယ်ကြပြီး တစ်ချို့ကတော့လုပ်သင့်တာ ကိုရွေးချယ်ကြတယ်။ဒါပေမဲ့ လုပ်သင့်တယ်ဆိုတာကပတ်ဝန်းကျင်အတွက် မကောင်းမှန်းသိပေမဲ့ ကိုယ့် အတွက်ကောင်းရင်လုပ်သင့်တယ် ဆိုတာမျိုးဆိုရင်အဆင်မပြေနိုင်ပါဘူး။ဒီလိုပဲ လုပ်ချင်တာက ကိုယ့်အတွက်ကောင်းပြီးတစ်ခြားလူတွေအတွက်ဆိုးကျိုးဖြစ်မှာ မျိုးဆိုရင်အဆင်မပြေနိုင်ပါဘူး။

ဘယ်ဟာကိုရွေးချယ်ရမလဲဆိုရင် “ငါးဖမ်းသမားတွေအားလုံးက လူလိမ်တွေလား? ဒါမှမဟုတ် လူလိမ်တွေကသာငါးဖမ်းကြတာလား?” ဆိုတဲ့မေးခွန်းလိုပဲ ဒီမေးခွန်းနှစ်ခုက စဉ်းစားရရွေးချယ်ရခက်ခဲပါတယ်။

အဲ့ဒါကြောင့်အကောင်းဆုံးကတော့ မှန်ကန်တာကိုရွေးချယ်ပါ။လုပ်သင့်တာ၊လုပ်ချင်တာတွေ စဉ်းစားတဲ့အခါ ဒီအလုပ်က မှန်ကန်ရဲ့ လားဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။ ကိုယ်လုပ်မယ့်အလုပ်ကမှန်ကန်မှ လုပ်သင့်တာဖြစ်ပြီး ကိုယ်လုပ်ချင်တာကလည်း မှန်ကန်မှအကျိုးရှိမှာပါ။ မိသားစုစားဝတ်နေရေးအတွက်ငွေရှာရမှာဖြစ်လို့ ဘာအလုပ်ကိုပဲလုပ်လုပ် လုပ်သင့်တယ်ဆိုတာမျိုးမဟုတ်ပဲ မှန်ကန်တဲ့အလုပ်လည်းဖြစ်ဖို့လိုပါတယ်။များသောအားဖြင့် လုပ်သင့်တယ်ဆိုတာမျိုးကမှန်ကန်တာပိုများတတ်ပါတယ်။သေချာစဉ်းစားပြီးရွေးချယ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

အဲ့လိုပဲကိုယ်က ညဘက်အပြင်ထွက်ချင်တယ်၊ဒါပေမဲ့ လူဆိုးသူခိုးတွေများနေတဲ့ခေတ်ကြီးမှာ လုပ်ချင်တာကိုဇွတ်လုပ်တာမျိုးထက် လုပ်သင့်တာကိုပိုပြီးရွေးချယ်သင့်တဲ့အခြေအနေမျိုးပါ။ တကယ်လို့သင်က အိမ်ထောင်ရှိတဲ့ယောက်ျား(မိန်းမ)၊ကိုမချစ်သင့်မှန်းသိရက်နဲ့ ချစ်ချင်တယ်။ဒီလိုအခြေအနေမျိုးကို လုပ်ချင်တာလုပ်ဆိုပြီးစိတ်ကိုလွှတ်ထားသင့်တာလား? မလုပ်သင့်မှန်းသိရက်နဲ့လုပ်ချင်တာကိုဇွတ်လုပ်မယ်ဆိုရင်အဲ့ဒီနောက်မှာရလာတဲ့အကျိုးဆက်က ရော ကောင်းနိုင်ပါ့မလား?ဘယ်လောက်ပဲ ချစ်ချင်ပါစေ စောင့်ထိန်းရမယ့်ကျင့်ဝတ်ဆိုတာ ရှိသလိုကိုယ့်အတွက် တင်မက ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေအတွက်ပါ ပတ်ဝန်းကျင်က မကောင်းမြင်စေမယ့်ကိစ္စမျိုးကို အချစ်ဆိုတဲ့ခေါင်းစဉ်နဲ့တစ်သက်လုံးရင်ဆိုင် သွားနိုင်ပါ့မလား။ကောင်းတာပြောလည်း၇ရက်၊ဆိုးတာပြောလည်း၇ရက်ဆိုပေမဲ့ အဲ့ဒီကိစ္စတွေကပျောက်ပျက်သွားတာမဟုတ်ပဲဆက်စပ်မိတိုင်းသတိရနေမယ့်ကိစ္စကြီးပါ။ကိုယ်လုပ်ချင်တာမဖြစ်ဖြစ်အောင်လုပ်မှာပဲဆိုရင်တော့ နောက်မှနောင်တမရမိဖို့၊ ကိုယ်လုပ်မိတဲ့လုပ်ရပ်အတွက်တာဝန်ယူနိုင်ဖို့တော့ သတိထားသင့်ပါတယ်။

“မင်းလုပ်ချင်တာဘာလဲ” ဆိုတဲ့စိတ်ပိုင်းဆိုင်ရာမေးခွန်းနဲ့ “မင်းလုပ်သင့်တာကဘာလဲ”ဆိုတဲ့ လူ့ကျင့်ဝတ်ဆိုင်ရာမေးခွန်းက ရိုးရိုးမေးခွန်းလေးတွေပါပဲ။ဒါပေမဲ့ အဲ့ဒီမေးခွန်းနှစ်ခုမှာ နက်ရှိုင်းတဲ့အဓိပ္ပာယ်တွေအများကြီးရှိနေပါတယ်။

“လုပ်ချင်တာနဲ့လုပ်သင့်တာ”ကို မှန်ကန်မှုနဲ့ရွေးချယ်နိုင်ကြပါစေ…

 

 

108 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.