ကော်ဖီကြမ်း (Black Coffee) သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေ

ဘလက်ခ်ကော်ဖီ..သိပ်ကြိုက်တယ် မင်းနဲ့တို့နဲ့ ထပ်တူသောက်ခဲ့ကြတယ်…ဘာညာအနေအထား (ဘယ်သူ့သီချင်းမှန်းမမှတ်မိတော့၊ချစ်ကောင်း လားမသိ)အဲ့သီချင်းလေးလိုပေါ့၊ဘယ်လောက်ပဲ ကော်ဖီအလွန်အကျူးသောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေပါတယ်လို့ပြောပြော ကော်ဖီလေနော်၊အရက်မှမဟုတ်တာဆိုပြီး ခေါင်းမာမာနဲ့ဆက်သောက်သူတွေကလည်းရှိတုန်းပါပဲ။အဲ့ဒီ့ထဲမှာမှ ဘလက်ခ်ကော်ဖီလို့ခေါ်တဲ့ ကော်ဖီကြမ်းကြိုက်သူတွေကလည်း ပမာဏတစ်ခုအဖြစ် ခိုင်ခိုင်မာမာရှိနေပါသေးတယ်။ တကယ်တမ်းတော့ ဘယ်အရာမဆိုတန်ဆေးလွန်ဘေးမဟုတ်လား၊အလွန်အကျွံသောက်ရင် ဘေးဖြစ်နိုင်ပေမယ့် သတိလေးနဲ့သောက်ရင်တော့ ဆေးဖြစ်နိုင်ပါသေးတယ်။ ဘဝမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ အရာတွေကများတာကိုး… ဘယ်အရာမှတော့ အဆိုးချည်းပဲမရှိသလို ဘယ်အရာကမှလည်း တချိန်လုံး ချိုမြရှတနေမှာမဟုတ်ဘူးပဲလေ။ စိုင်းစိုင်းသီချင်းတောင်ရှိသေးမဟုတ်လား၊ အဆိုးပြီးတော့အကောင်းတွေပေါ့ဆိုတာလေ…။အဲလေ.. သီချင်းတွေဘက်ရောက်ကုန်ပါပြီ။ ဘလက်ခ်ကော်ဖီချစ်သူလေးတွေအတွက် ဘလက်ခ်ကော်ဖီရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြမယ်နော်။

 

ခံတွင်းကျန်းမာရေးကိုအကျိုးပြုတယ်

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဘလက်ခ်ကော်ဖီဟာ သွားကိုက်တာတွေကိုသက်သာစေသလို သွားအခေါင်းပေါက်တွေ၊သွားပိုးပေါက်တွေထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားမှုနှုန်းကိုလည်းသိသိသာသာလျှော့ချပေးတဲ့အပြင် ခံတွင်းအနံ့ဆိုးတာတွေကိုလည်းပျောက်ကင်းစေပါတယ်။ ဒါ့အပြင် သွားရဲ့ပတ်ပတ်လည်မှာ သွားကိုပိုးမွှားတွေနဲ့ ကပ်နေအောင်လုပ်ဖန်တီးတဲ့ အန်န်ဇိုင်းလို အကျိအချွဲတွေပေါက်ပွားမလာအောင်လည်း ကာကွယ်တားဆီးပေးပါတယ်။

 

နှလုံးကိုကျန်းမာစေတယ်

ကော်ဖီသောက်ရင် ရင်တုန်ပန်းတုန်ဖြစ်စေတယ်ဘာညာဘာညာတွေပြောကြတာတွေရှိပါတယ်။ ဒါဟာလည်းယတိပြတ်မှားတယ်လို့တော့မဆိုနိုင်ပါဘူး။ Instant Coffemix တွေသောက်ရင်ဖြစ်နိုင်တာမှဟိုဘက်ကမ်းတောင်လွန်သေးကိုး။အဲ… ဒါပေမယ်လို့ တကယ့် ကော်ဖီမှုန့်အစစ်ကို ဘလက်ခ်ကော်ဖီအဖြစ်ဖျော်သောက်တာကတော့ ရင်တုန်ပန်းတုန်မဖြစ်စေတဲ့အပြင် နှလုံးကျန်းမာရေးကိုတောင် အထောက်အကူပြုပါသေးတယ်တဲ့။ မျက်စိလည်စရာပဲနော်။ တစ်နေ့ကိုဘလက်ကော်ဖီသုံးခွက်လောက်သောက်တဲ့သူတွေက တစ်နေ့ကိုရေနွေးကြမ်းတစ်ခွက်သောက်တဲ့သူ၊ဒါမှမဟုတ် ကော်ဖီရိုးရိုးတစ်ခွက်သောက်တဲ့သူတွေနဲ့ယှဉ်ရင် နှလုံးရောဂါဖြစ်နိုင်ချေပိုနည်းပါတယ်တဲ့။ သို့ပေတဲ့ အခြားသုတေသနပြုချက်တစ်ခုအရတော့ ကဖိန်းဓာတ်ဟာ လိုအပ်တာထက်ပိုလာရင် မိန်းကလေးတွေမှာ ရင်သားဖွံ့ဖြိုးမှုကို ထိခိုက်စေသလို ရှိပြီးသားရင်သားကိုတောင် ယုတ်လျော့စေတယ်လို့ဆိုပါတယ်။ မီး နဲ့ ရေ.. နင်ဘာကိုရွေးမလဲ.. ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ သီချင်းလို ကိုယ်တွင်းနှလုံးကျန်းမာရေးနဲ့ အပေါ်ယံအလှအပဘာကိုရွေးမလဲ ချင့်ချိန်ပြီးသောက်ကြပေါ့လေ။အကြံပေးရရင်တော့ နှလုံးမကောင်းလို့နှလုံးအစားထိုးရမယ်ဆိုရင်သိန်းချီကုန်မှာဖြစ်သလို အသက်အန္တရာယ်ကောင်းကောင်းကြီးရှိပါတယ်။ တစ်ဖက်မှာတော့ လှပပြီးပုံကျတဲ့ရင်သားရချင်ရင် ဆီလီကွန်တွေထည့်လို့အရသားပဲနော်၊ ဒါလည်း သိန်းချီကုန်မှာပဲ ဒါပေမယ့် မထည့်လည်းဘာမှမဖြစ် မလှတာကလွဲလို့ အသက်အန္တရာယ်မရှိ။ နောက်ပြီး လှနေတော့ရော ပိုက်ဆံရမှာကျလို့၊အဲ့ရင်သားကြိုက်ပြီးကိုယ့်ကိုချစ်တဲ့လူဆိုရင် အဲ့ရင်သားတွေရှုံ့တွသွားတဲ့အချိန်ကျတောင့်တောင့်တင်းတင်းကောင်မလေးတွေပြောင်းချစ်မှာပဲလေ၊ပိုက်ဆံမရှိလို့ မဖောက်ပြန်နိုင်ဘူးပဲထား၊ကိုယ့်အပေါ်တော့အချစ်လျော့မှာပဲ။(ကိုယ်လည်း ဘာတွေ သဝေထိုးချော်တောငေါ့ပြီးပြောနေမိပါလိမ့်နော်)

