မဟာဆန်ဆန်လေးလှပစေဖို့ ဖက်ရှင်ရွေးချယ်နည်းများ

ဆံပင်အရောင်ဆန်းတွေ ဖက်ရှင်အတိုအပြတ်တွေ လန်ပျံထွက်နေတဲ့ဒီဇိုင်းတွေခေတ်စားနေတဲ့ အချိန်မှာ မဟာဆန်ဆန်လေးလှပနေဖို့ဆိုတာက မိန်းကလေးအချို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါ။ အဲ… ယောက်ျားလေးအများစုကလည်း ဖလန်းဖလန်းထနေတဲ့မိန်းမငယ်တွေထက် မဟာဆန်ဆန်နဲ့တည်တည်ငြိမ်ငြိမ်လေးလှနေတဲ့ကောင်မလေးတွေကို ပိုပြီးရင်ခုန်ကြတဲ့အချိန်ရောက်လာပါပြီ။ပါးကွက်ကြီိးကွက်ထားမှ မြန်မာဝတ်စုံကြီးအမြဲဝတ်နေမှ ဆံပင်အရှည်ကြီးထားမှ မဟာဆန်တာမဟုတ်ပါဘူးနော်။လွယ်ကူရိုးရှင်းတဲ့ ဖက်ရှင်နည်းလမ်းလေးအချို့နဲ့ တည်ငြိမ်ပြီးမဟာဆန်တဲ့အလှကိုရရှိပိုင်ဆိုင်နိုင်ပါတယ်။

 

အရောင်အနုတွေကိုရွေးဝတ်ပါ

အရောင်အရင့်တွေက လူကိုပိုရင့်စေပြီး အရောင်စပ်တွေကတော့ ကလေးကလားနဲ့မရင့်ကျက်တဲ့ပုံပေါက်စေပါတယ်။တပြေးတည်းအရောင်နုလေးတွေကတော့ ဝတ်တတ်ရင်ဝတ်တတ်သလို လူကိုအေးချမ်းတည်ငြိမ်တဲ့ပုံပေါ်စေတာမို့ အရောင်နုလေးတွေ ဒါမှမဟုတ်အသားရောင်လေးတွေကိုဝတ်ဖို့အကြံပေးပါရစေ။

 

အရည်အသွေးကောင်းတဲ့ပစ္စည်းတွေကိုသာသုံးပါ

Brand မရှိတဲ့အိတ်တွေအများကြီးဝယ်တာထက် Branded အိတ်တစ်လုံးဝယ်ထားပြီးနှစ်ပေါက်အောင်ကိုင်နေတာကပိုပြီး အိနြေ္ဒရပါတယ်။အခြား ခါးပတ်တို့ အလှပြင်ပစ္စည်းတို့ အဝတ်အထည်တို့လည်းဒီလိုပါပဲ။ မှတ်ထားနော်၊အများကြီးရှိဖို့မလိုဘူး ရှိတာလေးတွေကအမှန်တကယ်သုံးစားလို့ရဖို့ပဲလိုတယ်။

 

အရောင်နုတဲ့ဖိနပ်တွေကိုဝတ်ဆင်ပါ

ကိုယ်တို့တွေက ငယ်ချင်လှချင်လိုက်တာလည်းတစ်ပိုင်းကိုသေလို့ ကြိုက်လိုက်တဲ့အရောင်ကလည်း အနီရင့်တို့ အနက်တို့။ အရောင်အရင့်ဆိုတာ နှုတ်ခမ်းနီကလွဲပြီးမကောင်းပါဘူးနော်။ ဖိနပ်ကို နေ့ခင်းကြောင်တောင်ကြီးမှာ အနက်တို့ အညိုတို့စီးမယ့်အစား ပန်းရောင်လေးတွေ၊အသားရောင်လေးတွေ၊အပြာနုလေးတွေစီးသင့်ပါတယ်။ အဲ.. ကိုယ်ဝတ်မယ့်အဝတ်နဲ့လိုက်အောင်တော့စီးပေါ့နော်။ တော်ကြာ crazy colors တွေဖြစ်ပြီး အိုးနင်းခွက်နင်းဖြစ်နေပါဦးမယ်။

 

အတွင်းခံကိုဂရုစိုက်ပါ

အတွင်းခံတွေဝတ်ဆင်တဲ့အခါ အောက်ကနေကြိုးရာကြီးပေါ်နေတာမျိုး ဖုဖောင်းထွက်နေတာမျိုးကိုဝတ်ဖို့ငြင်းဆိုပါ။ ကိုယ်ကျပ်တွေဝတ်ရင်ပိုသတိထားရပါမယ်။ အောက်ကဘာမှမမြင်ရပဲ ခန္ဓာကိုယ်နဲ့တပြေးတည်းဖြစ်နေတဲ့အတွင်းခံကိုဝတ်ဆင်ပါ။ နောက်တစ်ခုရှိတာက သန့်ရှင်းဖြူစင်တဲ့အတွင်းခံကိုပဲအမြဲတစေဝတ်ဆင်ပါ။ မတော်တဆမူးမေ့လဲရင်လည်း မျက်နှာမပူရဘူးပေါ့။

 

အဝတ်အစား အနွမ်းတွေကိုမဝတ်ပါနဲ့

ဒါကအဓိကပါပဲ။အပြင်သွားလာတဲ့အချိန်မှာ မီးပူခေါက်ရိုးကျိုးနေတဲ့ ဝတ်စုံကလေးနဲ့ မွေးပျံ့သန့်ရှင်းနေရပါမယ်။အဲဒီိ့လိုမမွှေးပျံ့ဘူးဆိုရင်တောင်သင့်အနေနဲ့ နွမ်းဖတ်နေတဲ့အဝတ်တွေကိုတော့မဝတ်သင့်တာအမှန်ပါ။နောက်တစ်ခုက အဝတ်အစားကအရမ်းအသစ်ကြီးမဟုတ်ဘူးဆိုရင်တော့ မီးပူတိုက်ထားတဲ့ပုံစံနဲ့ ကော့ရရော့လေးဖြစ်နေသင့်ပါတယ်။မိန်းကလေးဖြစ်ပြီးဆိုတဲ့ gender discrimination ဆန်ဆန်စကားမျိုးမပြောချင်ပေမယ့် ကြေမွတွန့်ခေါက်နေတဲ့အဝတ်အစားတွေကတော့ ဘယ်လောက်ပဲအတွဲအစပ်ကောင်းကောင်း လူတိုင်းအမြင်မှာ အမှတ်လျော့မှာအသေအချာပါပဲ။

333 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.