ယောက်ျားတို့ဘုန်းလက်ရုံး မိန်းမတို့ဘုန်း ဆံထုံးဆိုတာကြားဖူးကြရဲ့မဟုတ်လား။ ဒါကအရင်ခေတ်ကပါလေ..ခုခေတ်မှာတော့ မိန်းကလေးတွေရောယောက်ျားလေးတွေပါ ဆံပင်တွေကောက်လိုက်ဖြောင့်လိုက်ဆေးဆိုးလိုက်နဲ့ ခေါင်းပေါ်ကဆံပင်ကို သူ့ဘာသာအေးဆေးမနေရအောင် ဒုက္ခပေးတဲ့ရောဂါဟာ ကမ္ဘာအရပ်ရပ်ကလူထုအတွင်းထဲကိုလှိုက်စားနေကြပါပြီ။ ဒီတော့ ခဏခဏအထိုးအကြိတ်အသတ်အပုတ်ခံနေရတဲ့ လက်ဝှေ့သမားတွေဟာ ကြီးလာရင်ကိုးဆယ့်ခြောက်ပါးရောဂါတွေပေါ်လာပြီးမြန်မြန်ကြီးကိုပဲ မပြန်လမ်းကိုကြွမြန်းတတ်သလို အမျိုးစုံလုပ်ခံနေရတဲ့ ခေါင်းပေါ်ကဆံပင်တွေဟာလည်း ဘာသားနဲ့ထုထားတာမို့တုန်း၊ခြောက်ကပ်ပွယောင်းပြီး အဖျားနှစ်ခွတွေဖြစ်.. မသေရုံတမယ် ယဲ့ယဲ့လေးသာကျန်တော့တာပေါ့။ ဒါပေမယ့် စိတ်မပူပါနဲ့။ပျက်စီးနေတဲ့ဆံပင်တွေကို ဈေးကြီိးပေးပြီး ဆိုင်တွေမှာ Hair Rebonding သွားလုပ်စရာမလိုတော့ပါဘူး။ Rebonding ကတော့မြန်တာပေါ့လေ။မြန်သလိုဈေးကလည်းကောင်းသကိုး။ Rebonding အတွက်ပိုက်ဆံမတတ်နိုင်သူတွေကတော့ အချိန်လေးနည်းနည်းပေးပြီး စိတ်လေးရှည်ပေးရုံနဲ့တင် လအနည်းငယ်အတွင်းမှာ Rebonding လုပ်သလို အကျိုးကျေးဇူးမျိုးရနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ မသိသူကျော်သွားသိသူဖော်စားဆိုသလို မသိလို့ကျော်သွားတာမျိုးမဖြစ်လိုက်ရလေအောင် ကျန်းမာလှပတဲ့ဆံကေသာကို ဘယ်လို အရယူကြမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
ဦးရေပြားကိုနှိပ်နယ်ပေးပါ
လူတွေဟာ ဆံသားကောင်းဖို့ကိုပဲ အာရုံထား အင်တိုက်အားတိုက်တွေလုပ်နေကြပြီး ဆံပင်တွေဟာ ဦးရေပြားထဲကတိုးထွက်လာတယ်ဆိုတဲ့ အရှိတရားကို မေ့နေတတ်ကြပါတယ်။မိဘကောင်းမှ ကလေးကောင်းမယ်၊မူရင်းကောင်းမှ မိတ္တူကောင်းမယ်ဆိုတာလည်းအရှိသားမဟုတ်လား။ ဒီတော့ ဆံသားကိုပြုစုပျိုးထောင်ရာမှာ ဦးရေပြားဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေကြောင်း သတိပြုဖို့လိုပါတယ်။ ဦးရေပြားကိုနှိပ်နယ်ပေးရာမှာ စက်ဝိုင်းပုံနှိပ်ပေးရပါမယ်။ ခေါင်းလျှော်နေတုန်းနှိပ်ပေးလို့ရသလို ခေါင်းလျှော်ပြီးသွားမှ ဆီလူးရင်းနှိပ်ပေးလို့လည်းရပါတယ်။ သံလွင်ဆီ၊ဗာဒံဆီ၊လက်ဖက်စိမ်းဆီ စသဖြင့် ကိုယ်ကြိုက်တဲ့အဆီတစ်မျိုးမျိုးကို ရွေးချယ်ပြီး လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေကို နှိပ်နယ်ပေးရပါမယ်။ ဦးရေပြားကို နှိပ်နယ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဦးရေပြားရဲ့မွှေးညင်းပေါက်လေးတွေကို ပွင့်စေတာကြောင့် ဆံသားကိုကျန်းမာစေပါတယ်။
ဆံပင်အဖျားတွေကို မကြာခဏတိပေးပါ
