ချစ်နည်းချစ်ဟန် ဆဌဂံ (သင့်ချစ်သူက သင့်ကို ဒီခြောက်မျိုးထဲက ဘယ်လိုအချစ်မျိုးနဲ့ချစ်တာတဲ့လဲ)

အနောက်တိုင်းအဆိုအရ လောကကြီးမှာ အချစ်ခြောက်မျိုးရှိပါတယ်တဲ့။ ချစ်သူတွေရည်းစားတွေက ဒီအချစ်ခြောက်မျိုးထဲက တစ်နည်းနည်းနဲ့ချစ်နေကြတာလို့ဆိုပါတယ်။ အချို့အတွဲတွေက နှစ်ယောက်လုံးတစ်နည်းထဲနဲ့ အချင်းချင်းချစ်နေကြတာပေမယ့် အချို့ကတော့ တစ်ယောက်တစ်နည်းနဲ့ချစ်နေကြတာမို့ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုပုံချင်းမတူတဲ့အခါ နှစ်ယောက်ကြားမှာ ပြဿနာတွေပေါ်လာရခြင်းပါ။ သူကကိုယ့်ကိုဘယ်လိုချစ်တယ်၊ကိုယ်က ဘယ်လိုချစ်တယ်ဆိုတာမျိုးအချင်းချင်းသိထားရင် ပြဿနာတွေလည်း တတ်နိုင်သလောက်နည်းပါးအောင် ဆင်ခြင်နိုင်ပြီး ပျော်စရာကောင်းတဲ့ ချစ်သူဘဝကိုဖြတ်သန်းနိုင်မှာပါ။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေထဲက ဘယ်တစ်ခုနဲ့ သူကသင့်ကိုချစ်တာတဲ့လဲ.. သင်ကရော?

 

ကိုယ်ကျိုးစွန့်အနစ်နာခံပြီးချစ်တာ

အချစ်အတွက်ဖြင့်အသက်ပင်သေသေဆိုတာမျိုးပါ။ ကိုယ်ချစ်တဲ့သူကဘာပဲလိုအပ်လိုအပ်ဖြည့်ဆည်းပေးဖို့အသင့်ဖြစ်နေတာ၊အဲဒီလို ဖြည့်ဆည်းလိုက်ရလို့ ကိုယ့်မှာဘာပဲ ယုတ်လျော့သွားသွား ဂရုမစိုက်ပဲ “မျက်နှာငွေလ ရွှင်ပပနှင့် ခင်မဝမ်းမြောက်ပါလေတော့”ဆိုတဲ့ ဆဒ္ဒန်ဆင်မင်းကြီးရဲ့ အချစ်ဟာ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့အချစ်စစ်ပေါ့။ ညကြီးမင်းကြီးမုန့်တွေလာပို့တယ်၊ ဖိနပ်ကြိုးချည်ပေးတယ် ဘာညာဆိုတာမျိုး စောင်ပေါ်ပင်တွေနဲ့ လားလားမျှမသက်ဆိုင်တဲ့ အမည်နာမပါ :3 ။ ကိုယ့်ချစ်သူရဲ့လိုအပ်သမျှကိုမပြောပဲနဲ့ကိုအရိပ်တကြည့်ကြည့်နဲ့သိပြီး ဖြည့်ဆည်းပေးဖို့ကြိုးစားနေတာ။အဲဒါကလည်း ခဏအတွက်မဟုတ်ပဲ နှစ်တွေကြာလည်းမပြောင်းမလဲဒီလိုပဲဆက်ပြီးဖြစ်တည်နေတာ။ အင်မတန်ရှားပါးပြီး စစ်မှန်တဲ့အချစ်မျိုးပါ။

 

ချစ်ခြင်းတပါးမှ အခြားမပါ

ဒါကတော့ ပလေတိုးနစ်အချစ်ပါ။ ဒီလိုအချစ်မျိုးကတော့ စုံတွဲတွေမှာမြင်ရတာရှားပါးပြီး FA တွေ တစ်ဖက်သတ်ချစ်ရသူတွေမှာပဲ အတွေ့ရများပါတယ်။ တစ်နယ်တစ်ကျေးနဲ့ ချစ်ကြိုးသွယ်နေကြတဲ့ Long distant relationships တွေမှာလည်း တွေ့ရတတ်သလို အောင်မြင်ကျော်ကြားသူတွေကို ချစ်မိနေတဲ့ Fan Girls တွေမှာလည်းဒီလိုအချစ်မျိုးကိုတွေ့ရတတ်ပါတယ်။မြင်နေရရုံတင်ကျေနပ်နေစေနိုင်တဲ့အချစ်မျိုးပါ။ သူနေကောင်းကျန်းမာနေတာ၊ကိုယ်နဲ့အဝေးကြီးက သူ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာကို သတိရတိုင်းရပ်တန့််ငေးမောကြည့်ပြီး စိတ်ချမ်းသာနေတတ်တဲ့ အချစ်မှာဘာအရောင်မှမပါတဲ့ အချစ်သက်သက်မျိုးပါ။

 

