ကိုယ်ပိုင်အလုပ်လုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

လူတိုင်းနီးပါး ကိုယ်ပိုင်အလုပ်လုပ်ဖို့အိပ်မက်တွေမက်ဖူးကြပါတယ်။ ရုံးကိုနေ့တိုင်းသွားနေစရာမလိုတော့ဘူး။လစာထုတ်မယ့်ရက်ကိုမျှော်နေစရာမလိုတော့ဘူး၊စသဖြင့်ပေါ့။ ဒါပေမယ့် Nothing comes easy ဆိုသလိုပဲ လွယ်တဲ့အလုပ်ဆိုတာတော့ မရှိပါဘူး။ ကိုယ်ပိုင်အလုပ်ဆိုတာက လမ်းဘေးမှာအသုပ်ရောင်းတာကအစ ကိုယ်ပိုင်Company တစ်ခုထောင်တာအထိ ကိုယ်တိုင်ဦးစီးဦးရွက်ပြုရတာဆိုတော့ ခေါင်းရှုပ်ရမယ် မနိုင်မနင်းဖြစ်မယ်၊ဒီလိုနဲ့ ရှုံးနိမ့်ကျဆုံးသွားတာတွေလည်း ဒုနဲ့ဒေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပိုင် Start-up Business တစ်ခုကိုစတင်ဖို့အိပ်မက်မက်နေသူတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

 

စာရင်းအင်းဖိဖိစီးစီးလုပ်ပါ

အိမ်ရှင်မတစ်ယောက်ရဲ့နေ့စဉ်ဈေးဝယ်စာရင်းကအစ လုပ်ငန်းကြီးတွေရဲ့ဝင်ငွေထွက်ငွေရှင်းတမ်းတွေအထိ စာရင်းကသိပ်ကိုအရေးပါတာသိကြမှာပါ။ ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ စာရင်းအင်းနိုင်နင်းဖို့ပါပဲ။ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးဆိုရင်လည်း သွားရင်းလာရင်းလမ်းဘေးမှာတစ်ခုခုဝယ်စားမိတာလေးတွေကအစ မဖြစ်မနေကို သုံးငွေထဲထည့်ပါ။ မထည့်မိတဲ့သေးသေးလေးတွေက စုလာပြီး များပြားတဲ့အသုံးစရိတ်ဖြစ်လာတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုတာကိုယ်က တအားချမ်းသာနေတဲ့သူမဟုတ်ရင် သေးသေးလေးကပဲစရမှာပါ။ ခုခေတ်မှာတော့ Expense Manager လို App တွေရှိနေပြီဆိုတော့ ဖုန်းထဲကနေ ကိုယ့်တစ်ကိုယ်ရေအသုံးစရိတ်ရော ရုံးရဲ့ဝင်ငွေထွက်ငွေတွေပါအလွယ်တကူ ကြည့်ရှုပြင်ဆင်နိုင်တော့မှာပါ။

 

အကြံညဏ်သစ်တွေဖော်ဆောင်ပါ

ကိုယ်လုပ်မယ့်အလုပ်နဲ့ဆိုင်တဲ့ဗဟုသုတတွေရှာဖွေသိုမှီးပါ။ကိုယ်လုပ်မယ့်လုပ်ငန်းနဲ့ဆိုင်တဲ့စာအုပ်တွေ research တွေလိုမျိုး များများရှာဖတ်ပါ။စာဖတ်ခြင်းနဲ့မထင်ထားတဲ့ အကြံညဏ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ။ ရတဲ့အကြံကိုလည်း သူ့အတိုင်းတိုင်းမထားလိုက်ပါနဲ့ ဘယ်လိုလက်တွေ့ဖော်ဆောင်ရမလဲဆိုတာ နေ့ရှိသရွေ့တီထွင်ကြံဆပါ။ လက်တွေ့ဖြစ်လာအောင်ကြိုးပမ်းပါ။

 

လူမှုဆက်ဆံရေးကောင်းပါစေ

စီးပွားရေးသမားတွေဘယ်လောက်ယဉ်ကျေးကြသလဲမြင်ဖူးကြလား။ လူ့အသိုင်းအဝိုင်းထဲမှာနေရင်တော့ လူမှုဆက်ဆံရေးကောင်းတဲ့သူကတစ်ပန်းသာတာအမှန်ပါပဲ။ ဈေးထဲမှာဈေးရောင်းတဲ့သူအချင်းချင်းတောင်မှ ဈေးခေါင်းတွေနဲ့တည့်ရင်နေရာကောင်းရတယ်ဆိုတာမျိုး ရှိသေးတယ်မဟုတ်လား။ဒီလိုပဲပေါ့ Company အလုပ်တွေ၊နိုင်ငံရေးတွေမှာလည်း၊အဓိကက အပြောအဆိုပြေပြစ်ချောမောဖို့ပါပဲ။ နှုတ်ချိုလျိုတစ်ပါး၊အပြောကောင်းရင်လေယာဉ်ပျံတောင်အလကားစီးလို့ရတယ်ဘာညာ စကားပုံတွေလည်းအရှိသားပဲနော်။

 

အတွေ့အကြုံရှိသူတွေနဲ့နှီးနှောဖလှယ်ပါ

ကိုယ်က ဒီနယ်ပယ်ထဲကိုခုမှစဝင်မယ့်သူဆိုရင် ကိုယ့်ထက်အတွေ့အကြုံရှိတဲ့သူတွေ၊ကိုယ့်ရဲ့စီနီယာတွေကို လက်ဖက်ရည်တိုက်တန်တိုက်၊တစ်ဝိုင်းကျွေးတန်ကျွေးနဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ကြုံသလိုနားထောင်ဆည်းပူးပါ။ (ဂျင်းထည့်ခံရရင်တော့ ကိုယ်ကတုံးလွန်းလို့ပဲမှတ်ပါတော့) တကယ်ပြောပြမယ့်သူနဲ့ဂျင်းကျွေးမယ့်သူကိုတော့ ရှင်းရှင်းလင်းလင်းခွဲခြားတတ်သင့်တာပေါ့နော်။ ကိုယ်ကစီးပွားရေးလုပ်မယ့်သူကိုး။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.