ကောင်မလေးအများစုသုံးလေ့ရှိတဲ့ အလိမ်အညာစကားလေးတွေ

လိမ်တယ်ညာတယ်လူညာကြီးရယ်ယုံအောင်ဖြီးတတ်တယ်ဘာညာသီချင်းလေးကြားဖူးတယ်မဟုတ်လား။ ဒါက လိမ်တတ်တဲ့ကောင်လေးတွေကိုကောင်မလေးတွေကဆိုထားတဲ့သီချင်းပါ။အဲ.. တကယ့်လက်တွေ့မှာတော့ ကောင်လေးတွေတင်မဟုတ်ဘူး ကောင်မလေးတွေပါ လိမ်တတ်ပါတယ်တဲ့။ သင့်အကျိုးစီးပွားပျက်ပြားအောင် စိတ်ယုတ်မာနဲ့ လိမ်တာမျိုးတော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် မုသားမပါ လင်္ကာမချောဆိုသလို သင်ငြိုငြင်မှာစိုးလို့ ရုတ်တရက်ချက်ချင်းခဏအတွင်းမမျှော်လင့်ပဲဆိုသလို လိမ်လိုက်ရတာမျိုးတွေလည်းရှိတာပေါ့နော်။ ဒီတော့ သင့်ကောင်မလေးက အညာသူလေးလား ရိုးပုံရိုးပန်းလေးလားဆိုတာသိရအောင် သူပြောတဲ့စကားတွေကနေ အကဲခတ်ကြည့်လို့ရအောင် ကောင်မလေးတွေမကြာခဏသုံးဖြစ်နေတဲ့ အလိမ်အညာစကားလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

 

“ရှင်အရင်ရည်းစားနဲ့ဆက်ခင်နေသေးတာ ကျွန်မအတွက်အဆင်ပြေပါတယ်”

မပြေပါဘူး။လုံးဝကိုမပြေတာပါ။ မုန်းကိုမုန်းတာပါ။ သင့်ကိုမယုံလို့မဟုတ်ပါဘူး။ အဲ့ဒီ့အမျိုးသမီးကိုမယုံတာပါ။သင့်ကောင်မလေးက သူဟာသင့်အရင်ရည်းစားထက် ဘယ်လိုပဲချောပါတယ်၊စမတ်ကျပါတယ်၊အသိညဏ်ရှိပါတယ်လို့ သူ့ကိုယ်သူယုံကြည်ထားလည်း သင်နဲ့အမှတ်တရတွေအများကြီးရှိခဲ့တဲ့အဲဒီ့အမျိုးသမီးကသင့်ကိုပြန်ရဖို့ကြိုးစားနိုင်တဲ့အချက်ပေါင်းများစွာကိုသူမသိရှိထားပါတယ်။ ဒါကြောင့်မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ခင် အဲဒီ့ရည်းစားဟောင်းနဲ့အဝေးဆုံးမှာနေလိုက်ပါ။

 

“ကျွန်မက အစားကြီးတယ်နော် ရှင်တော့ဒုက္ခပဲ”

တကယ်တော့ ဘာမှကိုသိပ်မစားတာပါ။ ဒါပေမယ့် စားရတာကိုနှစ်ခြိုက်တယ်၊သင်နဲ့အတူစားသောက်ရယ်မောရတာကိုသူမပျော်ရွှင်တယ်၊သင့်ပန်းကန်ထဲက စားစရာကိုသူမအနိုင်ကျင့်ဗိုလ်ကျတဲ့အခါ သင်စိတ်ဆိုးချင်ယောင်ဆောင်ပြတဲ့အမူအရာလေးကိုသူမချစ်မက်တယ်။ ဒါကြောင့် သင်တို့ရဲ့တွေ့ဆုံမှုမှာ စားရေးသောက်ရေးကအဓိကဖြစ်နေတတ်တာပါ။ အဲ… မင်းကအရမ်းအစားကြီးတာပဲကွာလို့တော့ စသလိုနောက်သလိုတောင်မပြောမိပါစေနဲ့။အဲဒီ့စကားဟာ သင်တို့ကြားက တတိယကမ္ဘာစစ်ကို စတင်လိုက်တဲ့ တိုက်ပွဲခေါ်သံဖြစ်လာမှာဖြစ်သလို သူမကိုလည်း တစ်လလောက်အစာအငတ်ခံစေတဲ့အထိ သက်ရောက်မှုပြင်းတတ်ပါတယ်။ မှတ်ထားနော်။ချစ်ရင် အစားအသောက်နဲ့ပက်သက်ပြီိးမဝေဖန်နဲ့။