 

စိတ်ဖိစီးမှုတွေလျော့ကျစေတယ်

ကော်ဖီိသောက်ရင် စိတ်ညစ်တာတွေအနှေးနဲ့အမြန်လျော့သွားတတ်တာကိုတော့ ကော်ဖီချစ်သူတွေသတိထားမိပြီးဖြစ်လောက်ပါတယ်။ ဘလက်ခ်ကော်ဖီကတော့ ရိုးရိုးကော်ဖီတွေထက်ခန္ဓာကိုယ်ကို ပြေလျော့စေသလို စိတ်ကိုပါ တည်ငြိမ်အေးချမ်းစေပါတယ်။ လူတိုင်းမှာဘာကိုစိုးရိမ်လို့ စိုးရိမ်နေမှန်းမသိ၊ရင်တုန်းပန်းတုန်ဖြစ်တဲ့နေ့တွေရှိတတ်ကြပါတယ်၊မိန်းကလေးတွေဆိုပှိုရှိတတ်ပါတယ်။ ဒါတွေကို ဘလက်ခ်ကော်ဖီပူပူလေးတစ်ခွက်က ကူညီိပေးနိုင်မှာပါ။

 

ကိုယ်ခံအားကောင်းစေတယ်

ကိုယ်ကခံရတဲ့အားကိုပြောတာမဟုတ်ဘူးနော် 😛 (ရယ်စရာပြောပြရရင် တစ်ခါကဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲမှာ ဇာတ်လိုက်က ကိုယ်ခံပညာတက်ထားတယ်တဲ့၊အဲ.. ရန်ဖြစ်တော့ သူချည်းခံလာရတာပဲ၊ဟ.. မင့် ကိုယ်ခံပညာတတ်ထားတယ်ဆို ဘယ့်နှယ်ဖြစ်လာတာတုန်းဆိုတော့ ၊ ကျွန်တော်ပြောပါပကော ဘကြီးရာ.. သူများတွေအသားလွတ်အထင်ကြီးနေတာပါဆို၊ဒီမှာက ရန်ဖြစ်တိုင်းကိုယ်ကခံလာရတဲ့ပညာပဲတတ်တဲ့ဟာကို တဲ့။ရယ်ရတယ်နော်၊မရယ်ရလဲရေးတဲ့သူကိုအားနာသမှုနဲ့ တစ်ချက်လောက်ပြုံးလိုက်ပါ၊အိုခေ)  ဘလက်ခ်ကော်ဖီက ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကိုနိုးကြားတက်ကြွအောင် လှုံ့ဆော်ပေးတာမို့ ကိုယ်ခံအားကောင်းပြီး တော်တန်ရုံ ရောဂါတွေလောက်တော့ မဖြုံတော့ဘူးဆိုပဲ။

 

ပျော်ရွှင်စေတယ်

ပျော်ရွှင်တယ်ဆိုတာထက် စိတ်ကြည်လင်စေတာပေါ့နော်၊(ဘယ်သူကတော့ အလကားနေရင်း ပျော်နေပါ့မတုန်း၊ယပ်တောင်နားရွက်ထိုးထားတဲ့သူမှမဟုတ်တာ) ကိုယ့်စိတ်ကအကြည်ဓာတ်လေးနဲ့လင်းလက်ချိုမြနေတဲ့အခါ ဘတ်စ်ကားပေါ်က အပေါက်ဆိုးဆိုးနဲ့ ပိုက်ဆံတွေပုံးထဲရောက်အောင်ထည့်နော်လို့အသံပြဲကြီးနဲ့အော်နေတဲ့ ဒရိုက်ဘာမဲတုတ်ကြီးတောင်အလိုလိုချစ်ဖို့ကောင်းလာတာမျိုး၊လူတိုင်းက ကိုယ့်ကိုပြုံးပြနေတယ်လို့ခံစားရတာမျိုး ရည်းစားကိုအဖြေပေးပြီးခါစ အပျိုဖြန်းလေးလို မျက်နှာက အကြည်ဓာတ်ကလေးနဲ့အလိုလိုပြုံးဖြဲနေတာမျိုးလေ။

694 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.