ကြိုတင်အစီအစဉ်ချတတ်ခြင်းရဲ့ ကောင်းကွက်ကလေးတွေ

ကိုယ်အပါအဝင် လူအများစုဟာ တစ်ခုခုဆိုကြိုတင်အစီအစဉ်ချရမှာ အလွန်ပျင်းကြပါတယ်။ ခရီးတစ်ခုခုသွားမလား အထုပ်အပိုးတွေကြိုတင်ထည့်သိုထားဖို့ရာနေ့ရွှေ့ညရွှေ့နဲ့ သွားမယ့်နေ့ရောက်ကာမှ ဝရုန်းသုန်းကားတွှေ့ကရာကောက်ထည့်သွား၊ဟိုဟာမေ့ကျန်ဒီဟာမေ့ကျန် စိတ်ညစ်ရ၊အဆင်ပြေသလိုဖြစ်သလိုလေးလုပ်လိုက်ကြရနဲ့။ ဒါတွေဟာ ကြိုကြိုတင်တင်အစီအစဉ်မလုပ်ထားလို့ ဖြစ်ရတဲ့ ပြဿနာတွေပါ။ တကယ်တော့ ကြိုတင်အစီအစဉ်ချထားခြင်းက အလုပ်ရှုပ်တယ်လို့ခံစားရပေမယ့် အစီအစဉ်မချလို့ ကြုံရတဲ့ ဒုက္ခတွေနဲ့စာရင် မပြောပလောက်ပါဘူး။ စနစ်တကျပြုလုပ်ရတဲ့ အစီအစဉ်တွေနဲ့ပက်သက်ရင် The Flash ဇာတ်လမ်းတွဲထဲက Captain Cold (Leonard Snart) ရဲ့ ဆောင်ပုဒ်လေးကိုသတိရမိပါရဲ့။ သူကတော့ လူဆိုးဆိုတော့လူဆိုးလိုပြောတာပေါ့လေ။

 

Leonard Snart

 

Make the plan.

Execute the plan.

Expect the plan to go off the rails.

Throw away the plan.”  တဲ့။

မြန်မာလိုဆိုရင် “အစီအစဉ်ချ၊အစီအစဉ်အတိုင်းလုပ်ဆောင်၊အစီအစဉ်ကို လွဲချော်ပျက်ယွင်းသွားဖို့ မျှော်လင့်ထား၊ပြီးရင် အဲဒီ့အစီအစဉ်ကို ဝဲပစ်လိုက်တော့” လို့အဓိပ္ပာယ်ရပါတယ်။ ဒါက ရုတ်တရက်ဖတ်ရင် ဒီလူဆိုးကောင်က ပေါက်ကရတွေပြောနေပြန်ပြီလို့ထင်ရနိုင်ပေမယ့် Smart Snart က (သူ့ရုပ်သူ့ရည်လေးနဲ့) ဒီလိုပေါက်ကရတွေလျှောက်ပြောနေမယ့် လူဆိုးမျိုးမဟုတ်ပါဘူး။ ညဏ်ကောင်းထက်မြက်တဲ့ Snart ရဲ့အရည်အချင်းတွေကို သူ့ရဲ့ မျက်ဝန်းလဲ့ပြာပြာလေးတွေက လှစ်ဟပြနေသလို သူ့မှာ အတွေ့အကြုံလည်းများပါတယ်၊တစ်ခါတုန်းက Barry (The Flash) ကိုတောင် ကူညီပေးခဲ့သေးတယ်မဟုတ်လား။(အဲလေ…ပြောရင်းနဲ့ Flash Series တစ်ခုလုံးချရေးမိတော့မယ်။)အထက်မှာဖော်ပြထားတဲ့ Snart ရဲ့ ဆောင်ပုဒ်က ပါးစပ်ထဲတွေ့ရာပြောလိုက်တာမဟုတ်ပါဘူး။ကိုယ်တို့တွေက တစ်စုံတစ်ခုကိုလုပ်ဆောင်ဖို့ အစီအစဉ်ရှိတာကောင်းတယ်။အစီိအစဉ်ကိုလည်းသေချာလုပ်ဆောင်သင့်တယ်။ဒါပေမယ့် အစီအစဉ်တိုင်းမှာ ကိုယ်သတိမထားမိလိုက်တဲ့ဟာကွက်ပျော့ကွက်တွေဆိုတာရှိနေနိုင်တာပဲဖြစ်တဲ့အတွက် အလုံးစုံလုံးဝဥဿုံစိတ်ချယုံကြည်ထားဖို့မဖြစ်နိုင်ဘူး။Plan A,B,C,D, (and you know how alphabets work) စသဖြင့်ရှိထားသင့်တယ်၊ကိုယ်ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်က တစ်ခုခုကြောင့်ပျက်ယွင်းသွားခဲ့ရင်တောင် အပြုံးမပျက်ဝဲပစ်လိုက်လို့ရတဲ့အခြေအနေမျိုးဖြစ်ရမယ်လို့ဆိုလိုတာပါ။ ထားပါတော့လေ.. ဒီ Article ရဲ့ဆိုလိုရင်းက အစီိအစဉ်ကို မပျင်းမရိကြိုချထားဖို့နဲ့ အဲဒီ့လို ကြိုချထားခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေ ကိုပြောပြချင်တာပါ။