 

“ဘာမှထွေထွေထူးထူးလက်ဆောင်တွေဘာတွေပေးမနေပါနဲ့ ကလေးကလား”

ဒါမျိုးကို အထိမ်းအမှတ်နေ့တစ်ခုခုအတွက် သူမဘာလိုချင်လဲလို့မေးလိုက်တဲ့အခါတိုင်းမှာကြားရတတ်ပါတယ်။ဒါပေမယ့် ဒီစကားကအမှန်မဟုတ်ပါဘူး။ သူမဒီလိုပြောတာတောင် သင်ကသူမအတွက် အမှတ်တရလေးတစ်ခုခုဝယ်သွားပေးတယ်၊လုပ်သွားပေးတယ်ဆိုရင် ကြည့်စမ်း..ငါဘာမှမလိုချင်ဘူးပြောတာတောင် သူကဒီလိုတွေလုပ်လာပေးတယ်။ငါ့ကိုအတော်ချစ်ရှာပါလားဆိုပြီးအမှတ်တွေပေးနေမယ့်အပြင်တစ်လလောက်တော့ ရစ်တာတွေကဂျီကဂျောင်ကျတာတွေ မရှိတော့ပဲ လိမ်မာနေမှာပါ။

 

“အဲ့ဒါက လျှော့ဈေးနဲ့ရောင်းနေတာ.. တအားတန်တာကိုကိုရ”

သူလိုချင်တာတစ်ခုခုဝယ်လာပြီးရင် သင်ဆူမှာစိုးလို့ကြိုကာထားတဲ့စကားပါ။ ဘယ်ကသာလျှော့ဈေးရမှာတုန်း၊ဈေးတောင်အတော်လေးကြီးရင်ကြီးနေဦးမယ် ဒါပေမယ့် သူမတအားလိုချင်လို့ မျက်စိမှိတ်ပြီးဝယ်ခဲ့တယ်လေ… သင်ဆူတာမခံရအောင်တော့ ပလီပလာတီတီတာတာနဲ့ ညဏ်များရတော့မှာပေါ့။

 

“ကျွန်မ မက်တာရှင့်ကို ရှင့်ပိုက်ဆံတွေမဟုတ်ဘူး”

ဒီတစ်ခုကတော့ အမှန်တရားကနည်းနည်းတော့ခါးတယ်လို့ပြောရမလားပဲ။ သူမ သင့်ကိုချစ်ကောင်းချစ်ပါလိမ့်မယ်။ဒါပေမယ့် သူမရဲ့လစာတစ်ခုတည်းနဲ့ပဲ သင်တို့ရဲ့အချစ်ရေးကိုရှေ့ဆက်နေရမယ်ဆိုရင်တော့ ကြာကြာချစ်နိုင်မယ်မဟုတ်ဘူး။သင့်အနေနဲ့တအားချမ်းသာစရာမလိုပါဘူး၊သူမ စားချင်တာလေးတွေဝယ်ကျွေးနိုင်ဖို့ သူမကိုရံဖန်ရံခါလက်ဆောင်ပဏ္ဏာလေးတွေဆက်သနိုင်ဖို့လောက်ပဲတည်မြဲတဲ့ ငွေစီးကြောင်းတစ်ခုရှိရင် ရပါပြီ။ဘယ်မိန်းကလေးမှတော့ ငမွဲနဲ့တူနှစ်ကိုယ်တဲအိုပျက်မှာမနေချင်ပါဘူး။မိန်းကလေးတွေကအဲ့လောက်မတုံးကြတော့ဘူးလေ။

905 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.