အတိတ်မေ့ရောဂါကို ကာကွယ်ကုသနိုင်တဲ့အစားအစာတွေ

အတိတ်မေ့ရောဂါတို့ သူငယ်ပြန်တဲ့ရောဂါတို့ဆိုတာ အသက်ကြီးတဲ့သူတွေအကြားအဖြစ်များတဲ့ရောဂါဘယတွေပါ။ ဒါပေမယ့် ငယ်ရွယ်သူတွေလူလတ်ပိုင်းတွေမှာလည်း မျိုးရိုးလိုက်တာတွေရှိတတ်တာမို့ ပေါ့ပေါ့မနေသင့်ပါဘူး။ ကိုယ့်အမျိုးထဲမှာအတိတ်မေ့ဖူးသူမရှိလည်းပဲ အလုပ်ကဖိအားတွေ စိတ်ဆင်းရဲစရာတွေ မတော်မတရားများပြားလာတဲ့အချိန်၊အိပ်ပျက်ညတွေများတဲ့အချိန်တွေမှာဆိုရင် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကမောက်ကမဖြစ်ကုန်ပြီး အတိတ်မေ့ရောဂါစွဲကပ်လာတတ်ပါတယ်။ များသောအားဖြင့်ဖြစ်ဖြစ်ချင်းကုရင်ပျောက်ကင်းချမ်းသာတာများပေမယ့် အချို့ရောဂါသိပ်ပြင်းသွားတဲ့သူတွေဆိုရင် ကုမရတော့တာ ဆေးမမီတော့တာတွေလည်းရှိတာမို့ ကင်ဆာရောဂါနီးပါးဂရုစိုက်သတိထားသင့်တဲ့ရောဂါတွေထဲမှာ အတိတ်မေ့ရောဂါလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အတိတ်မေ့ရောဂါကို ကာကွယ်ကုသရာမှာ သဘာဝနည်းနဲ့တစ်ဖက်တစ်လမ်းက အကူအညီပေးနိုင်တဲ့အစားအစာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

ဘယ်ရီသီးတွေ

ဘလူးဘယ်ရီ၊ရက်စ်ပ်ဘယ်ရီ၊စတော်ဘယ်ရီ စတဲ့ဘယ်ရီသီးတွေဟာ စားလို့ကောင်းရုံမက ကျန်းမာရေးကိုလည်းအတော်လေးအထောက်အကူပေးပါတယ်။အထူးသဖြင့်ဘလူးဘယ်ရီတွေက ဦးနှောက်ကို အားဖြစ်စေပြီး အတိတ်မေ့ရောဂါလို ဦးနှောက်ရောဂါတွေက ကာကွယ်ပေးပါတယ်။ ဘလူးဘယ်ရီတွေကို သူ့အတိုင်းတိုင်းပဲစားစား smoothie ပဲဖျော်သောက်သောက် နှစ်သက်သလို အမျိုးမျိုးစားသုံးပေးနေလို့ရပါတယ်(ပိုက်ဆံတတ်နိုင်ရင်ပေါ့လေ)။

 

ဂေါ်ဖီထုပ်နဲ့အစိမ်းရောင်အရွက်တွေ

ဂေါ်ဖီထုပ်အပြင် ကန်စွန်းရွက်၊ဟင်းနုနွယ် စတဲ့ အစိမ်းရောင်အရွက်တွေကလည်း ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးမှာအဓိက အရေးပါတဲ့စားစရာတွေပါ။ ဆံပင်၊ခြေသည်းလက်သည်းကနေစလို့ အသားအရည်အထိ သူတို့အကျိုးမပြုတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဆိုတာက မရှိသလောက်ပါပဲ။ အစိမ်းရောင်အရွက်တွေမှာ Vitamin B12 ပါဝင်တာကြောင့် ဦးနှောက်သွေးကြောတုန်ခါမှုတွေပူလောင်မှုတွေကိုလျှော့ချပေးနိုင်ပြီး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာပြဿနာတော်တော်များများကိုဖြေရှင်းပေးပါတယ်။

 