 

စိတ်အေးချမ်းသာရမယ်

တစ်ခုခုကိုကြိုတင်လုပ်ထားလို့စိတ်ချမ်းသာရတဲ့ခံစားမှုကို ဘယ်တုန်းကနောက်ဆုံးခံစားမိတာပါလိမ့်။ တွေးစမ်းတွေးစမ်း။ဦးနှောက်ကိုအလုပ်ပေး။ ကျောင်းတက်နေတုန်းက စောစောထပြီးကျောင်းကိုကြိုရောက်နေလို့ ကျောင်းနောက်ကျတဲ့လူတွေ အတန်းရှေ့မှာထိုင်ထလုပ်နေရတာကို မြိန့်မြိန့်ကြီိးပြုံးပြီး ကြည့်နေခဲ့မိတုန်းကလား။ စာကြိုကျက်ထားလို့ စာမေးပွဲနေ့မှာ စာမေးပွဲခန်းထဲကနေ စာမရလို့ အကြံအိုက်နေတဲ့သူငယ်ချင်းတွေရှေ့ကနေ ရင်ကော့ခေါင်းမော့ပြီးထွက်လာမိတုန်းကလား။ဒါမှမဟုတ် ကိုယ်ကြိုလုပ်ထားတဲ့ Micro ထဲကအပုဒ်တွေ စာမေးပွဲမေးခွန်းမှာပါလာလို့ ဟန်မပျက်ကူးပြီး ဝမ်းသာလုံးတွေဆို့လာတုန်းကလား(ဒါကြီိးကတော့ မလုပ်သင့်ပါနော်၊ကလေးတွေ)။ဘာပဲဖြစ်ဖြစ် တစ်ခုခုကိုကြိုလုပ်ထားလို့ရတဲ့စိတ်အေးချမ်းမှုဆိုတာက တော်တော်လေးစားလို့ကောင်းတဲ့ချောကလက်လိုပါပဲ။ မကြုံဖူးသူတွေကတော့ သိမှာမဟုတ်ပါဘူး။ “အကြင်သူသည် ခဲဖွယ်ဘောဇဉ်တို့ကို မစားဖူးသူ ဖြစ်အံ့၊နောင်လည်းမည်သို့မျှစားချင်စိတ်ပေါ်မည်မဟုတ်ချေ” တဲ့။ ဒီတော့ အစီအစဉ်ချထားပြီးစနစ်တကျသေသပ်စွာလုပ်ကိုင်တတ်မှုတွေကြောင့် ရလာတဲ့အကျိုးကျေးဇူးတွေကိုတစ်ခါလောက်ခံစားကြည့်လိုက်ပါ။ နောင်လည်း အစီအစဉ်ကြိုချဖို့တတ်ကြွနေမယ့်သူအဖြစ် တစ်မုဟုတ်ချင်းပြောင်းလဲသွားပါလိမ့်မယ်။

 

