မနာလိုခြင်းဆိုတာ မကောင်းတဲ့စိတ်ခံစားချက်၊ သူများအောင်မြင်မှုကို ၀န်တိုခြင်းလို့ ခေါ်ကြတယ်။ လူ့သဘာဝအနေနဲ့ ကိုယ့်ထက် သာလွန်တဲ့လူကိုမြင်ရင် မနာလိုဖြစ်ကြတာမဆန်းပါဘူး။ မနာလိုတာနဲ့ အားကျတာကတော့ ကွာပါတယ်။ အားကျတာက သူတို့ဖြစ်ချင်တယ်၊ အောင်မြင်ချင်တဲ့
စိတ်သက်သက်ပဲရှိတယ်။ မနာလိုတာကျတော့ သူ့အောင်မြင်မှုအတွက် ကိုယ်က လိုက်မပျော်ပေးနိုင်တော့ဘူး။ စိတ်ထဲမှာ အလိုမကျမှုတွေ၊ ဒေါသတွေပါ ရောပါလာတယ်။
ကိုယ်တိုင်က ဒီလိုခံစားချက်ကြီးကိုမုန်းပေမယ့် တစ်ခါတစ်လေ စိတ်ထဲမှာခံစားလာရရင် ဘယ်လိုဖြေဖျောက်မလဲ ? မနာလိုဖြစ်နေတဲ့ စိတ်ကိုအကောင်းဘက်ရောက်အောင် ဘယ်လိုကိုင်တွယ်မလဲ ?
လေ့လာမှုများအရ မနာလိုဝန်တိုခြင်းဆိုတာ သဘာဝတစ်ခုဖြစ်လို့ သမိုင်းတစ်လျှောက်မှာတော့ ဓလေ့တစ်ခုအဖြစ်ရှိနေဆဲပါပဲ ။ သူငယ်ချင်း အချင်းချင်း ဆက်ဆံရေး၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်ခြင်းဆက်ဆံရေးတွေမှာ မနာလိုဝန်တိုစိတ်တွေ အများဆုံးဖြတ်တတ်ပါတယ်။ ဆွေမျိုး အချင်းချင်း အမွေလုရာမှာလည်း ဒီလိုစိတ်တွေ ၀င်နိုင်တာပဲ။ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်တိုင်းမှာ ဒီစိတ်ကတော့ အမြဲရှိနေမှာပါပဲ။
ဒီလို ခံစားချက်ကြီးဝင်နေတာကို ဖယ်ထုတ်ပစ်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက သူ့အကြောင်းမတွေးပါနဲ့။ ကိုယ်မနာလိုတဲ့လူအကြောင်းတွေးနေရခြင်းဟာ အားလည်းပိုကုန်စေပြီး ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ရာရောက်ပါတယ်။ အကောင်းဆုံးက မတွေးပဲနေပါ။ သူ့မှာ ဘယ်အချက်တွေက သာလွန်နေတာလဲ… ဘယ်အရာတွေကြောင့် ငါ့ကို ဒီလိုစိတ်ခံစားချက်ဝင်အောင်လုပ်ရတာလဲဆိုတာ သေချာပြန်စဉ်းစားပါ။ လူတိုင်းမှာ ကိုယ်စီတန်ဖိုးဆိုတာ ရှိပြီးသားပါ။ သူများနဲ့တော့ လိုက်မယှဉ်ပါနဲ့ ။ ငါဘာတွေ ဆက်လုပ်မလဲ ? ဒီထက်ပိုပြီး အောင်မြင်အောင် ဘာတွေပြင်ဆင်မလဲဆိုတာ အရေးကြီးပါတယ်။ ထိုင်ပြီး သူ့အကြောင်းတွေး ပြီး မနာလိုဖြစ်နေမယ့်အစား အဲ့ဒီအချိန်လေးမှာ ကိုယ့်အတွက်အကျိုးရှိမယ့်အရာတစ်ခုခုကိုလုပ်လိုက်ခြင်းဟာ ကိုယ့်ရဲ့မနာလိုစိတ်ကို
ကောင်းတဲ့ဘက်ရောက်အောင် ဆွဲသွင်းလိုက်သလိုပါပဲ။ ကြိုးစားကြည့်ပါ… အစပိုင်းမှာတော့ ခဲယဉ်းပေမယ့် နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပါလိမ့်မယ်။ 🙂