အလုပ်ခွင်မှာ ကိုယ့်အပေါ်မလိုမုန်းထားသူရှိနေရင် ဘယ်လိုတုံ့ပြန်မလဲ?

လောကကြီးမှာ အသက်ရှင်နေထိုင်ရတဲ့နေ့ရက်တွေများလာတာနဲ့အမျှ ကိုယ့်အပေါ် ချစ်သူလည်းပေါများလာနိုင်သလို မုန်းတဲ့သူတွေလည်းရှိလာနိုင်ပါတယ်။ အထူးသဖြင့်အလုပ်ခွင်မှာပေါ့။ကိုယ်ကအကောင်းစိတ်နဲ့ပြောပေမဲ့ ကိုယ်ပြောသမျှကိုလိုက်ပြီး တိုက်ခိုက်နေတာ၊ကိုယ်ပြောတဲ့စကားကိုမှကန့်လန့်တိုက်တာမျိုးတွေလည်းရှိလာနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှလုပ်ငန်းခွင်မှာမြင်တွေ့နေရတဲ့အတွက် ကိုယ့်အပေါ် အဲ့ဒီလိုအမုန်းစိတ်ကြီးနဲ့ လိုက်ပြီးမြင်နေရင်တော့ကိုယ်လည်းနေရထိုင်ရတာ ခက်ခဲသလို သူ့အတွက်လည်း ပူလောင်မှုဖြစ်စေပါတယ်။ဒါဆိုရင် ကိုယ့်အပေါ်မုန်းနေတဲ့သူကို ဘယ်လိုတုံ့ပြန်ကြမလဲ? တုံ့ပြန်တယ်ဆိုတာကလည်း ရန်ကိုရန်ချင်းတုံ့ပြန်လို့မရပါဘူး။အဲ့ဒါကြောင့် ဒီလိုနည်းလမ်းလေး တွေနဲ့စစ်ပြေငြိမ်းလို့ရပါတယ်။မိတ်ဆွေတိုးပွားတာကသာ ကိုယ့်အတွက်အကျိုးတရား ဖြစ်ထွန်းစေမှာပါ။

၁။ကိုယ့်အပေါ်မုန်းနေရတဲ့အကြောင်းပြချက်ကိုရှာပါ

ပထမဆုံးလူတစ်ယောက်က ကိုယ့်ကိုမုန်းနေတယ်ဆိုပါတော့။ ဒါဆိုရင် သူဘာကြောင့် ကိုယ့်ကိုမုန်းနေတာလဲ?ကိုယ်ပြောတဲ့စကားတွေက သူ့အတွက် နာကျင်စေလို့လား ၊သူ့အတွက်အဆင်မပြေလို့လား၊စသဖြင့်အကြောင်းအမျိုးမျိုးကြောင့်ကိုယ့်အပေါ်အထင်လွဲပြီး မုန်းနေတာလည်းရှိတတ်ပါတယ်။

၂။အကြောင်းပြချက်ကိုသိပြီဆိုရင် ကိုယ်ကအလျှော့ပေးပါ

နေရာတကာတော့အလျှော့ပေးစရာမလိုပါဘူး။ဒါပေမဲ့သူကိုယ့်ကိုမုန်းနေတဲ့အကြောင်းအရာက သူနဲ့စကားပြောတဲ့အခါ သူမကြိုက်တာမျိုးကိုကိုယ်ကအတင်းပြောမိတာဖြစ်စေ၊သူ့ကွယ်ရာမှာ သူ့အကြောင်းအတင်းပြောတာမဟုတ်ပဲ စကားစပ်မိလို့ပြောရာကနေသူကြားသွားပြီး အထင်လွဲသွားတာဖြစ်စေ၊သူ့ဘက်က အကြောင်းအရာကိုသေချာနားမထောင်ပဲ ကိုယ်ဖြစ်ချင်တာပဲ ဆွဲပြောမိတာဖြစ်စေ ကိုယ့်ရဲ့ အမှားကြောင့်လည်းပါနိုင်ပါတယ်။ကိုယ့်ရဲ့ အမှားကြောင့်ဆိုရင် ဒါဟာသေချာပေါက် ကိုယ်ကပြန်အလျှော့ပေးပြီး သူနဲ့စကားပြောတဲ့အခါ အရင်ကထက် ဖော်ဖော်ရွေရွေ ဆက်ဆံပေးတာ၊သူ့ကိုဦးစားပေးတာစသဖြင့် ကိုယ့်အပေါ်မုန်းနေတဲ့ သူ့ရဲ့စိတ်တွေကိုလျှော့ချနိုင်ပါတယ်။

