ချစ်သူများနေ့အတွက် ရင်ခုန်ကြည်နူးစေမယ့် ချစ်သက်လက်ဆောင်

ကောင်မလေးတွေကတော့ ကိုယ့်ကောင်လေးဘာများဝယ်ပေးမလဲ ကြိုတင်မှန်းဆရင်ခုန်တတ်ကြတာပါပဲ။ဘာဝယ်ပေးညာဝယ်ပေးပူဆာတတ်တဲ့သူဆိုရင်တော့တစ်မျိုးပေါ့လေ။ များသောအားဖြင့်တော့ ချစ်သက်လက်ဆောင်ဆိုတာ တန်ဖိုးအနည်းအများထက် အလေးအနက်ထားမှုနဲ့မေတ္တာတွေကိုညွှန်းဆိုပြတာမို့ ဘာလေးပေးပေးမကြိုက်ဘူးဆိုတာက အတော်ကိုရှားပါတယ်။ မကြိုက်ဘူးဘာညာနဲ့စိတ်ကောက်တယ်ဆိုတာလည်းအမှန်တော့စိတ်ကောက်ချင်ယောင်ဆောင်တာပါ၊အချော့ခံချင်လို့ပါ။ အဲ..တအားနင်းကို့ရို့ကားယားကြီးတွေတော့မပေးနဲ့လေနော်။ယဉ်စစနဲ့ ကျစ်ဆံမြီးကျစ်ထားတတ်တဲ့ကောင်မလေးကို မထော်မနန်း နှုတ်ခမ်းနီအပြာရောင်ကြီးပေးတာတို့ မိတ်ကပ်တပိဿာလိမ်းလေ့ရှိသူကို ပိုက်ဆံကုန်သက်သာပြီးရောဆိုပြီး ရွှေပြည်နန်းတို့ တောင်ကြီးမောက်မယ်တို့ပေးတာဆိုရင်တော့ ပြဿနာတက်မှာပေါ့။ ကိုယ်ချစ်တဲ့ကောင်မလေးအတွက် ချစ်သက်လက်ဆောင်ပေးဖို့ရာမှာ ကောင်လေးတွေအတွက် အိပ်မက်ဆိုးကြီိးမဖြစ်သင့်ပါဘူး။သူဘာများကြိုက်မလဲ..ငါဝယ်ပေးတာမကြိုက်ရင်ဘယ်လိုလုပ်ရပါ့မလဲ၊ဘာလဲညာလဲ စသဖြင့် စိတ်ကူးယဉ်အတွေးကမ္ဘာထဲတဝဲလည်လည်ဖြစ်နေပြီဆိုရင် ဒီ Article လေးမှာဖော်ပြထားတဲ့နည်းလေးတွေကို စဉ်းစားကြည့်ကြပါလို့။

 

လက်ဆောင်က လိုက်လျောညီိထွေမှုရှိပါစေ

သူဘာလုပ်နေလဲ၊ကျောင်းတက်နေတာလား၊အလုပ်လုပ်နေတာလား။ကိုယ့်ချစ်သူကိုကိုယ်အနီးကပ်ကြည့်နေရတာ သူဘာကိုအရေးတကြီးလိုအပ်နေလဲဆိုတာသတိထားမိသင့်ပါတယ်။ မထားမိဘူးဆိုရင်လည်း မပူနဲ့၊သူခုတလော ဘာတွေစိတ်ဝင်စားနေလဲဘာညာ သေချာသတိထားကြည့်ပါ။ အဲဒါနဲ့လိုက်လျောညီထွေဖြစ်မယ့်လက်ဆောင်ကိုပေးပါ။ဥပမာ- သင့်ကောင်မလေးက K-pop Crazy ဆိုရင် သူကြိုက်တဲ့ Boy Band ရဲ့ Come back Album ဝယ်ပေးတာလိုမျိုးပေါ့။ သူတကယ်လိုအပ်နေတာကိုသိပြီးဝယ်ပေးရင်တော့အကောင်းဆုံးပေါ့။

 

လက်ဆောင်ကအဓိပ္ပာယ်ပြည့်ဝပါစေ

တွေ့ကရာအရုပ်ကြီးဝယ်ပေးလိုက်တယ်။ရော့အင့်… ပြီးပြီ သွား ဆိုတာမျိုးလုပ်ရင်ကောင်မလေးက သူကြိုက်တဲ့ပစ္စည်းဆိုရင်တောင် အများသူငှာလူတိုင်းပိုက်ဆံရှိရင်ဝယ်လို့ရနေတာကို ပေးမှန်းသိနေတော့ သိပ်တော့အစာကြေမယ်မဟုတ်ပါဘူး။ လမ်းဘေးကလက်စွပ်လေးဆိုရင်တောင် လက်စွပ်ရဲ့ပုံသဏ္ဍာန်ကိုလိုက်ပြီး အဓိပ္ပာယ်တစ်ခုခုပေးတတ်ရပါတယ်။ ကြယ်ပုံပါတဲ့လက်စွပ်ဆိုရင် မင်းကကိုယ့်အတွက်တော  ခပ်ဝေးဝေးကငေးကြည့်ရတဲ့ ကြယ်လေးပါ ဘာညာပေါ့။အဓိကက တော်ကီပါပဲ။ သိပ်ကိုထက်မြက်လှပါတယ်ဆိုတဲ့မိန်းမတွေတောင်မှ သူတို့ချစ်တဲ့ယောက်ျားတစ်ယောက်က ချိုမြတဲ့စကားတွေလာပြောနေရင် မျက်စောင်းတစ်ချက်ထိုးပြီိး ပစ်ကြွေသွားတတ်ကြပါတယ်။

