သင့်ကိုအထီးကျန်စေမယ့် အကျင့်ဆိုးတွေ

လူတစ်ကိုယ်အကျင့်တစ်မျိုးကတော့ရှိကြပါတယ်။ ဒါပေမယ့်လူဆိုတာပတ်ဝန်းကျင်နဲ့နေရတာမျိုးဖြစ်လေတော့ ပတ်ဝန်းကျင်နဲ့အညမညဖြစ်အောင် လိုက်လျောညီထွေစွာနေတတ်ဖို့လိုပါတယ်။ အထီးကျန်…သိမ်ငယ်မှုများစွာရယ်.. ဆိုတာက သီချင်းပဲဆိုလို့ကောင်းတာပါ။ တကယ့်ဘဝမှာအထီးကျန်နေရင် ကောင်းကျိုးထက်ဆိုးကျိုးကပိုများပါတယ်။ အရာရာကိုကိုယ်တစ်ယောက်တည်းရင်ဆိုင်ခံစားရတာကနေစပြီး စိတ်ဓာတ်တွေကျတာ၊အသက်ကြီးရင်စောင့်ရှောက်မယ့်သူမရှိတာ။စသဖြင့် တစ်ယောက်တည်းဆိုတဲ့အသိက လူကိုအလိုလိုကိုအားငယ်နေစေတာပါ။ သင်က ချွန်ထွက်ပြီးဆိုးသွမ်းနေမယ်ဆိုရင်တော့ ဘယ်သူမှသင့်အနားမှာကပ်တွယ်ပြီးနေမှာမဟုတ်ပါဘူး။မင်းသမီးဘယ်လောက်ဆိုးဆိုး တအားသည်းခံပြီးချစ်တဲ့မင်းသားဆိုတာက ရုပ်ရှင်ထဲမှာပဲရှိတာပါ။သင်တစ်ယောက်တည်းအထီိးကျန်မဖြစ်လိုဘူးဆိုရင် အမြန်ဆုံးပြင်ဆင်ရှောင်ရှားသင့်တဲ့အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

လိမ်တာ

လိမ်တာညာတာ အသေးအဖွဲလေးကနေ အကြီိးကြီးအထိ ဘယ်သူမှမကြိုက်ပါဘူး။လူအများစုသည်းမခံနိုင်ဆုံးက လိမ်တဲ့ညာတဲ့ကိစ္စပါပဲ။ အမှန်တရားကဘယ်လောက်အခြေအနေဆိုးနေပါစေ အမှန်ကိုအမှန်အတိုင်းပြောသင့်ပါတယ်။လိမ်တယ်ဆိုတာက အရင်ဆုံးသင့်ကိုယ်သင်မလေးစားတာ၊နောက်ပြီးအလိမ်ခံရတဲ့သူကိုလျှော့တွက်တာ၊သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအလေးမထားတာပါ။ ဒါကြောင့်လိမ်တဲ့သူတွေနဲ့နောက်တစ်ခါဆက်ဆံဖို့ကို လူတွေကလက်တွန့်တတ်ကြပါတယ်။မှတ်ထားနော်။ချစ်ရင်မလိမ်နဲ့။

 

လူ့ကျင့်ဝတ်နားမလည်တာ

ဒီကိစ္စကလည်းတော်တော်ကိုအရေးကြီးပါတယ်။လူတစ်ယောက်ဟာ လူတွေကြားထဲမှာနေရင် အနည်းဆုံး ပြောစရာမလိုတဲ့လူ့ကျင့်ဝတ်လေးတွေကိုတော့ နားလည်သင့်ပါတယ်။တာဇံလိုတောထဲမယ်နေမယ်ဆိုရင်တော့တစ်မျိုးပေါ့လေ။ လူတွေနဲ့နေရင်လူလိုနေရပါတယ်။လူလိုနေတယ်ဆိုရင်လူမှုအဖွဲ့အစည်းကချမှတ်ထားတဲ့အခြေခံလူ့ကျင့်ဝတ်တွေကိုနားလည်ရပါမယ်။အရိပ်အကဲသိရပါတယ်။ဒီလူတစ်ယောက်က ဘာကိုမကြိုက်ဘူးလဲ။ငါ့အပြုအမူတွေကအလိုက်မသိပဲကိုယ့်အတွက်ပဲကိုယ်တွေးသလိုဖြစ်နေမလား aggressive ဖြစ်နေလား စတာတွေကိုတွေးသင့်ပါတယ်။ အသက်ကလည်းမငယ်တော့ဘူး လူကလည်းအပါးကြီးနေမယ်ဆိုရင်တော့ ဘယ်သူမှသင်နဲ့မလွှဲသာလို့ကလွဲပြီး ပက်သက်ချင်မယ်မဟုတ်ပါဘူး။

