အကြောတင်းတဲ့ မိန်းမတွေဆိုတာ…

အကြောတင်းတဲ့ မိန်းမတွေဆိုတာ ဘယ်လိုမျိုးလဲ.. ကောင်းတဲ့ဘက်က လှည့်ပြောပါမယ်။ တစ်ခုခုဆို သူများပြောတိုင်း စိတ်ခံစားမလွယ်တတ်တာ၊ သူများကြိုးကိုင် ချယ်လှယ်တာကို မခံသူ၊ ကိုယ်ပိုငလမ်းကြောင်းနဲ့ ဖောက်ထွက်မယ့် အမျိုးသမီးတွေပေါ့။ ယောက်ျားလေးတွေနဲ့ ယှဉ်ရင် မိန်းကလေးတွေမှာ စိတ်ခံစားချက်များစရာကိစ္စတွေ တစ်ပုံတစ်ပင်ကြီးပါ။ တစ်ခုခုဆို အားကိုးမရှာဘူး.. ကိုယ်တိုင်တတ်နိုင်သလောက် ဖြေရှင်းကြည့်တယ်။ ခေါင်းကြောတင်းတယ်ဆိုတာ ဒီနေရာမှာ ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းမကိုပြောချင်တာပါ။

သူတို့ဟာ ဘာပဲဖြစ်နေပါစေ..ကိုယ့်ကိုကိုယ်တော့ ချစ်တယ်။ အမြဲသူများနဲ့ လိုက်နှိုင်းယှဉ်မနေဘူး။ နှိုင်းယှဉ်ပြီး စိတ်ညစ်ခံ အချိန်ဖြုန်းမယ့်အစား သူမအတွက် တိုးတက်မယ့်အရာတွေကိုသာ ရှာဖွေနေတတ်တယ်။ နောက်ပြီး ပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်း အားလုံးနဲ့ သင့်မြတ်အောင် ပေါင်းနိုင်တယ်… တစ်ပါးသူနဲ့ပတ်သတ်ပြီး အသေးဖွဲ့လေးတွေအစ ဂရုစိုက်တတ်လို့ တူညီတဲ့အကျိုးတော့ ပြန်ခံစားရမြဲပဲ။ ဒါပေမယ့် တစ်ခါတစ်လေ သူတို့ဟာ အပြင်ပန်းကကြည့်ရင် ဘာမှမဖြစ်သလို၊ မာကြောသလိုနဲ့ အတွင်းစိတ်ထဲမှာတော့ အရမ်းခံစားလွယ်ကြတယ်။ သနားစရာတွေမြင်ရင် မနေနိုင်တာပါ။ မကူညီဘဲ လှည့်မထွက်သွားနိုင်ကြဘူး။

စွန့်စားရမယ်ဆိုရင်တော့ တွေဝေမနေတတ်တဲ့ အမျိုးသမီးတွေ။ စိန်ခေါ်မှုတွေကို အမြဲတမ်း စောင့်ကြည့်နေတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ တာဝန်တစ်ခုကိုစိန်ခေါ်ပြီး ရလာတဲ့အကျိုးဆက်ကို သူတို့နှစ်သက်တယ်။ အောင်မြင်မှုဆိုတာထက် ဒီလိုအရသာမှာ သူတို့ပျော်မွေ့နေတတ်တာပါ။

အမြဲတမ်းတက်ကြွလန်းဆန်းစွာနဲ့ အလုပ်ကိုမငြီးငွေ့ လုပ်နေရတာ သူတို့ကြိုက်တယ်။ တစ်ချက်တောင် မငြီးပါဘူး.. ဘာလို့ဆို သူတို့ဘယ်အချိန်အနားယူရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ အချိန်ကို စီမံခန့်ခွဲတတ်ပေါ့။ အရမ်းကြိုက်တဲ့ ဒံပေါက်တောင် ၁ဝပွဲလောက်စားရင် အီထွက်သွားသေးတာပဲ။ ဒီလိုပဲပေါ့.. ဘယ်လောက်ပဲ ကိုယ်နှစ်သက်တဲ့ အလုပ်ဖြစ်ပါစေ.. အနားမပေးရင် လူက အီစိမ့်လာပါလိမ့်မယ်။ ဒီတော့ ဘယ်လိုအချိန်မှာ နားပြီး ဘယ်လိုအချိန်မှာ စိတ်ကြည်၊ ခေါင်းရှင်းစွာနဲ့ အလုပ်တွေပြန်စမယ်ဆိုတာ ပိုင်းခြားထားတယ်။ ဒါကြောင့် သူတို့အလုပ်ကို မငြီးဘဲ တက်ကြွစွာလုပ်နိုင်တာပေါ့ ။

ခေါင်းကြောတင်းတယ်ဆိုပြီး တစ်ယောက်တည်း ခွဲထွက်နေတာမျိုးတော့မဟုတ်ဘူး။ အားလုံးကို တွဲခေါ်တယ်။ အမြင်တွေ ဖလှယ်တယ် ။ သူများခံစားချက်ကို ဦးစားပေးနားထောင်ပေးတယ်။ ဘာမှမဆုံးဖြတ်ခင် နှစ်ခါစဉ်းစားတယ်။ဒီလိုအမျိုးသမီးတွေလည်း ပြည့်စုံတယ်လို့ မရှိပါဘူး။ အမှားတွေလုပ်ခဲ့မိတာပဲ..ဘယ်သူမှတော့ ငါဒါကြီးကိုမှားခဲ့တယ်ဆိုပြီး တစ်သက်လုံးစိတ်ထိခိုက်၊ နောင်တရနေပြီး မရှင်သန်ဘူး။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ဓာတ်ကိုယ်ပြန်ကောက်ရတာပါပဲ။

နောက်တစ်ခုကတော့ အများရှေ့မှာ မျက်ရည်ကျမပြတာပါပဲ။ ကွယ်ရာမှာသာကြိတ်ငိုရင် ငိုမယ်။ သူများရှေ့ မျက်ရည်ကျရတဲ့အလုပ်ကို သူတို့သိပ်မုန်းတယ်။ ဘယ်လောက်ပဲ ခံစားရပါစေ.. ဘယ်သူ့ကိုမှဖွင့်မထုတ်တော့ ပိုပြီးစိတ်ဓာတ်မာကြောလာတယ်။ ထစ်ခနဲရှိမျက်ရည်မလွယ်တတ်တာဟာ ကောင်းတဲ့အကျင့်တစ်ခုလို့ ပြောလို့ရပါတယ်။

နောက်ဆုံးကတော့ သူမရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ဘယ်သူအတွက်နဲ့မှအပျက်စီးမခံတာပါပဲ။ အချစ်ရေးမှာ သူ့အပေါ်မကောင်းဘူးထင်ရင် ရဲရဲစွန့်လွတ်နိုင်တယ်။ မတွယ်ကပ်နေဘူး။ စိတ်ဖိစီးမှုမခံတာပါ.. ဘယ်လိုမှရှေ့ဆက်လို့အဆင်မပြေရင် ကိုယ့်လမ်းကိုယ်လျှောက်တယ်။ မချစ်တတ်တာတော့
မဟုတ်ဘူး..ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်ထားတတ်တဲ့ အမျိုးသမီးတွေပေါ့။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.