ကိုယ့်ချစ်သူနဲ့ပထမဆုံးချိန်းဆိုမှုမှာ မပြောသင့်တဲ့စကားတွေ

ဒါက ယောက်ျားလေးတွေအတွက်ရော မိန်းကလေးတွေအတွက်ပါ အကျုံးဝင်ပါတယ်။ ကိုယ်ချစ်တဲ့သူ ကိုယ့် crush ကနေ ရည်းစားဖြစ်လာတဲ့သူ၊ဒါမှမဟုတ် ဒီလိုပဲ အသိမိတ်ဆွေအဆင့်ကနေရည်းစားဖြစ်လာတဲ့သူ၊သူနဲ့ ပထမဆုံးအကြိမ်ပီပီပြင်ပြင်ချိန်းတွေ့မယ်ဆိုတဲ့အချိန်မှာ မပြောသင့်တဲ့စကားပြောသင့်တဲ့စကားဆိုတာတွေကရှိပါတယ်။ စကားစကားပြောပါများ၊စကားထဲကဇာတိပြဆိုတာက တကယ်မှန်တဲ့အဆိုပါ။ ကိုယ်ကစကားအများကြီးပြောမယ်ဆိုရင် နားထောင်တဲ့သူက ကိုယ့်စကားထဲကနေကိုယ့်အကြောင်းအလုံးစုံကို ထောက်ချင့်ကြည့်မြင်သွားမှာပါ။ ဒီိတော့ အထူးသဖြင့် ကိုယ့်ချစ်သူနဲ့ နောက်တစ်ကြိမ်ထပ်တွေ့ချင်သေးတယ်ဆိုရင် ရှောင်ရမယ့်စကားမျိုးတွေကို သိထားရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

 

ပိုက်ဆံစကားသိပ်မပြောပါနဲ့

သူလစာဘယ်လောက်ရလဲ၊စုဆောင်းငွေဘယ်လောက်ရှိလဲ အိမ်ကဘယ်လောက်ချမ်းသာလဲဘာညာ စတဲ့ပိုက်ဆံနဲ့ဆက်နွယ်တဲ့စကားတွေသိပ်မပြောပါနဲ့။ရည်းစားလိုချင်တာလား ငွေထုတ်စက်လိုချင်တာလားလို့ တစ်ဖက်ကတွေးနေပါလိမ့်မယ်။(တအားမွှန်နေလို့မတွေးမိရင်တောင်တဖြည်းဖြည်းနဲ့တော့ ပထမဆုံးချိန်းတွေ့တဲ့နေ့ကဘာပြောခဲ့တာဆိုပြီး သတိတရဖြစ်လာပါလိမ့်မယ်)

 

ပြတ်သွားရင်နဲ့စတဲ့စကားတွေမပြောပါနဲ့

ဒါကကောင်မလေးတွေလုပ်လေ့ရှိပါတယ်။ ငါကအရမ်းဆိုးတာနော် သည်းခံနိုင်ပါ့မလားဆိုတာမျိုး ကိုယ်ဘယ်လောက်ဆိုးတာ ဘယ်လိုတွေစိတ်ကောက်တတ်အကျင့်ပုတ်တတ်တာဆိုတာမျိုးတွေပြောပြပြီး မင်းဘယ်လောက်ဆိုးဆိုးကိုယ်ကချစ်မှာပါဆိုတဲ့စကားကိုအရသာခံနားထောင်လေ့ရှိကြပါတယ်။ ဒါပေမယ့် တော်ရုံပဲကောင်းပါတယ်။ တကယ်ဆိုးတာပဲဖြစ်ဖြစ် တမင်ပြောတာပဲဖြစ်ဖြစ် တစ်ဖက်ကစိတ်ပျက်ကောင်းပျက်သွားနိုင်ပါတယ်။ စိတ်ပျက်ရင် ကိုယ့်ကိုတကယ်မချစ်လို့ပဲဆိုပြီး အကြောတင်းတင်းနဲ့နေနေရင်တော့ ဒီတစ်သက်ရည်းစားအတည်တကျမရပဲဖြစ်သွားပါလိမ့်မယ်။ နောက်တစ်ခုက ပြတ်သွားရင်ဖောင်းမထုကြေးနော်ဆိုတာမျိုးပြတ်သွားရင်တို့ဝေးသွားရင်တို့နဲ့ စတဲ့စကားတွေလုံးဝမပြောသင့်ပါဘူး။ ခုမှ စDate မှာလေ။ဘယ့်နှယ်ပြတ်ဖို့အရင်တွေးနေရတာလဲ။လူတိုင်းမှာ သည်းခံစိတ်ဆိုတာအတိုင်းအတာတစ်ခုထိပဲရှိပါတယ်။ကိုယ့်ဘက်ကချည်းအသာလိုချင်ပြီး သူများကိုချည်းသည်းခံခိုင်းနေလို့မရပါဘူး။

