ဒီအချက် (၆)ချက်တိုင်း လိုက်နာမယ်ဆို မနက်ခင်းတိုင်းရဲ့ ခံတွင်းနံဟာ သန့်ရှင်းလတ်ဆက်နေမယ်…
မနက်ခင်း အိပ်ယာထလို့ ခံတွင်းနံ, နံ့ခြင်းဟာ သာယာနာပျော်ဖွယ်တော့မရှိဘူး။ ချက်ချင်း အိပ်ယာကနေ ခုန်ထပြီး သွားတိုက်ချင်စိတ်တွေပေါ်လာအောင် နှိုးဆနေသလိုပဲ။ ကိုယ်ချစ်တဲ့သူနဲ့အိပ်ပြီး မနက်ထတဲ့အခါ ခံတွင်းနံ နံနေရင်ပိုဆိုးတယ်။ ကိုယ့်အနံ့ကြောင့် ချစ်သူကိုစိတ်အနှောင့်ယှက်မဖြစ်စေချင်ဘူးလေ။ ရုပ်ရှင်တွေထဲမှာ မင်းသမီးနဲ့ မင်းသား မနက်ပိုင်းအိပ်ယာထလာလို့ကြည့်လိုက်ရင် စကားတွေပြောပြီး အနမ်းတွေ ဖလှယ်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ အဲ့လိုတောင် မလုပ်ရဲဘူး။ ဒါကြောင့် မနက်ခင်း ခံတွင်းနံလေး သန့်စင်နေစေဖို့ ဒီနည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။
(၁) ရေဓာတ်
နေ့ပိုင်းမှာဆို ရေနဲ့ တံတွေးတွေက ပါးစပ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ညပိုင်းမှာဆို ရေဓာတ်ကုန်ဆုံးသွားရင် တံတွေးလည်းခြောက်ကပ်နေတတ်တယ်။ ပါးစပ်ခြောက်ရခြင်းဟာ ဘတ်တီးရီးယားတွေအရမ်းများလာလို့လည်းဖြစ်နိုင်ပါတယ်။ တစ်နေ့လုံး သတိရရင် ရသလို ရေများများသောက်ပေးပါ။ အသက်ပြင်းပြင်းရှုထုတ်ပေးပါ။ ဒီလိုလုပ်ပေးထားရင် အိပ်တဲ့အခါကျ ဘတ်တီးရီးယားနည်းစေပြီး ခံတွင်းနံ့လည်း သန့်စင်စေတယ်။
(၂) အိပ်ယာမဝင်ခင် သွားရော၊ လျှာပါတိုက်ပေးပါ
သွားမတိုက်ပဲ အိပ်ယာဝင်မယ်ဆို သွားမှာညှပ်နေတဲ့ အစားစာတွေက တစ်ညလုံးရှိနေရင် ဘတ်တီးရီးယားတွေပိုပွားလာပြီး မနက်အိပ်ယာထရင် ခံတွင်းနံ ၊ နံ့စေတယ်။ ဘာပဲစားစား ပိုးမွှားဆိုတာ အနည်းနဲ့အများတော့ ပါလာမှာပဲ။ သင့်အနေနဲ့ သွားမှန်မှန်ပဲတိုက်ပေးနေဖို့လိုပါတယ်။ အိပ်ယာမဝင်ခင်လည်း သွားတိုက်တတ်တဲ့အကျင့်ကိုမွေးထားပါ။ သွားတိုက်ရင်း လျှာလေးကိုလည်း တိုက်ပေးပါ။
(၃) မနက်တိုင်း နံနံပင်ဝါးပေး
နံနံပင် မကြိုက်ဘူးဆိုပြီး ခါးခါးသီးသီး ခေါင်းမခါလိုက်ပါနဲ့။ ဒီအရွက်လေးက ကြည့်တော့တာ ဘာမှမဟုတ်ပေမယ့် သူ့မှာကျန်းမာရေးနဲ့ညီညွတ်တဲ့ဓာတ်တွေပါဝင်နေတယ်။ မနက်ခင်း အိပ်ယာထသွားတိုက်ပြီးတိုင်း နံနံပင် နည်းနည်းပဲဖြစ်ဖြစ် ဝါးပေးပါ။ခံတွင်းထဲက ပိုးတွေကို သဘာဝနည်းလမ်းတိုင်းသေစေပြီး ခံတွင်းနံကို သန့်စင်စေတယ်။ နံနံပင်မှာ chlorophyll များစွာပါဝင်တာမို့ ဟင်းချက်တဲ့အခါ ၊ အသုတ်ထဲထည့်တဲ့အခါ မကြိုက်လည်း ထည့်စားပေးပါ။ ကျန်းမာရေးအတွက် ကောင်းလို့ပါ။
(၄) ပန်းသီး
မနက်စာမှာ ပန်းသီးအစိတ်လေးတွေ ဖြည့်ပြီးစားပေးသွားမယ်ဆို မနက်ပိုင်း ခံတွင်းနံဆိုးခြင်းကို သက်သာစေပါတယ်။ ရေဓာတ်များစွာပါဝင်တာမို့ တံတွေးထုတ်လုပ်မှုပိုအားကောင်းတယ်။ ပါးစပ်ထဲမှာ အာခေါင်ခြောက်နေတာတို့မဖြစ်တော့ဘူးပေါ့။
(၅) ပီကေဝါး
ပီကေဝါးခြင်းက ခံတွင်းနံကို သန့်စင်စေပါတယ်။ အထူးသဖြင့် ပူရှိန်းပီကေတွေဆို ပိုအဆင်ပြေတယ်။ ခံတွင်းနံဆိုးခြင်း အဓိကက ပါးစပ်ထဲသကြားဓာတ်များလာခြင်းနဲ့ ရေဓာတ်ကုန်ဆုံးခြင်းကြောင့်ပါပဲ။ ပီကေဝါးခြင်းက ခံတွင်းနံကို ခဏလောက်ပဲ သက်သာစေပါတယ်။ ဒါပေမယ့် ပီကေကို ညပိုင်းဝါးလိုက်ရင် မနက်ပိုင်းအိပ်ယာထတဲ့အခါ ခံတွင်းနံဆိုးစေပြန်တယ်။ ဝါးလိုက်ခြင်းကြောင့် ပါးစပ်ထဲရေဓာတ်မရှိတော့ပဲခြောက်ကပ်သွားတယ်။ ဘတ်တီးရီးယားတွေလည်း ထလာတာကြောင့် ပါးစပ်နံ့စေပါတယ်။
(၆) မုန့်ဖုတ်ဆော်ဒါ
သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆော်ဒါမှုန့်လေး နည်းနည်းထည့်တိုက်ပေးပါ။ သွားတိုက်ပြီး မှ ထပ်တိုက်ပေးလည်းရတယ်။ ကျန်ရှိနေသေးတဲ့ ဘတ်တီးရီးယားတွေကို အမြစ်ဖြတ်ပေးတာပါ။ တစ်နေ့လုံး သင့်ခံတွင်းနံကိုသန့်စင်စေပါတယ်။