Pizza Hut ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ…

မြန်မာနိုင်ငံမှာလည်း ပီဇာစားသုံးသူတွေများပြားလာပြီဆိုတော့ ကိုယ်စားနေတဲ့ စားသောက်ကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့သမိုင်းကြောင်းလေးလည်း သိချင်ကြမယ်ထင်ပါတယ်။ Pizza Hut ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ?

Pizza Hut တည်ထောင်သူနှစ်ဦးက Dan Carney နဲ့ Frank Carney ညီအစ်ကိုတွေဖြစ်ပါတယ်။ Dan နဲ့ Frank တို့နှစ်ယောက် Kansas ပြည်နယ်မှာ ၊ Wichita မှာကောလိပ်တက်နေတုန်း အရှေ့ ဘက်ကမ်းခြေတွင် ဂျုံမှုန့်ညှက်မုန့်တွေ လူကြိုက်များနေတယ်လို့ သူငယ်ချင်းတစ်ယောက်က New York Post သတင်းစာမှာဖတ်မိပြီး သူတို့ကို ပီဇာဆိုင်တစ်ဆိုင်ဖွင့်ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခေတ်ကာလမှာတော့ ပီဇာဆိုတာ လူသိနည်းသေးတယ်။ သူတို့နေထိုင်တဲ့ Kansas ပြည်နယ်မှာဆို ကြားတောင်ကြားဖူးဘူး။ သူတို့ ပီဇာဆိုင်လေးဖွင့်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း သိတာမဟုတ်ဘူး။ အရင်ဆုံး သူတို့အမေဆီကနေ ဒေါ်လာ(၆ဝဝ)ချေးကာ ပီဇာလုပ်နည်းနဲ့ပတ်သတ်ပြီး အတွေ့အကြုံရှိတဲ့လူတစ်ယောက်နဲ့ ဖက်စပ်တွဲလုပ်ပါတယ်။ ထိုလူက မုန့်စပ်နည်းပေးပြီး ညီအစ်ကိုနှစ်ယောက်ကတော့
လိုအပ်တာတွေလုပ်တယ်။ ရန်ပုံငွေတွေကို ပီဇာလုပ်ဖို့ ပစ္စည်းအစုံလင်နဲ့ အိမ်ငှားဖို့အတွက်သုံးလိုက်ကြတယ်။ Pizza Hut ဆိုတဲ့နာမည် ဖြစ်ပေါ်လာပုံက သူတို့ငှားထားတဲ့ အဆောက်အုံမှာ ဆိုင်းဘုတ်က နာမည်ရေးဖို့ စာရေးရှစ်လုံးစာ နေရာပဲရတယ်။ ပီဇာဆိုတဲ့ စကားလုံးက မဖြစ်မနေပါရာမှာမို့ နောက်ထပ်သုံးလုံးကိုကြတော့ သူတို့အဆောက်အုံဟာ” တဲ” နဲ့တူတဲ့အတွက် Hut ဆိုပြီး ပေးလိုက်ကြတယ်။

