မှန်မှန်ကန်ကန်မျှော်လင့်တတ်ကြဖို့

အကောင်းဆုံးကိုမျှော်လင့်ပြီးအဆိုးဆုံးအတွက်ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာကြားဖူးကြမှာပါ။ဘဝမှာ သိပ်နာကျင်ဖူးကြတဲ့သူတွေက မျှော်လင့်ချက်ဆိုတာကို မထားကောင်းတဲ့အရာလို့သတ်မှတ်ကြ့ပီး ဘဝအတွေ့အကြုံရယ်လို့ သိပ်မရှိသေးသူတွေကတော့ ရင်ဘတ်ကြီးနဲ့အပြည့်မျှော်လင့်ထားတတ်ကြပါတယ်။တကယ်တမ်းတော့ ဘုရားရှင်ဟောကြားခဲ့သလို မဇ္ဇျိမပဋိပဋာ အလယ်အလတ်သောခေါင်းစဉ်သည်သာအကောင်းဆုံးပါ။ မျှော်လင့်ချက်တွေတစ်ပုံကြီးထားပြီး မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာရင် ရင်ကွဲနာကျရမယ်ဆိုပေမယ့်လူသားမျိုးနွယ်ဆိုတာက မျှော်လင့်ချက်နဲ့ပဲအသက်ရှင်နေကြတာမဟုတ်လား။ဒီိတော့ တစ်စုံတစ်ခုကို ဘယ်လိုမှန်ကန်တဲ့နည်းလမ်းတွေနဲ့မျှော်လင့်ရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

 

အသက်နဲ့မရင်းပါနဲ့

အချစ်ရေးလား။စီိးပွားရေးလား။ ဘယ်အရာကမှ အသက်တစ်ချောင်းလောက်အရေးမပါပါဘူး။ကိုယ်ကမင်းကိုအသက်လောက်ချစ်တာတို့ မင်းနဲ့မှမရရင်သေမှာတို့ဘာတို့ဟာရုပ်ရှင်ထဲမှာတောင် နားထောင်မကောင်းပါဘူး။အလကားအပိုတွေမှန်းသိနေတာကိုး။ ဒီိတော့ ဘယ်အရာကိုမှ အသက်နဲ့ထပ်တူလို့တန်ဖိုးမဖြတ်မိပါစေနဲ့။တစ်ခုခုမှားသွားရင် ရှစ်ထပ်တိုက်ဝရန်တာပေါ်က ခုန်ချလာမယ့်သူဟာ သင်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာတဲ့တုန်း။ ဒီတော့ ကြိုတင်ရှောင်ရှားပါ။

 

Back Up Plan ထားပါ

ဘယ်အရာမှာပဲဖြစ်ဖြစ် Plan A, Plan B ဆိုတာမျိုးထားသင့်ပါတယ်။ ဒီတစ်ခုထဲကိုယုံမှတ်လို့ပုံအပ်တာမျိုးမလုပ်သင့်ပါဘူး။ ဒီတစ်ခုကိုတော့တအားမျှော်လင့်ထားတယ်။အိုခေ..ဒါနဲ့အလုပ်မဖြစ်ရင် မပြောကောင်းမဆိုကောင်းအစီအစဉ်တွေကမောက်ကမဖြစ်သွားခဲ့ရင်လည်း ကိစ္စမရှိဘူး၊နောက်တစ်ခုလာမယ်ဆိုတာမျိုးဖြစ်သင့်ပါတယ်။

 

ပေါ့ပျက်ပျက်သဘောမထားပါနဲ့

တအားတွေပေါ့ပေါ့တန်တန်သဘောထားရင်လည်း ကိုယ်မျှော်လင့်တဲ့အရာကိုရမှာမဟုတ်ပါဘူး။လိုချင်တာမှန်သမျှမရတတ်လွန်းလို့ ဘယ်အရာမှ လိုချင်တယ်လို့မပြောတော့ဘူး၊ခပ်ချေချေပဲနေတော့တယ်ဆိုတာက ရုပ်ရှင်ထဲကဒိုင်ကြောင်တွေပါ။ မိန်းကလေးတစ်ယောက်ကိုလိုချင်ဦးတော့ သူ့ကိုသင်ဘယ်လိုသဘောထားပါတယ်ဘာညာကတော့ပြရဦးမှာပဲလေ။ ဘဝမှာဘာမှအရေးမကြီးဘူးလို့တွေးထားရင် အရေးမပါတာတွေပဲပိုင်ဆိုင်ရပါလိမ့်မယ်။

 

အကောင်းမြင်စိတ်ရှိပါ

ကိုယ်မျှော်လင့်ထားတဲ့အရာကို လူတစ်ယောက်ဆီက၊ဒါမှမဟုတ် အစုအဖွဲ့တစ်ခုဆီက ရမှာဆိုရင် အဲ့ဒီ့ဘက်က အခြေအနေအရပ်ရပ်ကိုလည်းနားလည်ထားသင့်ပါတယ်။ ဥပမာအားဖြင့် အလုပ်မှာ အသင်းအဖွဲ့နဲ့လုပ်ဆောင်ရတဲ့အလုပ်တစ်ခု ပရောဂျက်တစ်ခုလုပ်ရတယ်ဆိုပါတော့.. အဲဒီ့ပရောဂျက်သာအောင်မြင်ရင် သင်ရာထူးတိုးမယ်ပဲထား၊သင်ရော အဖွဲ့ဝင်တွေရောအကောင်းဆုံးကြိုးစားခဲ့ကြတယ်၊ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲတစ်စုံတစ်ခုမှားယွင်းသွားခဲ့တယ်။ ဒီတော့ သင်ရာထူးမတိုးတော့ဘူး။ဒါကိုသင်ဘယ်လိုတုံ့ပြန်မလဲဆိုတာက အဓိကကျပါတယ်။ မှားယွင်းသွားတာကိုတရားခံရှာပြီးအော်ငေါက်ငြူစူနေမှာလား။ အမှားလုပ်မိတဲ့သူကို နောက်မလုပ်နဲ့နော်လို့ကောင်းကောင်းမွန်မွန်ပြောမှာလား။ ဒီလူကတော့ ငါရာထူးတိုးမှာစိုးလို့တမင်ဒီလိုလုပ်တာလို့ ချော်တောငေါ့ပြီးမကောင်းမြင်နေမှာလား။ ဒီလိုဆိုရင်တော့ သင့်အလုပ်ပတ်ဝန်းကျင်မှာ ရလာဒ်ကကောင်းစရာမရှိပါဘူး။ဒီလိုလုပ်ခြင်းအားဖြင့်ဘာမှပြောင်းလဲသွားမှာလည်းမဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုခုဆိုသူ့ဘက်ကိုယ့်ဘက်မျှတွေးပြီးအကောင်းမြင်စိတ်ထားရှိဖို့က အရေးကြီးပါတယ်။

244 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.