၃။ကိုယ့်အပေါ်မုန်းစရာဘာအကြောင်းပြချက်မှမရှိဘူးဆိုရင်…တိုက်ရိုက်မေးလိုက်ပါ

လူတော်တော်များများက ကိုယ်ကသူ့ထက်အရည်အချင်းတွေသာနေတဲ့အခါ အလိုလိုအမြင်ကတ် မုန်းနေတတ်ပါတယ်။အဲ့ဒါကြောင့်သူကိုယ့်ကိုမုန်းနေလားဆိုတာမသိနိုင်ပါဘူး။အဲ့လိုဆိုရင်တော့ ကိုယ်ကပဲ သူ့ကိုပြန်ပြီးနားလည်ပေးသင့်ပါတယ်။ဘာလို့လဲဆိုရင် သူဘယ်လောက်ပဲကိုယ်က အရည်အချင်းပိုရှိလို့မုန်းမုန်း သူမရနိုင်တဲ့အတွက် သူကပိုပြီးသနားဖို့ကောင်းနေတတ်ပါတယ်။ အဲ့ဒါကြောင့်သင့်အပေါ်မုန်းစရာအကြောင်းပြချက်မရှိပဲ အသားလွတ်အမြင်ကတ်မုန်းနေတာဆိုရင် သူ့ကိုတည့်တည့်ပဲမေးလိုက်ပါ။သူနဲ့နှစ်ယောက်ချင်းဆုံမှ မေးဖို့လည်းမမေ့ပါနဲ့။ ဒဲ့ရင်ဆိုင်ဖြေရှင်းလိုက်တာက အမုန်းတရားတွေရှည်လျားလာမှာ ကိုကြိုတင်တားဆီးလိုက်သလိုပါပဲ။

၎။သူက ကိုယ့်ကိုဘာလို့မုန်းတာလဲဆိုတာ ပြောပြပြီလား?

နှစ်ဦးနှစ်ဖက်တည့်တည့်ရင်ဆိုင်ဖြေရှင်းလိုက်တာက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အဲ့ဒါကြောင့်ကိုယ့်အပေါ်ဘာလို့မုန်းနေတာလဲဆိုတာမေးလိုက်ပြီးသူ့ရဲ့ အဖြေကိုစောင့်ပါ။သူက ကိုယ့်အပေါ်အထင်လွဲပြီးမုန်းနေတာဆိုရင်ဖြေရှင်းပါ။ပြီးရင်နှစ်ယောက်လုံးစိတ်သန့်ရှင်းစွာနဲ့ခင်မင်မှုကိုအစပျိုးပါ။တကယ်လို့ကိုယ်ကသူ့ထက်အရည်အချင်းသာနေလို့မုန်းနေတာလို့ပြောလာခဲ့ရင် တော့သူ့ကိုနှစ်သိမ့်ပေးပါ။လူတိုင်းမှာကိုယ်ပိုင်အရည်အချင်းရှိပါတယ်။ကိုယ်ကအလုပ်မှာတော်ပေမဲ့ သူကအိမ်တွင်းမှုလုပ်ငန်းမှာကိုယ့်ထက်ပိုသာတာမျိုးလည်းရှိတတ်ပါတယ်။ဘယ်သူကမှမပြည့်စုံပါဘူး။

၅။ဒီတိုင်းပဲမုန်းလည်းမုန်းပါစေဆိုပြီးထားလိုက်မလား?

တစ်ချို့တွေကတော့စိတ်ရှုပ်မခံနိုင်လို့ သူ့ဘာသာမုန်းပါစေ ကိုယ်ကအနေသာကြီးဆိုပြီး လျစ်လျူရှုထားတတ်ကြပါတယ်။ဒါက အမုန်းမီးတောက်ကိုအစပျိုးနေတာပါပဲ။ ကိုယ့်ကိုသူကပိုပြီးမုန်းလာလေလေ ကိုယ့်အကျိုးယုတ်အောင်လုပ်ဖို့စဉ်းစားနေမိလေလေပါပဲ။ ကြာလာရင်ကိုယ့်ဘက်ကလည်း သူနစ်နာအောင်ပြန်ပြီးတုံ့ပြန်တာတွေရှိလာနိုင်ပါတယ်။

တကယ်ဆို လူ့ဘ၀တိုတိုလေးမှာအမုန်းတရားတွေနဲ့ရှင်သန်နေရတာ အဆင်မပြေပါဘူး။ဘာဖြစ်လို့ နေ့တိုင်းအပူတွေယူနေဦးမှာလဲ?ကိုယ့်အပေါ်မုန်းတဲ့သူထက်စာရင် ချစ်တဲ့သူတွေများတာက ပိုပြီးစိတ်ချမ်းသာဖို့ကောင်းပါတယ်။အဲ့ဒါကြောင့်အလုပ်ခွင်မှာကိုယ့်အပေါ်မလိုမုန်းထားတဲ့သူရှိနေ ရင် သူနဲ့အဆင်ပြေအောင်ကြိုးစားကြည့်ပါ။နောက်ဆုံးဘယ်လိုမှမရဘူး၊ ကိုယ့်အပေါ်မုန်းနေဆဲပဲ ဆိုရင် ဘုရားရှိခိုးတဲ့အခါတိုင်းမှာ သူ့ကိုအေးချမ်းအောင်မေတ္တာပို့ပေးပါ။ တိုက်ခိုက်လိုစိတ်တွေ နည်းသွားပြီးကိုယ့်အပေါ်အကောင်းမြင်တတ်လာပါလိမ့်မယ်။

ဘယ်သူ့ဘက်ကပဲစစ ကိုယ့်အပေါ်ကောင်းကျိုးမပေးတဲ့ အမုန်းတရားမီးတောက်ကို ကိုယ်ကိုယ်တိုင်ပဲငြိမ်းသတ်ရမှာပါ…

914 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.