 

သူမအတွက် သီးသန့်ဖြစ်တည်နေတဲ့လက်ဆောင်

Handmade Keychain လေးတွေမလုပ်တတ်ရင်တောင်မှ သူမအတွက် ကိုယ်တိုင်ခေါက်ထားတဲ့ ကြယ်လေးတွေအသည်းပုံလေးတွေ၊အဲဒါတွေမခေါက်တတ်ဘူးလား၊ရသေးတယ်၊ စာရွက်မှာ ခံစားချက်လေးတွေရေးပြီး အလိပ်လေးလိပ် ဖဲကြိုးလေးနဲ့ချည်ထားတာမျိုး၊အဲဒါကို တစ်ခုခုနဲ့လက်ဆောင်ပေးလိုက်တာမျိုး။ သူမအတွက် ဒီိကမ္ဘာပေါ်မှာဆင်တူမရှိနိုင်တဲ့ လက်ဆောင်ဆိုတာမျိုးခံစားမိစေဖို့ပါပဲ။ မိန်းကလေးတော်တော်များများက Exclusive တွေကို အသည်းအသန်နှစ်သက်တတ်လေ့ရှိပါတယ်။ Limited Edition ဆို ပြေးပြေးဝယ်နေကြတာသာကြည့်။

 

အဇ္ဇျတ လက်ဆောင်

ဒါက ထိလို့ကိုင်လို့မရတဲ့ ဒြပ်မဲ့လက်ဆောင်ပါ။ဘယ်လိုမျိုးလဲဆိုရင် သူမလိုချင်နေတဲ့ကတိတစ်ခုပေးလိုက်တာမျိုး။ နောက်ကို အရက်မသောက်တော့ပါဘူး၊ညဘက်တွေမထွက်တော့ပါဘူး၊ဆိုင်ကယ်ကိုအရှိန်နဲ့မမောင်းတော့ပါဘူး၊ဆေးလိပ်မသောက်တော့ပါဘူး ဆိုတာမျိုးပေါ့။ ဒါကမှ တကယ့်ကိုတန်ဖိုးဖြတ်လို့မရတဲ့လက်ဆောင်ပါ။ ဒါပေမယ့် ဒါကပေးရတဲ့လူအဖို့မှာ တန်ဖိုးအင်မတန့်အင်မတန်ကြီးလေးပါတယ်။ ပေးလိုက်တဲ့ကတိကို တစ်သက်လုံးတည်မှဖြစ်မှာပါ။ တစ်ခါဖောက်ဖျက်မိရင်တော့ မပြတ်မချင်းတစ်သက်လုံးပြောလို့ပြီးမှာမဟုတ်တော့ပါဘူး။ယုံကြည်မှုကိုပါနင်းချေလိုက်သလိုဖြစ်သွားတာမို့ သူမကိုပေးတဲ့လက်ဆောင်က သူမကို ထိခိုက်နာကျင်စေတဲ့ဓားတစ်လက်အဖြစ်အသွင်းပြောင်းသွားပြီး သူမက သင့်ကိုတစ်သက်လုံး ကျားနာတစ်ကောင်လို နာကြည်းရွံရှာတဲ့အကြည့်တွေနဲ့ကြုံရင်ကြုံသလိုကြည့်နေတော့မှာပါ။

 

ပြောသာပြောရတယ်၊ဒီနည်းတွေက ဆယ်ကျော်သက်ကလေးတွေနဲ့ နူးညံ့တဲ့စိတ်ထားရှိတဲ့ မိန်းကလေးတွေနဲ့ချစ်သူဖြစ်နေသူတွေအတွက်သက်သက်ပါ။ ထက်မြက်တဲ့မိန်းကလေးတွေ၊တည်ငြိမ်ပြီးလက်တွေ့ကျသူတွေကတော့ ဒီလို Romance လာဆန်နေရင် ဘဒိုကပေါကြောင်ကြောင်နဲ့နော် လို့ မှတ်ချက်ပေးတာခံရပါလိမ့်မယ်။သူတို့ကိုကျတော့ အမှန်တကယ်အသုံးဝင်မယ့်ပစ္စည်းတစ်ခုခုပေးလိုက်တာက သပ်သပ်ခပ်ခပ်နဲ့အဆင်ပြေမှာပါ။ချစ်တဲ့သူတိုင်းအဆင်ပြေကြပါစေပေါ့…။

 

621 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.