ဆောင်းရာသီမှာ စားသင့်တဲ့အစားအစာတွေ

ရန်ကုန်လိုမြို့ကြီးတွေမှာ ဆောင်းပျောက်လေ့ရှိပေမယ့် ဒီနှစ်ဆောင်းရာသီကတော့ ပိုအေးလာတာ သိသာတယ်နော်။ ဒီတော့ အရင်နှစ်တွေကလိုမျိုး ကျန်းမာရေးကို လျှော့လျှော့ပေါ့ပေါ့သဘောထားလို့မဖြစ်တော့ဘူးပေါ့။ မနက်အစောကြီးမြူတွေဆိုင်းနေတဲ့အချိန်မှာ သမ်းဝေလိုက်ရင်တောင် ပါးစပ်ထဲကအငွေ့တွေထွက်လာလောက်အောင်အေးတဲ့ဆောင်းရာသီကိုအံတုကျော်ဖြတ်ဖို့ရာ ကိုယ့်ခန္ဓာကိုယ်ကို လောင်စာဖြည့်တင်းပေးနေတဲ့ အစားအစာတွေကလည်းအရေးကြီးတာမို့ ဆောင်းရာသီမှာ အေးခဲထုံကျင်တာတွေ ခြေဖျားလက်ဖျားတွေအေးတာတွေကို ကာကွယ်ကုသဖို့ရော ဆောင်းကြောင့်ဖြစ်တဲ့ အခြားအာဂန္တုရောဂါဝေဒနာတွေကို တိုက်ထုတ်ဖို့ပါ အရေးပါအရာရောက်တဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

လိမ္မော်သီး

မွှေးချိုအေးတဲ့ လိမ္မောသီးလေးတွေမှာ Vitamin C ကြွယ်ဝစွာပါဝင်တာကြောင့် ဆောင်းရာသီိမှာ Vitamin C ချို့တဲ့မှုကြောင့်ဖြစ်တတ်တဲ့ ခြေမလက်မတွေဖနောင့်တွေကွဲတာ အသားပက်တာတွေကို ကာကွယ်ပေးပါတယ်။ အလွန်အေးတဲ့အနောက်နိုင်ငံတွေမှာဆို နှင်းကိုက်နာလိုအနာမျိုးတွေကိုပါ လိမ္မော်သီးက သက်သာစေတယ်လို့ဆိုပါတယ်။ လိမ္မော်ရည် ဘာညာထက် လိမ္မော်သီးအလုံးလိုက်ကိုနွှာစားတာကပိုပြီး အာနိသင်ရှိပါတယ်။

 

မုန်လာဥနီ (ခါကြက်ဥ)

မုန်လာဥနီကတော့ ဆောင်းတွင်းမှမဟုတ်ပါဘူး။နွေ၊မိုး၊ဆောင်း ရာသီသုံးပါးစလုံးလက်မလွှတ်သင့်တဲ့အစားအစာပါ။ ဘာလို့ဆို သူ့မှာ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဓာတ်တွေလက်ချိုးရေလို့မရအောင်ကို တစ်ပုံတစ်ခေါင်းကြီးပါနေလို့ပါပဲ။ မုန်လာဥနီမှာပါတဲ့ Vitamin A က အသားအရည်ကို နုပျိုငယ်ရွယ်စေတဲ့အပြင် အဖတ်လိုက်တွေလန်တာ၊အသားကွဲတာပက်တာ စတဲ့ အရေပြားပြဿနာတော်တော်များများကိုဖြေရှင်းပေးပါတယ်။ ဒါ့အပြင် မုန်လာဥနီက ခန္ဓာကိုယ်ခုခံအားကိုမြင့်တက်စေပြီး အဆုပ်ကိုပုံမှန်အလုပ်လုပ်စေလို့ အသက်ရှုလမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။ မုန်လာဥနီကို ဟင်းအဖြစ်ချက်စားလို့ရသလို အသုပ်တွေထဲထည့်လို့လည်းရပါတယ်။ စိတ်ပါရင် ငပိရည်တို့စရာနဲ့ အတို့အမြှပ်အဖြစ်စားလို့လည်းရပါသေးတယ်။

 

ဥအမျိုးမျိုး

ကြက်ဥ၊ဘဲဥ၊ငုံးဥ၊ငန်းဥ၊မန်ဒါလီဘဲဥ၊ ငှက်ဥ၊မြွေဥ (နောက်တာနော် မြွှေဥစားရင် အကွက်တွေထတတ်သတဲ့ရှင့်၊အစားမသောင်းကျန်းကြပါနဲ့) စတဲ့ ဥအမျိုးမျိုးမှာ ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးတဲ့ သွေးလည်ပတ်မှုကောင်းစေတဲ့ဓာတ်တွေအများအပြားပါဝင်တာကြောင့် ခြေဖျားလက်ဖျားတွေအေးတာ အလကားနေရင်းချမ်းလွန်းလို့ စောင်အောက်ကမထွက်ရဲတာတွေအတွက်ကူညီိစောင်မပေးမှာပါ။ ဥအမျိုးမျိုးမှာပါဝင်တဲ့ အသားဓာတ်ဟာ အရိုးတွေကိုသန်စွမ်းခိုင်မာစေတာလည်းတော်တော်များများသိကြမယ်ထင်ပါရဲ့။