လက်ဖက်စိမ်းရေနွေးကြမ်း

ပြောရရင်တော့လက်ဖက်ရည်ပါပဲ၊ ချိုစိမ့်တို့ပေါ့ကျတို့တော့မဟုတ်ဘူးပေါ့(အဲဒါတွေက ဆီးချိုသွေးချိုဖြစ်လိမ့်မယ်) တကယ့်လက်ဖက်စိမ်းကိုနှပ်ထားတဲ့အရည်ပါ။ အဲဒါမျိုးအထုပ်လေးတွေကို နာမည်အမျိုးမျိုးနဲ့ဈေးကွက်ထဲမှာတွေ့ရမှာပါ။ကိုယ်နှစ်သက်ရာကိုယ်ရွေးချယ်သောက်သုံးရုံပါပဲ။ လက်ဖက်စိမ်းမှာ ခန္ဓာကိုယ်ကိုနုပျိုလှပစေတဲ့ အကျိုးအာနိသင်တွေပါသလို သွေးကြောတွေကိုကောင်းမွန်စွာလည်ပတ်စေပြီး ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်စေလို့ အတိတ်မေ့ရောဂါဖြစ်နိုင်ချေတွေကိုလျှော့ချပေးပါတယ်။

 

ဆယ်လမွန်ငါး

အေးတဲ့အရပ်ဒေသတွေမှာပေါက်ဖွားတဲ့ ဆယ်လမွန်ငါးဟာ ဦးနှောက်ကိုငယ်ရွယ်နုပျိုနေတဲ့နားလေးမှာရပ်တန့်နေအောင်ထိန်းပေးထားနိုင်ပြီး အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပွားတဲ့ ရောဂါတော်တော်များများကိုကာကွယ်ပေးပါတယ်။ ဆယ်လမွန်မှာပါတဲ့ Omega 3 fatty acid ဟာ အတိတ်မေ့ရောဂါဖြစ်မလာအောင် ကာကွယ်တားဆီးပေးနိုင်ပြီး ဖြစ်ပြီးသားရောဂါကိုတိုက်ဖျက်တဲ့နေရာမှာ အားအကိုးရဆုံးအဖြစ် ဆေးပညာရှင်တော်တော်များများက ညွှန်းဆိုထားကြပါတယ်။အတိတ်မေ့ရောဂါကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ ဆယ်လမွန်ကို တစ်ပတ်တစ်ခါစားပေးရုံနဲ့လုံလောက်ပြီး ရောဂါဖြစ်ပြီးတဲ့အခြေအနေဆိုရင်တော့ ပိုစားပေးရပါမယ်။ ဘယ်အရာမဆိုတန်ဆေးလွန်ဘေးမို့ ကြည့်တော့စားပေါ့နော်။

 

နနွင်းမှုန့်

နနွင်းမှုန့်က ဆေးနည်းတော်တော်များများမှာ ပါဝင်တာသတိထားမိကြမှာပါ။ နနွင်းဟာ အစာကြေရင်ချောင်စေရုံသာမကပဲ ဦးနှောက်ကိုအကျိုးပြုတဲ့  အစားအစာတွေမှာလည်းတစ်ခုအပါအဝင်ဖြစ်နေပါသေးတယ်။ တော်ရုံအဖျားလေးတွေကိုရေနွေးနဲ့ရောသောက်ရုံတင်ပျောက်နိုင်ပြီး မိန်းကလေးတွေနဲ့ပက်သက်တဲ့ ရောဂါဘယတွေကိုလည်းနိုင်နင်းတဲ့နနွင်းဟာ ဦးနှောက်ကိုသွေးလည်ပတ်မှုကောင်းအောင် အောက်ဆီဂျင်ပိုရအောင်လုပ်ဆောင်ပေးတဲ့အပြင် နေ့စဉ်ဟင်းလျာတွေမှာ နနွင်းအနည်းငယ်ကိုမမေ့မလျော့ထည့်ချက်ပေးရုံနဲ့ ဦးနှောက်ကိုနှစ်ပေါင်းများစွာ ကျန်းမာဖျတ်လတ်နေစေနိုင်ပါတယ်တဲ့။

 

ဒါတွေက အင်္ဂလိပ်ဆေးတွေလောက်တော့ဘယ်စိတ်ချရပါ့မလဲပေါ့နော်။ဖော်ပြပေးရတဲ့ရည်ရွယ်ချက်ကလည်း ဆေးတွေသောက်နေရတဲ့သူတွေဆိုရင်ဆေးအာနိသင်ပိုရစေဖို့ ဘာမှမဖြစ်သေးတဲ့လူကောင်းတွေလည်းကြိုတင်ကာကွယ်ထားနိုင်ဖို့ပါပဲ။

86 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.