ဘာကြောင့်မျက်လုံးချင်းစကားပြောသင့်တာလဲ

မျက်လုံးချင်းစကားပြောနေပြီဘာညာဆိုတာ ဝိုင်းစုခိုင်သိန်းဆိုထားတဲ့သီချင်းကြားဖူးတယ်ဟုတ်။ဒါမှမဟုတ်လည်း ဆင်ပေါက်ရဲ့ “အကြည့်တစ်ချက်…ငါ့ရင်ခုန်သွားတယ်ဟယ်ဟယ်”ဆိုတဲ့သီချင်းတော့လက်ဖက်ရည်ဆိုင်တွေကနေ ဖွင့်နေတာကြားဖူးကြမှာပါ။ အဲဒီ့သီချင်းတွေကဘယ်ကဖြစ်လာတယ်ထင်လို့လဲ… မျက်လုံးချင်းဆုံကြည့်ရာက မျက်လုံးချင်းစကားပြောရာက ဖြစ်လာတာပေါ့။ ဒါကြောင့်ချစ်သူရည်းစားဆက်ဆံရေးမှာပဲဖြစ်ဖြစ် ဆရာတပည့်ဆက်ဆံရေးပဲဖြစ်စေ၊နောက်ဆုံး သင့်အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆက်သွယ်ရာမှာတောင် မျက်လုံးချင်းဆုံပြီးကြည့်ဖို့ကတကယ်အရေးကြီးပါတယ်။ဘာကြောင့်အရေးကြီးတာလဲဆိုတော့

 

မျက်ဝန်းတွေကစိတ်ရဲ့တံခါးပေါက်ဖြစ်လို့ပါ

လူတစ်ယောက်စိတ်ရှုပ်နေလား၊ပျော်နေလား၊ရယ်ချင်နေလား၊အသည်းယားနေလား၊ဝမ်းနည်းနေလား စတဲ့စိတ်ခံစားမှုတွေကို မျက်လုံးတွေကတစ်ဆင့်ကောင်းကောင်းကြီးမြင်နိုင်ပါတယ်။ စိတ်ခံစားချက်ကိုမျက်နှာမှာလာမပေါ်အောင်ထိန်းတဲ့အတတ်ကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတွေတောင် မျက်လုံးတွေကိုတော့ ရုတ်တရက်မထိန်းနိုင်လိုက်ကြတာများပါတယ်။ဒါကြောင့် ကိုယ်ပြောချင်တာကိုနားလည်စေဖို့ သူပြောနေတာကို နားလည်နိုင်ဖို့ ကိုယ်နဲ့ဆက်သွယ်ပြောဆိုနေတဲ့ လူရဲ့မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ဖို့လိုပါတယ်။

 

မျက်လုံးချင်းဆုံကြည့်ခြင်းနဲ့ ယုံကြည်မှုတည်ဆောက်နိုင်တယ်

လူတစ်ယောက်ရဲ့မျက်လုံးတွေကိုအကဲခတ်ခြင်းနဲ့ အဲဒီ့လူလိမ်နေလား အမှန်ကိုပြောနေတာလားဆိုတာသိနိုင်ပါတယ်။ဒါကြောင့်အနောက်နိုင်ငံတွေမှာ ရာဇဝတ်သားတွေရဲ့ မျက်လုံးတွေကို Scan ဖတ်ပြီး အမှုမှန်ဖော်ထုတ်နိုင်တဲ့ဖြစ်ရပ်တွေရှိနေတာပေါ့။ ကိုယ့်ကိုယုံကြည်စေချင်ရင်ပဲဖြစ်ဖြစ် ကိုယ်ကယုံရပါ့မလားလို့ဝေခွဲမရရင်ပဲဖြစ်ဖြစ် အဲဒီ့လူရဲ့မျက်ဝန်းတွေကို အချိန်ကြာကြာစိုက်ကြည့်ပြီးအကဲခတ်နိုင်ပါတယ်။ ကြည့်တော့ကြည့် အားတော့မပါစေနဲ့ပေါ့နော်..တော်ကြာသူ့ကိုကြိုက်နေတယ်ထင်သွားမှ ငါးပါးမှောက်နေဦးမယ်။

 

မျက်လုံးခြင်းဆုံကြည့်ရင်းနဲ့ ကိုယ်ချင်းစာစိတ်တွေဖြစ်ထွန်းလာစေတယ်

လူတွေကအတူတူပါပဲ။ ကိုယ်နဲ့မျိုးနွယ်တူလူတစ်ယောက်ရဲ့မျက်ဝန်းတွေထဲကိုစိုက်ကြည့်လိုက်တဲ့အခါ ဒီလူလည်း ကိုယ့်လိုပဲဘဝကိုဖြတ်သန်းနေရတာပဲ၊သူ့ဘဝမှာဘယ်လိုစိတ်ဒဏ်ရာတွေရှိခဲ့ပါလိမ့်ဆိုတာမျိုး တွေးမိလာစေပါတယ်။ကိုယ်သိပ်မုန်းနေတဲ့သူကိုတောင် မျက်လုံးချင်းဆုံကြည့်မိရင်စိတ်က တမျိုးတဖုံပြောင်းလာတတ်ပါတယ်။ဒါကြောင့် တစ်စုံတစ်ယောက်ကို တောင်းပန်စရာရှိတဲ့အခါ ဖုန်းထဲကတောင်းပန်တာထက် မျက်လုံးချင်းဆုံကြည့်ပြီိးတောင်းပန်တာအကောင်းဆုံးပါပဲ။ လမ်းခွဲတော့မယ့်ချစ်သူတွေလည်းအတူတူပဲပေါ့။ ချစ်တယ်လို့ပြောခဲ့တုန်းက အဲဒီ့မျက်ဝန်းတွေထဲကိုစိုက်ကြည့်ပြီးပြောခဲ့တာမဟုတ်လား။မချစ်တော့ဘူးလို့ပြောဖို့ရော မျက်လုံးချင်းဆုံဖို့ ဘာကြောင့်တွန့်ဆုတ်တွေဝေနေမှာလဲ။

 

မျက်လုံးချင်းဆုံကြည့်တာက ဆွဲဆောင်မှုရှိတယ်

ဆွဲဆောင်မှုလို့ပြောရာမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကိုဆိုလိုပါတယ်။ သင်ကြိုက်တဲ့ကောင်လေးကို မိန်းကလေးမို့ဖွင့်မပြောရဲဖြစ်နေရင် မျက်လုံးချင်းဆုံအောင်သာလိုက်ကြည့်ပါ။ ဒါပေမယ့် တအားတော့ ပြူးပြ ပြဲပြတော့မလုပ်မိစေနဲ့ပေါ့နော်။ဟိုကကြောက်ပါပြီဗျဆိုပြီး ပြေးမှ အသည်းတွေဟက်တက်ကွဲနေရဦးမယ်။ဟုတ်တယ်။ မျက်လုံးချင်းစကားပြောတယ်ဆိုတာ တကယ်တော့ စိတ်ချင်းစကားပြောတာပါပဲ။ မျက်လုံးဆိုတာစိတ်ရဲ့တံခါးပေါက်လို့ဆိုတယ်မဟုတ်လား။ ရန်ဖြစ်ထားကြတဲ့ချစ်သူတွေ အဆင်မပြေတဲ့သူတွေဟာ မျက်လုံးချင်းမဆုံတာကြာလို့စိတ်တွေပါဝေးသွားတာပါ။ Long Distant Relationship တွေအလုပ်မဖြစ်တာ ဒါလည်းတစ်ခုအပါအဝင်ပေါ့။

 

 

364 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.