အချစ်သည် ဘဝမဟုတ်

ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး(အဲလေ ရုပ်ရှင်ဇာတ်ကားနာမည်တွေနဲ့ မှားကုန်ပါပြီ) ချစ်တော့ချစ်တယ်၊ဒါပေမယ့် ချစ်တာကသပ်သပ်ဘဝကသပ်သပ်ပဲ။ ဒီိလိုအချစ်မျိုးကတော့ ကိုယ်စီတည်ငြိမ်နေတဲ့သက်လတ်ပိုင်းစုံတွဲတွေမှာတွေ့ရတတ်ပါတယ်။ နှစ်ဆယ်ကျော် အစိတ်ပိုင်းတွေနဲ့ ဆယ်ကျော်သက်ကလေးတွေတွဲမိတဲ့အခါ ဘာလို့ အဆင်မပြေတကျက်ကျက်ဖြစ်ကြသလဲဆိုတာရဲ့အဖြေကလည်း ဒီလိုအချစ်မျိုးပဲဖြစ်ပါတယ်။ချစ်ပေမယ့် တချိန်လုံးချစ်တာကိုချည်းတသသလုပ်မနေနိုင်ဘူး၊ဘဝအတွက်ကြိုးစားရမှာတွေတပုံတပင်နဲ့၊ ပခုံးပေါ်မှာ တာဝန်ဝန်ထုပ်ဝန်ပိုးတွေနဲ့ အားနေ ချစ်တဲ့အကြောင်းချည်းထိုင်ပြောမနေနိုင်ဘူး၊ အလုပ်တွေ တာဝန်တွေပြီးရင်တော့ အချစ်အတွက်အချိန်ပေးဖို့စဉ်းစားပေးမယ် (စဉ်းစားပေးတာနော်၊အချိန်ပေးပါ့မယ်လို့အာမမခံဘူး၊သူငယ်ချင်းတွေမိသားစုတွေကရှိသေးတာ အံမယ်လေးး) ဆိုတဲ့သူမျိုးတွေပါ။

 

ခိုင်မြဲတဲ့သံယောဇဉ်

ဒါကိုအချစ်လို့နာမည်တပ်ဖို့ကတော့ အတော်လေးဇဝေဇဝါဖြစ်စရာပဲ။ ဒါကြောင့် သူငယ်ချင်းတွေဟာ အချင်းချင်းသူငယ်ချင်းအဆင့်ထက်ပိုပြီးပြင်ပေးဖို့ကို ရင်လေးလို့ဆိုတာမျိုးဖြစ်လေ့ဖြစ်ထရှိကြတာပါ။သူငယ်ချင်းတွေမှမဟုတ်ပါဘူး။ မောင်နှမလိုခင်တဲ့သူတွေ ချစ်သူအဖြစ်ရောက်ဖို့အရေးဟန့်တားနေတတ်တာလည်း ဒီသံယောဇဉ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် 528 ကနေ 1500 ကို အဆင့်တက်သွားခဲ့ပြီဆိုရင်တော့ သိကြားမင်းဖျက်တောင်မပြတ်နိုင်ပါဘူးရှင်ဆိုသလို ပြတ်ဖို့ခဲယဉ်းသွားပါပြီ။

 

ပေါ့ပေါ့ပါးပါးအချစ်

ဒါကတော့ ခုတွေ့ခုကြိုက် ခုပြတ် နောက်တစ်ယောက် ဆိုတာမျိုးဆန်ပါတယ်။ ဒိတ်လုပ်တယ်၊ကြိုက်သွားတယ်၊အဆင်မပြေတာတွေပေါ်လာတယ်၊လမ်းခွဲလိုက်တယ်၊နောက်တစ်ယောက်နဲ့လည်းဒီလိုပဲသွားတယ်ဆိုတာမျိုး အလေးအနက်မထားတတ်တဲ့ဒီဇိုင်းပါ။အချို့က ဒီလိုအနေအထားကနေ တကယ်ချစ်တဲ့သူကိုတွေ့သွားတတ်သလို အချို့ကတော့ ဒီလိုနဲ့ပဲသေရွာရောက်သွားတာတွေလည်းထုနဲ့ဒေးပါ။သင်တို့နှစ်ယောက်လုံးက အဆင်ပြေသလောက်ပဲတွဲမယ်လေ၊မပြေတော့လည်းဘယ်တတ်နိုင်ပါ့မလဲဆိုတာမျိုး တွေးထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

ခွင့်ပြုတယ် ခွင့်လွှတ်တယ်

ဒါက ပထမဆုံးအမျိုးအစားနဲ့ တူသလို ပလေတိုးနစ်အချစ်နဲ့လည်းဆင်ပါတယ်။ ဒီတစ်ခုကတော့ ခွင့်လွှတ်မှုကိုအသားပေးထားတယ်ပဲပြောရပါမယ်။ ကိုယ်ချစ်တဲ့သူဘာလုပ်လုပ် ခွင့်လွှတ်နေတာ၊အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတဲ့နောက် ဆိုတာမျိုးဖြစ်နေတာ၊အချစ်မျက်ကန်းလိုမဟုတ်ပဲ ကြောင်တောင်ကန်းဖြစ်နေတဲ့သဘောပါ(ဝဋ်ကြွေးပေါ့လေ) သူဘာလုပ်လုပ်ကို ပြုံးပြုံးကြီးခွင့်လွှတ်ပေးနေတဲ့ အရင်ဘဝကအကြွေးတွေကုန်အောင်ဆပ်နေရတဲ့အချစ်မျိုးပါ။

154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.