အစာအိမ်နာခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းနည်းလေးတွေ

အိမ်တွင်းနည်းဆိုတာက ဆေးမြီးတိုပါပဲ။ ဆေးမြီးတိုဆိုတာက ကိုယ့်ကလေးတွေဘာတွေနေထိုင်မကောင်းဖြစ်တဲ့အခါ အရမ်းမပြင်းထန်လို့ ဆေးရုံဆေးခန်းတွေသွားစရာမလိုဘူးဆိုတဲ့အခါမျိုးမှာ (နည်းနည်းလေးဖြစ်တာနဲ့ဆေးခန်းပြေးရရင် ဆေးဖိုးဝါးခနဲ့မွဲမှာပဲ) လောလောလတ်လတ်သက်သာသွားအောင် လုပ်ပေးတတ်တဲ့ အဖိုးအဖွားတွေရဲ့ ဆွေစဉ်မျိုးဆက်လက်ဆင့်ကမ်းလာတဲ့ အိမ်တွင်းနည်းလေးတွေပေါ့။ အမှန်တကယ်ထိရောက်တဲ့ ဆေးမြီးတိုတွေရှိသလို အာဝါဒါးဆေးမြီးတိုတွေလည်းရှိတာပါပဲ။ဘယ်ဟာက ထိရောက်သလဲဆိုတာတော့ လုပ်ပုံလုပ်နည်းမှန်မမှန်နဲ့လည်းဆိုင်တာပေါ့နော်။

 

ဂျင်းဖျော်ရည်

ဂျင်းတက်လျက်ဆားတို့ဘာတို့ ဈေးတွေမှာလိုက်ရောင်းကြတာတွေ့ဖူးတယ်မဟုတ်လား။ဂျင်းရဲ့ ဂုဏ်သတ္တိကအစာကြေရင်ချောင်စေတဲ့အပြင် ဒဏ်ရာတွေကိုလည်းကျက်စေပါတယ်။ဒါကြောင့် ဂျင်းကို ရေနွေးပူပူလေးနဲ့ဖျော်သောက်မယ်ဆိုရင် ဗိုက်နာဗိုက်အောင့်တာတွေကိုချက်ချင်းသက်သာစေမှာပါ။

 

မုန့်ဖုတ်ဆိုဒါ

မုန့််ဖုတ်ဆိုဒါက အစာအိမ်ထဲက အက်စစ်ဓာတ်တွေကို ပျက်ပြယ်စေနိုင်တဲ့အစွမ်းရှိပါတယ်။ မုန့်ဖုတ်ဆိုဒါကို သဘာဝရေအေးတစ်ခွက်နဲ့ ခပ်ကျဲကျဲလေးဖျော်သောက်ပေးပါ။ အစာအိမ်ထဲကအက်စစ်ဓာတ်တွေကိုသူကစုပ်ယူပြီးပျက်ပြယ်စေမှာမို့ ချက်ချင်းသက်သာသွားပါလိမ့်မယ်။မသက်သာသေးရင်သက်သာတဲ့အထိ ဆက်သောက်ပေးလို့ရပါတယ်။ တန်ဆေးလွန်ဘေးတဲ့၊တရားလွန်တော့မသောက်နဲ့ပေါ့နော်။ အဓိကအရေးကြီးတာက သင့်မှာ သွေးတိုးရောဂါရှိရင် မုန့်ဖုတ်ဆိုဒါနဲ့လုံးဝမတည့်ဘူးဆိုတာသတိပြုပါ။

 

ပေါင်မုန့်အညိုမီးကင်

တူးနေရင်ပိုကောင်းပါတယ်။ ပေါင်မုန့်အညိုမှရမှာနော် အဖြူကိုမီးကင်ထားတာက အစာအိမ်ကိုအခြေအနေပိုဆိုးစေပါလိမ့်မယ်။ အစာအိမ်နာပြီဟေ့ဆိုရင်ဘာမှကိုစားချင်စိတ်မရှိတာသဘာဝပါ။  ပေါင်မုန့်အညိုကိုမီးကင်ထားတာလေးက သင့်အစာအိမ်ထဲက အဆိပ်အတောက်တွေကိုစုပ်ယူပေးပြီး နေရထိုင်ရသက်သာစေမှာပါ။ ရေနွေးပူပူလေး ဒါမှမဟုတ် သဘာဝရေအေးလေးနဲ့တွဲပြီးသုံးဆောင်ပေးလို့ရပါတယ်။

 

စမုံစပါး

စမုံစပါးက ပရဆေးဆိုင်တော်တော်များများမှာဝယ်လို့ရပါတယ်။ စမုံစပါးက အစာခြေလမ်းကြောင်းတစ်လျှောက်ကအဆိပ်အတောက်တွေကိုရှင်းပေးပြီး အစာအိမ်ကို ကုသပေးနိုင်ရုံမျှမက အစာအိမ်နာတာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာ၊နှာချေတာ၊အန်တာတွေကိုလည်းကုသပေးနိုင်ပါတယ်။ စမုံစပါးက ခန္ဓာကိုယ်အတွက်နာမည်ကြီးတဲ့ဆေးစွမ်းတစ်လက်ပါ။ စမုံစပါးအနည်းငယ်ကို ရေတစ်ခွက်ထဲထည့်ပြီး ရေကိုအပူပေးပါ(ရေနွေးထဲမထည့်ရပါ သဘာဝရေအေးထဲထည့်ပြီးမှ ရေကိုအပူပေးရမှာပါ) ဆူလာရင် ချပြီးအအေးခံထားပါ။ သိပ်ပြီးအေးစက်မသွားခင် နွေးနွေးလေးအနေအထားလောက်မှာ သုံးဆောင်ပါ။

 

ဒါတွေက ပုံမှန်ခဏခဏအစာအိမ်နာနေကျလူတွေအတွက်ပါ၊နာတာကအရမ်းပြင်းတယ်ဆိုရင်တော့ ဆေးမြီးတိုတွေကိုအားမကိုးပဲ ဆေးခန်းပဲအမြန်လစ်ဖို့အကြံပေးပါရစေ။ နောက်တစ်ခုသတိကြပ်ကြပ်ထားဖို့ကတော့ ဆေးမြီးတိုတွေကို အင်္ဂလိပ်ဆေးတွေနဲ့တွဲမသောက်ဖို့ပါပဲ။ ရလဒ်တွေကကပြောင်းကပြန်တွေဖြစ်ကုန်တော့မှ ဟိုဆေးမြီးတိုကအလကား ဒီဆေးမြီးတိုကြောင့်ငါသေမလိုတောင်ဖြစ်သွားတယ်တွေ မမြည်တမ်းကြပါနဲ့။တစ်ခုဆိုတစ်ခုပဲလုပ်ပါ။

419 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.