ပျော်ရွှင်သော ဘဝနေနည်း

ပျော်အောင်နေတယ်ဆိုတာ မပျော်ရလို့မဟုတ်လား။ တစ်နည်းအားဖြင့်ပျော်စရာတွေလိုက်ရှာနေတယ်ပေါ့။ ရှာကားရှာ၏ မတွေ့ချေပေါ့..။ လူတိုင်းပျော်ချင်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပျော်ချင်တာတဲ့လဲ။ပျော်ရွှင်မှုဆိုတာကအမျိုးမျိုးရှိပါတယ်။တချို့က စစ်မှန်တဲ့ကြည်လင်တဲ့အရောင်အသွေးရှိတဲ့ပျော်ရွှင်မှုကိုလိုချင်တာ၊အချို့က ရွှေဝါရောင်လက်နေတဲ့ ပီတိသောမနဿ ပျော်ရွှင်မှုကိုမက်မောပြီး အချို့ကတော့ ပန်းနုရောင်သန်းတဲ့ ချစ်ခြင်းတရားနဲ့ယှဉ်တဲ့ပျော်ရွှင်မှုကိုလိုချင်တာပါ။ အဲ… သိပ်ကို ကံဆိုးရှာတဲ့အချို့သော သတ္တဝါတွေကတော့ ဆိုးယုတ်တဲ့ သူတစ်ပါးမျက်ရည်နဲ့မှပေါက်ဖွားလာတဲ့ အနက်ရောင်ပျော်ရွှင်ခြင်းကို တပ်မက်ကြလေရဲ့။ ပျော်ရွှင်မှုနောက်လိုက်ရင်ပျော်ရွှင်မှုကိုဘယ်တော့မှမမိဘူးတဲ့။ သူ့အလိုလိုရောက်လာတတ်တဲ့ ကြည်လင်အေးမြတဲ့ပျော်ရွှင်မှုက စောင့်နေတဲ့သူတွေဆီကို လှမ်းလာတတ်ပါသတဲ့။ ဒါပေမယ့် ပျော်ရွှင်မှုက ကိုယ့်ဆီလာချင်အောင် ဆွယ်ပုံဆွယ်နည်းလေးတွေတော့ရှိသေးတာပေါ့၊ပျော်ရွှင်ခြင်းဆိုတာလည်း ရှက်သွေးဖြာနေတဲ့အပျိုဖြန်းလေးလိုပဲ လူတွေကိုတစ်ချက်ဝှေ့ကြည့်ပြီး သူ့ကို ကိုင်တွယ်နိုင်မယ့်သူ သူနဲ့ထိုက်တန်တဲ့သူတွေဆီပဲလာတတ်ပါတယ်။အဲဒီ့အပျိုမလေးက စိတ်လည်းမငြိမ်ဘူးရယ်၊လူအများစုနဲ့ကြာကြာဘယ်တော့မှနေလေ့မရှိဘူး။မထင်မှတ်တဲ့အချိန်မှာရောက်လာပြီးရင် မျက်စိတစ်မှိတ်အတွင်း ပျောက်ခြင်းမလှပျောက်သွားပြန်ပါရော။ ထားပါတော့လေ… ဘယ်သူမှသေချာမသိတဲ့ပျော်ရွှင်မှုအကြောင်း ဇာမချဲ့တော့ပါဘူး။ ဘဝရဲ့တိုတောင်းလှတဲ့အချိန်လေးတွေမှာ ပျော်ရွှင်မှုနဲ့ ဖက်လှဲတကင်းနေနိုင်အောင် ပျော်ရွှင်သောဘဝနေထိုင်နည်းလေးတွေသိသလောက်ကလေးဖော်ပြပါရစေ။

 

ရောင့်ရဲတင်းတိမ်တတ်ပါ

ရှိတာလေးနဲ့လှအောင်ဝတ်၊ရတာလေးနဲ့လောက်အောင်စား၊ပြိုင်လာရင်အရှုံးပေး၊နှလုံးအေးတဲ့ဆေး တဲ့ ကြားဖူးကြတယ်မဟုတ်လား။ ဒါက ကိစ္စအကုန်လုံးအတွက်တော့မဟုတ်ပါဘူး။ မလိုအပ်ပဲလိုက်ပြိုင်နေကြတဲ့ ပိုက်ဆံကုန်တဲ့ပြိုင်ဆိုင်မှုတွေအတွက်ပါ။ ဘဝမှာ အရေးမပါတဲ့ အသုံးအဆောင်ပစ္စည်းတွေနောက်လိုက်မိတာနဲ့ မဆုံးနိုင်တဲ့ တက်မက်မှု သံသရာဝဲဂယက်ကြီးတဲ့ ပက်လက်ကလေးမျောပြီသာမှတ်ပေတော့။ ဘယ်လောက်ပဲချမ်းသာပါတယ်ဆိုလည်း လူ့အလိုနတ်မလိုက်နိုင်ဆိုတာရှိတယ်မဟုတ်ပါလား။ ရောင့်ရဲရမယ်တဲ့ ကျောင်းဆက်မတက်တော့ပါဘူး၊ဆယ်တန်းကြီးများတောင်အောင်လာပြီပဲဆိုတာမျိုးတလွဲဆံပင်မကောင်းကြနဲ့နော်၊ပြောပါပေရဲ့။ လောကကြီးမှာလေ.. စိန်တွေရွှေတွေပိုက်ဆံတွေအများကြီးရှာစရာမလိုပါဘူး၊အဲဒါတွေရပြီးစိတ်ဆင်းရဲနေရတော့ရော ဘာလုပ်မလဲ၊ကိုယ်စားနိုင်သုံးနိင်ရုံလောက်ကလေး ဝင်ငွေပုံမှန်ရှိနေပြီး စိတ်ချမ်းသာနေရမယ်ဆိုရင်ပြီးပြီပေါ့။ ရောင့်ရဲတင်းတိမ်တတ်ဖို့ဆိုတာ သိပ်အရေးကြီးတဲ့ စိတ်နေစိတ်ထားလေးပါ။