 

မကျေမနပ်ဖြစ်လွယ်တာ

တစ်ခုခုကို ချက်ချင်းထပြီးဒေါသထွက်တတ်တာ သည်းခံစိတ်မရှိတာ၊ဒေါသစိတ်ကိုအမြဲမောင်းတင်ထားတာ၊မာနကြီးတစ်ခွဲသားနဲ့ လူတွေကပဲသူ့ရှေ့မှာကျုံ့ကျုံ့လေးထိုင်ပြီးဘုရားထူးရတော့မယ့်ဒီဇိုင်းနဲ့နေတာ.. အဲ့ဒါတွေကတော်ရုံဒေါသထွက်တတ်တဲ့သူတွေဆိုရင် ထသတ်မိနိုင်ပါတယ်။ တစ်ခုခုဆို သူများဘက်ကတွေးပေးမယ်မရှိပဲ အမြဲလိုလိုကိုယ့်အတွက်ပဲကိုယ်တွေးပြီးထောင်းခနဲဒေါသထထွက်တာက တော်တော်ဆိုးတဲ့အကျင့်ပါ။

 

ခံစားလွယ်တာ (Emotional ဖြစ်လွယ်တာ)

တစ်ခုခုပြောလိုက်တာနဲ့ အတည်ကြီးတွေယူဆသွားတတ်တဲ့ စတာနောက်တာကိုတောင် တစ်စက်ကလေးမှသည်းမခံတတ်တဲ့ အမြဲတမ်း မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ ပြိုတော့မယ့်မိုးလိုမျက်နှာနဲ့လူမျိုးကိုဘယ်သူကမှ အကြာကြီးနေ့တဓူဝစာနာမသနားပေးနိုင်ပါဘူး။စိတ်ဆင်းရဲလာပြီးစွန့်ခွာသွားတာပါပဲ။

 

ကပ်စေးနဲတာ

အသုံးအစွဲသေချာစေ့စပ်တာကောင်းပါတယ်။ ဒါပေမယ့် မကပ်သင့်တဲ့နေရာကိုကပ်နေတာကတော့ အလုပ်မဟုတ်ပါဘူး။သူများတွေနဲ့နေရင် သူများသွားသွားချင်းသူများစားစားချင်းနေနိုင်မှတော်ရုံကျမှာပါ။ကိုယ့်အနေအထားနဲ့အဆင်ပြေနိုင်မယ့်သူမျိုးကိုပဲပေါင်းပေါ့နော်။ပေါင်းတာကလည်းဟိုးအမြင့်ကြီးတွေကိုပေါင်း ကိုယ်ကလည်းသူတို့နဲ့တန်းတူဝင်ငွေကမရှိဆိုရင် ကိုယ်ပဲစိတ်ညစ်ရမှာပါ။ လူဆိုတာ အရေးကြီိးတာက ကိုယ့်အထွာကိုယ်သိဖို့ပါပဲ။

 

 အပျင်းကြီးတာ

အပျင်းကြီးတာက ကိုယ့်အတွက်မကောင်းသလို ကိုယ့်နားကလူတွေအတွက်လည်းမကောင်းပါဘူး။တစ်ခုခုကိုလုပ်ဖို့နေ့ရွှေ့ညရွှေ့လုပ်နေတာ၊ရေချိုးဖို့အဝတ်လျှော်ဖို့လောက်ကအစပျင်းနေတာဆိုရင်တော့ သိပ်တော့မဟုတ်ဘူးလို့ပဲပြောပါရစေ။ အပျင်းကြီးတဲ့သူတွေနားမှာဘယ်သူမှမနေချင်ပါဘူး။ဘာမဆိုသူတို့ပဲလုပ်နေရတော့မှာလေ ဟိုကအပျင်းကြီးတာကိုး။ ဒီတော့ တစ်ယောက်ပြီးတစ်ယောက်စွန့်ခွာသွားရင်း နောက်ဆုံးကိုယ့်ကိုကပ်ပြီးဒုက္ခပေးတဲ့ပျင်းတတ်တဲ့စိတ်ရယ်ကိုယ်ရယ်ပဲကျန်ခဲ့တော့မှာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.