အကုန်အကျသက်သာမယ်

ငွေငွေငွေ..ဂုဏ်ဆိုတာငွေကိုခေါ်တယ်.. အဲ့သီချင်းကြားဖူးကြလား(ကြားဖူးမယ်လည်းမဟုတ်ပါဘူး ခေတ်ဟောင်းသီချင်းကြီးကို၊ကိုယ်တောင်ဘယ်သူဆိုမှန်းသိတာမဟုတ်ဘူး၊မာမီမားသားမေမေအော်အော်ဆိုနေလို့ကြားဖူးနေတာရယ်) သီချင်းရဲ့ဆိုလိုရင်းအဓိပ္ပာယ်က ရှင်းလိုက်သမှ၊ ငွေရှိရင် ဂုဏ်ရှိတယ်ဆိုတာပါပဲ။ဒါကလည်း ယတိပြတ်ကြီးမဟုတ်ဘူးလို့ငြင်းလို့ရတာမဟုတ်ဘူးလေ၊ခုခေတ်ကြီးမှာ ပိုက်ဆံမရှိရင် သူငယ်ချင်းဆိုတဲ့အနှီလူသားတွေက Night out မပြောနဲ့ Day out တောင်ခေါ်ချင်ကြတာမဟုတ်ဘူး၊အံမယ်လေး….။ ဒီတော့ကာ ခရီးသွားတယ်ပဲဆိုပါတော့၊အစီိအစဉ်ကြိုမလုပ်ထား၊ဟိုဟာကျန်ခဲ့ဒီဟာကျန်ခဲ့ဖြစ်လို့ လိုအပ်တဲ့ပစ္စည်းတွေကို ရောက်တဲ့နေရာက ဝယ်သုံးလိုက်ရတော့ ပိုက်ဆံကမထွက်ဘူးလား၊နဂိုကမှဆီလိုအပေါက်ရှာပြီးထွက်ချင်နေတဲ့ပိုက်ဆံကို မနည်းတွေဆွဲလွဲဖမ်းထားရတဲ့ ပိုက်ဆံကို၊လကုန်ရက်တွေဆို တမေ့တမောငေးမောမျှော်လင့်နေရတတ်တဲ့ပိုက်ဆံလေးကို…။ ဟုတ်ပြီနော်။ အစီအစဉ်တကျ လိုအပ်မယ့်ပစ္စည်းလေးတွေကို သွားမယ့်နေ့မရောက်ခင်တစ်ပတ်လောက်အလိုထဲက ကြိုထည့်ထား၊ ညတိုင်းနဖူးပေါ်လက်တင်ပြီး ဘာလိုဦးမလဲစဉ်းစား၊ လိုတာလေးတွေကောက်ထည့်၊ သွားမယ့်နေ့ကျအဆင့်သင့်ဖြစ်နေရော၊ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်သလဲ။

 

လေးစားအထင်ကြီးခံရမယ်

ဒီလိုအထင်ကြီးနည်းမျိုးက ဘာဘာဘာနဲ့မှမတူဘူးဆိုတာမျိုးပါ။ ပိုက်ဆံတွေသုံးနိုင်လို့အထင်ကြီးတာက ငတုံးတွေ၊ပိန်းတိန်းတိန်းတွေ၊ဘဝမှာ ငပိန်းတွေအထင်ကြီးတာခံရပြီး ဘာလုပ်ရမတုန်း။ အလကားပဲ။ ရုပ်ချောလို့အထင်ကြီးတာက ငညံ့တွေ၊ကိုယ့်ထက်ချောတဲ့သူတွေ့ရင် ကိုယ့်ထက်အထင်ကြီးဦးမှာပဲ။သူတို့မှာစဉ်းစားတတ်တဲ့အသိညဏ်မှမရှိပဲကိုး။အဲ…အရည်အချင်းရှိလို့ သိမ်တတ်ဆည်းတတ်ထည့်တတ်သိုတတ်၊စနစ်တကျစီစဉ်တတ်လို့အထင်ကြီးတာကတော့ လူတော်တွေပါ။အရည်အချင်းတစ်ခုကိုတန်ဖိုးထားရကောင်းမှန်းသိတဲ့သူတွေအထင်ကြီးလေးစားတာခံရတာ နည်းနည်းတော့ Cool ဖြစ်ပါတယ်။ “ကြည့်စမ်း.. သူက သိပ်ပြီးစည်းစနစ်ကျနတာ၊မိဘတွေကငယ်ငယ်ကတည်းက သေချာသွန်သင်လာတာနေမယ်” ဆိုတော့ ကိုယ့်မိဘတွေပါ ဂုဏ်မတက်ဘူးလား။အံမယ်လေး..ချီးမွမ်းခုနစ်ရက်၊ကဲ့ရဲ့ခုနစ်ရက်ပါ၊ကိုယ်တွေကသူများပါးစပ်ဖျားမှာ လမ်းဆုံးမယ့်လူမျိုးမဟုတ်ဘူးလို့တုန့်ပြန်ဖို့ပါးစပ်ပြင်နေရင်တော့ အသာလေးပြန်ပိတ်ထားဖို့ပြောပါရစေ။လူ့အဖွဲ့အစည်းထဲမှာနေရင် သူများတံတွေးခွက်ပက်လက်မမျောအောင်တော့ ရေကူးသင်ထားသင့်တယ်မဟုတ်ပါလား။

 

စာလည်းတော်တော်ရှည်သွားပြီ။ဘာမဆို ကြိုတင်အစီအစဉ်ချထားခြင်းဖြင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာလန်းဖြာတဲ့ဘဝကိုလျှောက်လှမ်းနိုင်ကြပါစေလို့ …

203 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.