ဆံပင်ကျွတ်တာသက်သာအောင် ဘာတွေစားရမလဲ

ဆံပင်တွေက ဘယ်ကဘယ်လိုကျွတ်နေမှန်းကိုမသိတာ။ကိုယ့်ဟာကိုယ် ခေါင်းလျှော်ရင် ပါပါလာတဲ့ဆံပင်အထွေးလိုက်ကြီးတွေကို ကြည့်ကြည့်ပြီး အိပ်မက်ဆိုးတွေမက်လွန်းလို့ ဆိုင်သွားလျှော်ရတယ်၊ကျွတ်ရင်တောင်ကိုယ်မမြင်ရတော့စိတ်မဆင်းရဲရဘူးပေါ့။ဆံပင်အကြောင်းတော့ ပြောမနေချင်တော့ပါဘူး ခေါင်းတုံးတောင်တုံးပစ်လိုက်ချင်တယ် ဆိုသူတွေအတွက် ဆံပင်ကျွတ်ခြင်းကိုသက်သာစေမယ့် သဘာဝအစားအစာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ နဂိုကတည်းက သဘာဝအစားအစာတွေဆိုတာက ဓာတုပစ္စည်းတွေပါတဲ့ ဖြည့်စွက်စာတွေလိုဟပ်ချလောင်းဆိုပြောင်းလဲပေးမှာမဟုတ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ တစ်လတန်သည်နှစ်လတန်သည် တစ်နှစ်တန်သည်သေချာဂရုတစိုက်စားပေးဖို့တော့လိုမယ်ပေါ့နော်။ ဘာမှမတတ်နိုင်ပဲထိုင်ပြီးစိတ်ညစ်နေရတာထက်စာရင်တော့ တော်သေးတယ်ပဲပြောရမှာပေါ့။

 

ဥအမျိုးမျိုး

ကြက်ဥ၊ဘဲဥ၊ငုံးဥ၊ငန်းဥ၊မန်ဒါလီဘဲဥ၊မြွေဥ (အဲလေ မြွှေဥမပါဘူးနော်၊မြွေဥက စားမိရင် အသားမှာအကွက်တွေထစေတဲ့အပြင် အပူကြောင့်ဆံပင်တွေကျွတ် မျက်လုံးတွေကွယ်လည်းဖြစ်စေတာမို့ အန္တရာယ်ကြီးပါတယ်နော်)

ဥအမျိုးမျိုးမှာ အသားဓာတ်ပါလို့ ခန္ဓာကိုယ်အတွက်ကောင်းစေတဲ့အပြင် ဆံသားကိုလည်းကျန်းမာသန်စွမ်းစေပါတယ်။ ကြက်ဥအကာနဲ့ ဆံပင်ပေါင်းတင်တာတွေဘာတွေတောင်လုပ်နေကြတယ်ဟုတ်၊အဲ့လိုလုပ်ရမှာပျင်းနေရင်တော့ သိပ်ပြီးရှည်ရှည်ဝေးဝေးစဉ်းစားနေစရာမလိုပါဘူး၊ပါးစပ်ထဲသာပစ်ထည့်လိုက်ပါ၊အပြင်ကအကျိုးမပြုရရင် အတွင်းက အကျိုးပြုလိမ့်မပေါ့။

 

ဆယ်လမွန်ငါး

ဆယ်လမွန်ငါးတွေက ကျန်းမာရေးကောင်းစေတဲ့ပင်လယ်စာအဖြစ်လူသိများကျော်ကြားပါတယ်။ ဆယ်လမွန်မှာပါတဲ့ အဆီက လူ့ခန္ဓာကိုယ်ရဲ့ ဦးနှောက်၊သွေးကြောတွေနဲ့ အသားအရည်ကိုအကျိုးပြုသလို Omega 3 fatty acid ကလည်း ဆံသားကိုသန်မာစေပြီး ဆံသားခြောက်တာ ၊ဆံပင်နှစ်ခွဖြစ်တာတွေ၊ကျိုးပြတ်တာတွေ ဆံသားကအလေးချိန်မရှိပဲ ပေါ့ရွှတ်ပြီး ပါးမှာလာကပ်နေတာမျိုးတွေ စတဲ့ဆံသားဆိုင်ရာပြဿနာအမျိုးမျိုးကိုကိုင်တွယ်ဖြေရှင်းပေးပါတယ်။ ဆံပင်ကျွတ်တာကိုသက်သာစေဖို့ဆိုရင်တော့ ဆယ်လမွန်ငါးကိုတစ်ပတ်နှစ်ကြိမ်စားပေးသင့်တယ်လို့ ပညာရှင်တွေကအကြံပြုထားကြပါတယ်။ ဆယ်လမွန်ကို အကင်၊အကြော်၊ဟင်း၊အပြုတ်၊ကျပ်တိုက်၊အစိမ်းလိုက်သုပ်စားတာမျိုး နှစ်သက်သလိုစားသုံးပေးလို့ရပါတယ်။အာနိသင်က လျော့ကျသွားမှာမဟုတ်ပါဘူး။