 

မိသားစုအကြောင်းတွေအရမ်းမပြောပါနဲ့

ကိုယ်နဲ့ချိန်းတွေ့ဖို့လာတာပါ၊သန်းခေါင်စာရင်းလာကောက်တာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်အမေရဲ့တူမတစ်ဝမ်းကွဲရဲ့ ယောက်မအငယ်ရဲ့ သားအကြီးဆုံးက ဘယ်အလုပ်ကကောင်မလေးနဲ့ ကြိုက်နေတယ်ဆိုတာမျိုး ခရေစေ့တွင်းကျရှင်းပြစရာမလိုပါဘူး။ဒါတွေက နောက်သူကိုယ်နဲ့အတည်တကျတွဲဖြစ်သွားရင် တဖြည်းဖြည်းသိလာမယ့်အရာတွေပါ။ ပြောစရာစကားမရှိရင်သူကြိုက်တဲ့ ရုပ်ရှင်ကားတွေအကြောင်း ဒါမှမဟုတ်စာအုပ်တွေအကြောင်းတစ်ခုမဟုတ်တစ်ခုပြောနေလိုက်ပါ။

 

ရည်းစားဟောင်းအကြောင်းလုံးဝမပြောပါနဲ့

သင့်ရည်းစားဟောင်းကိုမမေ့နိုင်ရင်ဘယ်သူနဲ့မှ  မ date ပါနဲ့။မေ့နိုင်ပြီ အကြောင်းတိုက်ဆိုင်လို့သတိရတာပါဆိုရင်လည်းထုတ်မပြောပါနဲ့။ရင်ထဲမှာပဲထားပါ။ သူကမေးရင်လည်းအရင်ကဟာတွေပြန်ပြောစရာအကြောင်းကိုမရှိတာလို့အပြီးပြောထားပါ။ မဟုတ်ရင်အရစ်တွေရှည်ပါလိမ့်မယ်။ဒါမှမဟုတ်လည်း သင်တို့ relationship ဟာ မတည်ဆောက်ခင်ကတည်းက အက်ရာထင်နေပါလိမ့်မယ်။

 

အနာဂတ်အကြောင်းအများကြီးမပြောပါနဲ့

ခုမှ ပထမဆုံးတစ်ခါ စ date ပါတယ်။ ကလေးတွေကိုဘယ်လိုနာမည်ပေးကြမလဲတို့ သားလေးတစ်ယောက်သမီးလေးတစ်ယောက်ယူမယ်တို့၊မိန်းကလေးဆိုရင်လည်း ဇိမ်ခံသင်္ဘောကြီးပေါ်မှာ လက်ထပ်ပွဲကိုခမ်းခမ်းနားနားကျင်းပချင်တာတို့ စတဲ့ စိတ်ကူးအိပ်မက်တွေချပြရမယ့်အခြေအနေနဲ့ အချိန်အခါမဟုတ်သေးပါဘူး။အနည်းဆုံး ခြောက်လလောက်ဒိတ်ပြီးမှ ဒါမျိုးကပြောသင့်တာပါ။ ပထမဆုံးဒိတ်မှာကတည်းက ကိုယ့်စိတ်ကူးစိတ်သန်းတွေဘာတွေညာတွေကိုအကုန်ပြောနေရင်  တစ်ဖက်က လန့်ပြီးလှည့်ပြေးသွားပါလိမ့်မယ်။

 

First Date ကို အထာကျကျဖြတ်သန်းနိုင်ကြပါစေ။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.