 

ဂျင်း

ယူတို့ကသာ ဂျင်းပါကွာ ဂျင်းပါကွာတွေလုပ်နေကြတာ၊တကယ်တော့ ဂျင်းဆိုတာက ခန္ဓာကိုယ်အတွက်အလွန့်အလွန်ကောင်းကျိုးပေးတာပါနော်။ အစာကြေတာရင်ချောင်တာတင်မက ( ကိုယ်လည်း ဂျင်းပရိုမိုတာလေသံတွေတောင်ပေါက်နေပါရော) ဆောင်းရာသီိမှာဖြစ်တတ်တဲ့ တုပ်ကွေးဘာညာလည်းပျောက်စေပါတယ်။ နှာမွှန်သလိုလိုဖြစ်နေလား၊ဂျင်းပြုတ်ရည်လေးမှုတ်သောက်လိုက် တခါထဲချွေးတပြိုက်ပြိုက်နဲ့ အိုကေမှာစိုပြေသွားမယ်။ ဒါတင်ပဲလားဆိုတော့ ဘယ်ကလိမ့်မလဲ ဂျင်းက အသားအရည်အတွက်လည်းကောင်းကျိုးဖြစ်သေးတာအမှန်ပါ။ ထမင်းစားပြီိးတိုင်းဂျင်းရေနွေးကြမ်းပူပူလေးသောက်ပေးမယ်ဆိုရင် အသားအရည်စိုပြည်လှပစေပါတယ်တဲ့။ တောသူလေးတွေ ချွေးလေးတစိုစိုနဲ့လှနေကြတာ ဘာကြောင့်လို့ထင်သတုန်း။

 

နနွင်းမှုန့်

ဆနွင်းမှုန့် (နနွင်းမှုန့်) ကိုတော့ ဘယ်သူမှမစားချင်ကြဘူးရယ်။ ဘယ်စားချင်ကြမလဲ အဝင်ကလည်းဆိုးသကိုး။ မီးနေသည်တွေတောင် မဖြစ်လွန်းလို့စားကြရတာမဟုတ်လား။ ဒါပေမယ့် ဘယ်သူမှမစားချင်ကြတဲ့ နနွင်းမှုန့််လေးဟာ ကိုယ်တို့မီးဖိုခန်းတွေမှာ ဘယ်တော့မှမပြတ်တမ်းအမြဲရှိနေကြတာရော မထူးဆန်းဘူးလား (ဒါကဘာနဲ့တူသလဲဆိုရင် အပေါက်ဆိုးပေမယ့် အသင်အပြကောင်းတဲ့ဆရာကြီးနဲ့တူတယ်၊ အပေါက်ဆိုးလို့ အစကတော့ ဘယ်သူမှ မချစ်ချင်ကြပေမယ့် အသင်အပြကလည်းကောင်းနေတော့ သူ့လက်ချာတွေကိုမချစ်သော်လည်း အောင့်ကာတက်ရင်းကနေ ဆရာက အပေါက်သာဆိုးတာ တကယ်တမ်းစေတနာရှိပါလားဆိုတာ သိနားလည်ပြီး ကျောင်းတွေပိတ်တဲ့အခါကျ အဲ့အပေါက်ဆိုးလှချည်ရဲ့ဆိုတဲ့ ဆရာကြီးကိုပဲ မျက်ရည်လည်ရွှဲနဲ့ဖက်ငိုကြတာမျိုးလေ၊အယ်…ပြောရင်းနဲ့ဘေးချော်သွားပြန်ပါပြီ) နနွင်းမှုန့်ရဲ့အကျိုးကျေးဇူးတွေကတော့ ပြောမကုန်တကယ်စားမှသိဆိုတာမျိုးပါပဲ။ အဓိကထိရောက်တာကတော့ ဆောင်းတွင်းမှာဖြစ်တတ်တဲ့ တုပ်ကွေးတွေ၊ငန်းဖျားငန်းနာတွေ၊နှာမွှန်တာတွေ အဲ့ဒါတွေအတွက်အဓိကထိရောက်ပါတယ်။ နောက်ပြီး အသားအရည်လှချင်ရင် နနွင်းကိုအပြားလိုက်စားရသတဲ့၊ရှေးလူကြီးတွေပြောတာကြားဖူးပါရဲ့။ ခံတွင်းနံ့ဆိုးတာကလည်း လုပ်တုန်းခဏသာပျောက်တဲ့ ခေတ်ပေါ်ပလုတ်ကျင်းဆေးရည်တွေလောက်တော့ နနွင်းကပျင်းတောင်ပျင်းသေးပဲ၊နနွင်းကို မန်ကျည်းသီးလေးတွေနဲ့အလုံးလိုက်သာစား တစ်ပတ်လောက်နေ ပျောက်ဂျောက်ပဲ။

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.