တစ်ခါတစ်လေ ကိုယ်မထင်မှတ်ထားတဲ့ အမူအကျင့်တွေဟာ ကိုယ့်ရဲ့တက်လမ်းကို ပိတ်မိနေတတ်တယ်။ ရှုံးနိမ့်ရခြင်းအကြောင်းရင်းတွေထဲမှာ ကိုယ်ရဲ့အမူကျင့်တွေက ရာခိုင်နှုန်းအများဆုံးဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုအမူကျင့်တွေဟာ သင့်ကို ရှုံးနိမ့်စေလဲဆိုတာ ကြည့်လိုက်ရအောင် ။
ရှုံးနိမ့်မှုအတွက် ပတ်ဝန်းကျင်ကလူတွေကို အပြစ်တင်ခြင်း
တစ်ခုခုဆို ဘေးပတ်ဝန်းကျင်ကို အပြစ်တင်တတ်တဲ့ကိစ္စက လူတိုင်းမှာ မသိမသာရှိနေတတ်တယ်။ အကြောင်းရင်းကိုလိုက်ရှာရင်း အပြစ်တင်မိသွားကြတယ်။ ဒီလိုလုပ်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာမဟုတ်ဘူး။ တာဝန်ယူစိတ် ရဲရဲထားထားပါ။ တတ်နိုင်သလောက် သည်းခံစိတ်ထားပြီး ဖြည်းဖြည်းချင်း ဖြေရှင်းလိုက်ရင်ပြေလည်သွားမှာပါ။
အခြားလူနဲ့ လိုက်နှိုင်းယှဉ်ခြင်း
လိုက်မနှိုင်းယှဉ်သင့်မှန်းသိပေမယ့် နှိုင်းမိနေတာပါပဲ။ ဘာကြောင့်လဲ ? လူတွေကကိုယ့်မှာမရှိတဲ့အရာ သူများဆီမှာရှိနေရင် နှိုင်းယှဉ်မိတဲ့စိတ်တော့ ရှိကြတာပဲ။ နှိုင်းယှဉ်မိရာကနေ စိတ်အားငယ်ပြီး သိမ်ငယ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် သနားလာတယ်။ ငါကျတော့ ဘာလို့ဒီလိုမဖြစ်တာလဲ.. ဘာလို့လဲဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်ဓာတ်တွေကျလာတယ်။ ဒီလိုအတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေမယ့်အစား အခွင့်လမ်းကောင်းတွေကိုရှာဖွေရင်း အရည်ချင်းတွေ တိုးတက်လာအောင် အမြဲတမ်း ဓားသွေးသလို သွေးနေပါ။ အချိန်တန်ရင် နေရာတစ်ခုတော့ ရလာမှာပါပဲ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းက အဆိုးဆုံးပါပဲ။ ဘာလုပ်လုပ်အဆင်ပြေမှာမဟုတ်ဘူး။ ရဲစိတ်လေးတင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေလိုက်ပါ။ မဝံ့ရဲလုပ်နေရင် ဆုံးဖြတ်ချက်တွေလွဲမှားနိုင်တယ်။ ဘာနေရာမှာမဆို ငါလုပ်နိုင်တယ်လို့သာ ရဲရဲဝံ့ဝံ့တွေးပါ။ အလုပ်တစ်ခုကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားဖို့ပဲလိုတာပါ။
လွယ်လွယ်အရှုံးပေးခြင်း
ကံတရားကိုအပြစ်ပုံချ ၊ ဘယ်တတ်နိုင်မလဲ ကံတရားပဲပေါ့လို့ လွယ်လွယ်ပြောထွက်နေပြီလား.. သင့်ဘက်က ဘာအားစိုက်မှုလေးတွေလုပ်ပြီးပြီလဲ ? ကိုယ့်ဘာသာပြန်မေးပါ။ ကိုယ်ကအများကြီး အားစိုက်ထားရက်နဲ့ ဘာမှဖြစ်မလာရင်တော့ ဘာမှားနေလည်း ပြန်ဆန်းစစ်ဖို့လိုတာပေါ့။ ကြိုးစားအားထုတ်မှုမပြုပါပဲ ကံတရားပဲလို့ မပြောလိုက်ပါနဲ့ဦး။ စိတ်သာတကယ်ရှိရင် ဖြစ်အောင်လုပ်နိုင်ပါတယ်။
အခြားလူတွေနဲ့ စကားမပြောခြင်း
မိတ်ဆွေ အပေါင်းသင်းများလေ ကိုယ့်အတွက်ကောင်းလေပါပဲ။ ကောင်းတဲ့ မိတ်ဆွေဖြစ်ဖို့တော့လိုတာပေါ့။ အရှုံးသမားတွေဟာ ပတ်ဝန်းကျင်ကလူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲဆိုတာ မသိဘူး။ ခုခေတ်မှာ တစ်သီးတစ်သန့်နေလို့မဖြစ်ဘူး။ အားလုံးနဲ့လိုက်လျောညီထွေရှိနေမှ အဆင်ပြေမှာပါ။ professional life မှာတင်မဟုတ်ဘဲ private life မှာပါ relationship တွေများများ တည်ဆောက်တတ်ဖို့အရေးကြီးပါတယ်။
ပြောသွားတဲ့အချက်တွေမှာ စာဖတ်သူတို့ရော ဘယ်လိုအချက်တွေနဲ့တူနေလဲ?ဒါဆိုရင် ပြင်လိုက်တော့နော်။ မကောင်းမှန်းသိရင် ပြင်နိုင်ရမှာပေါ့။ တစ်သက်လုံးဒီအကျင့်ကြီးတိုင်းသွားနေတော့မှာလား.. ပြင်နိုင်မယ်လို့ထင်လား.. ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေ မျှဝေခဲ့ပါဦး…