မကြာခဏလို့ပြောတာနော်။ခဏခဏလို့ပြောတာမဟုတ်ပါဘူး။ အလကားနေခဏခဏသွားတိနေရင် ဆံပင်ကအားတိတ်သွားပြီး ထွက်မလာပဲနေပါလိမ့်မယ်။ ဆံပင်အဖျားတွေကိုခဏခဏတိပေးခြင်းအားဖြင့် ဆံပင်နှစ်ခွဖြစ်နေတာတွေ အဖျားရှုးနေတဲ့ဆံပင်တွေကို ညှပ်ထုတ်လိုက်သလိုဖြစ်ပြီးဆံပင်ရဲ့အရှည်နှုန်းကိုအားပေးသလိုဖြစ်စေတာကြောင့် ဆံပင်ကျန်းမာသန်စွမ်းအောင်အထောက်အကူပေးပါတယ်။
ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးကို နှစ်အချိုးတစ်နဲ့သုံးပါ
တစ်အချိုးတစ်ဆိုတာမဟုတ်ဘူးညာတာ တကယ်ကနှစ်အချိုးတစ်၊ဒါတွေအားလုံးရှင်းပစ်တဲ့အချိန်ကျတော့ မင်းကငါ့ကိုထားရစ်..ချစ်ခဲ့တာလေးနှစ်.. အဲလေ ဆောရီးဆောရီး စိုင်းစိုင်းသီချင်းနဲ့မှားကုန်ပြီိ။ နှစ်အချိုးတစ်နဲ့သုံးပါဆိုတာ ခေါင်းလျှော်ရည်တစ်ထုပ်ဆိုရင် ပျော့ဆေးနှစ်ထုပ်သုံးဖို့ပြောတာပါ။ ကိုယ်တို့အများစုက ခေါင်းလျှော်ရည်သုံးပြီးပြီးပြီဆိုထားလိုက်ကြတာ၊ဆံပင်ပျော့ဆေးတောင်သိပ်ပြီးသုံးချင်ကြတာမဟုတ်ဘူး။ အလုပ်ရှုပ်တယ်လေ..ဘာထူးခြားလို့တုန်းဆိုပြီးနှုတ်ခမ်းတောင်စူချင်ကြသေးတာ။ဟုတ်တယ်ဟုတ်။ တကယ်တမ်းကတော့ ထူးခြားတာမှတော်တော်လေးကိုထူးခြားပါသတဲ့။ ခေါင်းလျှော်ရည်ဆိုတာက ဦးရေပြားပေါ်ကအညစ်အကြေးတွေတင်မဟုတ် ဆံသားအတွက်လိုအပ်တဲ့အဆီတွေကိုပါ စုပ်ယူချသွားတာမို့ ခေါင်းလျှော်ရည်သုံးပြီးဒီိတိုင်းထားမယ်ဆိုရင် ဆံသားခြောက်သွေ့တာတွေ ကျွပ်ဆတ်တာတွေဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ရည်သုံးပြီးပျော့ဆေးများများပါတစ်ခါတည်းတွဲသုံးပေးမှ ဆံသားကိုနူးညံ့ပျော့ပျောင်းစေမှာပါ။ တစ်ခုရှိတာက ဆံပင်ပျော့ဆေးတွေကို စင်အောင်ဆေးချပေးဖို့တော့လိုပါလိမ့်မယ်။မစင်ရင် ဗောက်တွေကပ်တွယ်လာတတ်လို့ပါ။
ဆံပင်ပေါင်းတင်တာကို တစ်လတစ်ခါအနည်းဆုံးလုပ်ပေးပါ
ဆိုင်မှာသွားပေါင်းတင်စရာမလိုပါဘူး။ ဘတ်ဂျတ်လည်းမထိခိုက် ဆံသားအတွက်အကူအညီလည်းဖြစ်အောင် အိမ်မှာပဲ ကြက်ဥအကာနဲ့ပေါင်းတင်လိုက်ပါ။ ကြက်ဥအကာကိုခေါင်းမလျှော်ခင်လိမ်းထား နာရီဝက်လောက်နေမှခေါင်းလျှော်လိုက် အဲ.. ပိုတဲ့ကြက်ဥအနှစ်တွေကိုတော့ ခေါင်းလျှော်ပြီးမှ ပေါင်မုန့်နဲ့ပူပူနွေးနွေးလေးကြော်စားလိုက်ပေါ့။ ဒီိအကြံကလေး မသင်းပါလား။
ဆံပင်ကို တင်းကြပ်နေအောင်မစည်းနှောင်ပါနဲ့
ဆံပင်ပိုနီတေးမြင့်မြင့်စီးတဲ့ကောင်မလေးတွေကို ကြွေတယ်ဘာညာဆိုပြီး ယောက်ကျားလေးတွေပြောတိုင်း အဟုတ်ကြီးထင်ပြီး တစ်သက်လုံးစည်းမနေပါနဲ့နော်။ကြားထဲကအချောင်ပျက်စီးရမှာက ကိုယ့်ဆံပင်တွေပါ။ ဆံပင်ကိုတင်းကြပ်နေအောင်စည်းနှောင်ထားခြင်းဟာ ဦးရေပြားကိုဆုပ်ဆွဲထားသလိုဖြစ်တာကြောင့် သွေးလည်ပတ်မှုတွေနှောင့်နှေးနှေးကွေးစေတဲ့အပြင် စည်းထားတဲ့အရာဝတ္ထုရဲ့ပွတ်တိုက်မှုပေါ်လိုက်ပြီးဆံပင်တွေပျက်စီးနိုင်ပါသေးတယ်။ တစ်ခါတစ်လေက ကိစ္စမရှိပေမယ့် အမြဲတစေဆံပင်စည်းထားခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။