 

အကောင်းမြင်စိတ်ထားပါ

ဒါကလည်း အရေးပါတဲ့အချက်ပါပဲ။တချို့တွေရှိတယ်၊အမြဲတမ်းရန်လိုနေတာ၊ဟိုမိန်းမက ငါ့ကိုဘယ်လိုကြည့်နေပြန်ပြီ၊ဒီမိန်းမကဘာဖြစ်တယ်ဆိုတာမျိုး.. သူများကို အလကားနေရင်းထိုင်ရင်းကိုမကောင်းမြင်နေတာ။ အဲဒီတော့ဘာဖြစ်သလဲဆိုတော့ ကိုယ့်မှာလည်းပူလောင်ပါတယ်။တစ်ယောက်ယောက်က မကောင်းရင်တောင် သူ့ဘက်ကိုမျှတွေးပေး၊သူ့မှာလည်း ဘယ်လိုအခက်အခဲတွေရှိလို့ပါလိမ့်ဆိုတာမျိုး။နောက်ဆုံးဘယ်လိုမှ ဖြေတွေးပေးလို့မရရင် ဥပေက္ခာပြုထားလိုက်၊ ဘာပဲဖြစ်ဖြစ်စိတ်အေးချမ်းတယ်။

 

ခွင့်လွှတ်တတ်ပါ

အညိုးတွေ၊အာဃာတတွေက စိတ်ကို ခဲဆွဲထားသလိုတင်းကြပ်လေးလံစေပါတယ်။ ထင်းခွေမကြုံရေခပ်ကြုံမပေါ့တို့၊တစ်ကွေ့ကွေ့တော့တွေ့ကြသေးတာပေါ့တို့ဆိုတာမျိုးတွေ သင့်စိတ်ထဲမှာသယ်ဆောင်ထားရင်တော့ သွားလေရာရာအမှိုက်အိတ်ကြီးဆွဲပြီးသွားနေသလိုမျိုး ခဏတိုင်းမှာ သင့်စိတ်ထဲမှာ အမှိုက်နံ့တဝီဝီနဲ့ ညစ်ပတ်ရှုပ်ထွေးနေတော့မှာပါ။ သင့်စိတ်ကမျက်နှာမှာလာဟပ်တာကြောင့် စိတ်ကိုမျက်နှာလို လှပအောင်ထားပါ၊သင့်အိပ်ခန်းလို ဗြုတ်စဗျင်းတောင်းတွေမထားပါနဲ့။ တစ်စုံတစ်ယောက်က သင့်အပေါ်မကောင်းတဲ့အခါ ခွင့်လွှတ်နိုင်ရင်ခွင့်လွှတ်ပါ၊ခွင့်မလွှတ်နိုင်ခဲ့ရင် အထက်မှာ ပြောတဲ့အတိုင်း လျစ်လျူရှုလိုက်ပါ။ အရာရာကိုရှင်းရှင်းလင်းလင်းတွေးခေါ်ပါ။ ရှုပ်ထွေးပြီးပွစာကြဲနေအောင်မတွေးပါနဲ့။

 

တည်ငြိမ်လုံလောက်တဲ့ ငွေစီးကြောင်းတစ်ခုပြုလုပ်ထားပါ

ဘဝမှာကိုယ့်မိဘကချမ်းသာသည်ဖြစ်စေ ကိုယ့်ရည်စား/လက်တွဲဖော်က ချမ်းသာသည်ဖြစ်စေ ကိုယ်ရှာတဲ့ပိုက်ဆံသာကိုယ့်ပိုက်ဆံပါ။ ကိုယ့်ရဲ့လိုအပ်ချက်အသေးအဖွဲလေးတွေကအစ အကြီးအမားကြီးတွေအထိ သုံးဖို့ရာ တည်ငြိမ်လုံလောက်တဲ့ ငွေစီးကြောင်းတစ်ခုရှိထားဖို့က အတော်လေးအဓိကကျပါတယ်။ မဟုတ်ရင် ပိုက်ဆံကိုအခြေပြုတဲ့ပြဿနာတွေပေါ်ပေါက်လာနိုင်သလို ကိုယ်သုံးသလောက်ကိုယ်မရှာနိုင်တဲ့အခါ သိမ်ငယ်စိတ်တွေ၊ကိုယ့်ကိုယ်ကိုယ်အားငယ်စိတ်တွေ၊အားမလိုအားမရစိတ်တွေဝင်လာတဲ့အခါ ဘယ်လိုမှပျော်နိုင်မှာမဟုတ်တော့ပါဘူး။

 

ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်မှာသာတာဝန်ရှိတာမို့ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားနိုင်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.