 

အမဲသား

တချို့ကတော့ အမဲသားကိုရာသက်ပန်ရှောင်ကြပါတယ်။ဒါကလည်း သူ့အကြောင်းနဲ့သူပေါ့လေ။အဲဒီလူတွေကတော့ အမဲသားအစား အခြားသော အသားတွေစားပေးလို့ရပါတယ်။ အမဲသားလောက် အာနိသင်ရမှာမဟုတ်ပေမယ့်လည်း မတတ်နိုင်ဘူးပေါ့။ အမဲသားရဲ့ပြည့်ဝတဲ့အသားဓာတ်က ကျန်းမာသန်စွမ်းတဲ့ဆံကေသာတွေပိုင်ဆိုင်နိုင်စေဖို့ကောင်းကောင်းကြီးအကျိုးပြုပါတယ်။ သိသာထင်ရှားတဲ့ရလဒ်အတွက် အမဲသားကို တစ်ပတ်နှစ်ကြိမ်လောက်စားသုံးပေးရပါမယ်။ စည်သွပ်ဘူးနဲ့အမဲသားတွေစားတာထက် ဈေးထဲကဝယ်ပြီးကိုယ်တိုင်ချက်စားတာမျိုး နေ့တိုင်းရောင်းတဲ့ ဟင်းဆိုင်တွေမှာဝယ်စားတာမျိုးက အာနိသင်ပိုရစေမှာပါ။

 

 ပဲအမျိုးမျိုး

ပဲဝါလေးဟင်းချို၊ချစ်တီးပဲကုလားဟင်း( ပြောရင်းနဲ့တောင်ဗိုက်ကသံစုံမြည်လာပါပေါ့)၊ ဗိုလ်စားပဲ၊ပဲတောင့်ရှည်၊ပဲသီး၊စားတော်ပဲ စတဲ့ပဲအမျိုးမျိုးမှာ အသားဓာတ်ပါတာမို့ အသားဟင်းနပ်မှန်အောင်မစားနိုင်တဲ့သူတွေအတွက်က ပဲအမျိုးမျိုးက ရွေးချယ်စရာတစ်ခုပါပဲ။ ပဲအမျိုးမျိုးကိုအခြောက်ခံပြီးစားတာပဲဖြစ်ဖြစ် သုပ်စားတာပဲဖြစ်ဖြစ် အရံဟင်းအနေနဲ့ပဲစားစား နှစ်သက်သလိုစားသုံးပေးလို့ရပါတယ်။

 

အစေ့အဆံ

နေကြာစေ့၊ကွာစေ့၊ဘာစေ့ညာစေ့ စတဲ့အစေ့အဆံတွေမှာ သံဓာတ်နဲ့အခြားအကျိုးပြုဓာတ်တွေများစွာပါဝင်တာကြောင့် ဆံသားမှေးမှိန်သွေ့ခြောက်တာ၊အားမရှိလို့ ခေါင်းလေးဖြီးလိုက်တာနဲ့ပြတ်ကျနေတာ၊အလိုလိုနေရင်းနဲ့ကိုကျွတ်နေတာတွေကို ထိန်းချုပ်ပေးပါတယ်။ အဲ…တစ်ခှုရှိတာက ရုပ်ရှင်ရုံတွေမှာရောင်းတဲ့ အခွံခွာပြီးသားနေကြာစေ့အထုပ်ကလေးတွေကတော့ ဘာအာနိသင်မှပေးမှာမဟုတ်တဲ့အပြင် သွေးပေါင်ကျရောဂါတောင်စွဲကပ်စေနိုင်ပါသေးတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.