၁၉၅၈ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လူဦးရေ ၂၅ယောက်သာဆန့်တဲ့ သူတို့စားသောက်ဆိုင်လေးမှာ ဘီယာနဲ့ ပီဇာမှာယူစားသောက်နိုင်တယ်။ လူတွေရဲ့စိတ်ဝင်စားမှုက အဓိကကျတဲ့အတွက် ဆိုင်ဖွင့်တဲ့နေ့မှာ အားလုံးကိုအခမဲ့ဝင်မြည်းစေခဲ့တယ်။ အဲ့ဒီမှာ နာမည်သိပ်မကြီးသေးတော့ ပီဇာဆိုတာကို အခုမှစားဖူးပြီး အရသာကိုအရမ်းသဘောကျလို့ ပါဆယ်တွေဝယ်သွားကြတာမနည်းဘူး။ တစ်ယောက်စကား တစ်ယောက်လွှင့်ရင်းဆိုင်ရဲ့ကျော်စောမှုအရှိန်ဟုန်က တဖြည်းဖြည်းမြင့်တက်သွားခဲ့တယ်။ ဒီလောက်အောင်မြင်လိမ့်မယ်လို့လည်း ညီအစ်ကိုနှစ်ယောက်လုံးမထင်ထားခဲ့ဘူး။ အစကတော့ သူတို့နှစ်ယောက် ဘွဲ့ကြိုသင်တန်းအတွက် အသုံးစရိတ်ရအောင် ရှာခဲ့တာဖြစ်ပြီး အခုရောင်းရငွေအမြတ်က ဒေါ်လာ ၁၅ဝဝ(ယနေ့တန်ဖိုး ၁၁ဝဝဝ) ဆိုတော့ အားလုံးက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတယ်။ သူတို့ရဲ့ပီဇာဟာ ပေးရတဲ့ဈေးနဲ့တန်အောင် လူတိုင်းရဲ့ပါးစပ်ဖျားမှာ အစပ်ဟပ်တည့်တာကြောင့် လအနည်းငယ်ကြာတော့ ဆိုင်ခွဲတစ်ခုထပ်ဖွင့်ရတယ်။ နောက် တစ်နှစ်ခွဲကြာတဲ့ခါ ကုမ္ပဏီပိုင် ဆိုင်ခွဲလေးဆိုင်နဲ့ တစ်ဆင့်ခံမူပိုင်ဆိုင် အပါဝင် ၊ ဆိုင်ခွဲပေါင်း ငါးဆိုင် ဖွင့်လှစ်နိုင်ခဲ့တယ်။

၁၉၇ဝပြည့်နှစ်မှာ သူတို့ ပီဇာတံဆိပ်ကို နိုင်ငံအသီးသီးတွေကလူတွေ သိနိုင်ဖို့အတွက် ထိရောက်တဲ့ကြေငြာကိုအသုံးပြုခဲ့တယ်။ ၁၉၈၆ ခုနှစ်မှာ ဆိုင်ခွဲပေါင်း ငါးထောင်ဖွင့်လှစ်နိုင်တဲ့ထိ ကြောက်ခမန်းလိလိအောင်မြင်ခဲ့ပြီး အိမ်တိုင်ရာရောက်ပို့တဲ့ စနစ်ကိုလည်းမိတ်ဆက်ခဲ့တယ်။ ထိုအချိန်က အခြားနိုင်ငံတွေမှာလည်း ပီဇာတွေက အမျိုးမျိုးပျံနှံ့နေပြီ။ သူများနိုင်ငံတွေက ပီဇာကို ဘယ်လိုရောစပ်ပြီး၊ ဘယ်လိုအကာသားတွေနဲ့လုပ်ထားတာလဲ..၊ ပြီးတော့ နိုင်ငံတွေအလျောက် အကြိုက်တွေကွဲသွားတာကိုလည်း လေ့လာခဲ့တယ်။ ၁၉၉ဝခုနှစ်မှာတော့ ကြီးမားတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Mc Donalds နဲ့ Mc Pizza တို့ကို ရင်ဆိုင်ခဲ့ရတယ်။ နောက်ပိုင်း သူတို့လုပ်ငန်းကို Pepsi က စိတ်ဝင်စားလို့ဝယ်ယူသွားကြောင်းလည်းသိလိုက်ရပါတယ်။ Pizza Hutဟာ Pepsiရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်လာပြီး ရောင်းအားက ဒေါ်လာ သန်း(၄ဝဝ)ကျော်ရှိခဲ့တယ်။ အခုလက်ရှိချိန်မှာ Carney တို့ညီအစ်ကိုနှစ်ယောက် အခြားလုပ်ငန်းကိုရောက်သွားပြီဆိုပေမယ့် Pizza Hut လုပ်ငန်းကိုတော့ စောင့်ကြည့်နေဆဲပါပဲ ။

Reference: ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များဧ။်ပထမခြေလှမ်းများ 

116 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.