မေမေလောင်းလျာလေးတွေသိသင့်တဲ့ ကိုယ်ဝန်ဆောင်အယူအဆအမှားတွေ

ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိန်းကလေးတွေအတွက် အင်မတန်ဂုဏ်ယူစရာကောင်းတဲ့အချိန်ကာလပါပဲတဲ့။ မိသားစုတွေကလည်းဖူးဖူးမှုတ်ထားကြ ၊ဘာလုပ်ချင်လဲ ဘာစားချင်လဲချက်ချင်းဆိုတော့ ပျော်စရာအချိန်ကြီးပေါ့။ ဒီအချိန်မှာအရေးကြီးတာက ကိုယ့်ကိုချစ်လို့ သတိပေးကြတဲ့ ကိုယ်ဝန်နဲ့ပက်သက်တဲ့အယူအဆတွေကို သတိထားရပါမယ်။ အချို့က ကြားဖူးနားဝတွေကို တစ်ဆင့်နားနဲ့ပြန်ပြောပြတာတွေလည်းရှိပါတယ်။ အဲ့ဒါတွေထဲမှာ အမှန်တကယ်အသုံးဝင်တာတွေလည်းရှိသလို ကိုယ့်ကိုထိခိုက်စေတာတွေလည်းပါမှာပါပဲ။ စေတနာကိုအသိအမှတ်ပြုလို့ ရပါတယ်။ ဒါပေမယ့် ကြားကြားသမျှကို မျက်လုံးလေးဝိုင်းပြီးလိုက်ယုံနေဖို့တော့မလိုပါဘူး။ ကိုယ့်အသိညဏ်နဲ့ဝေဖန်ပိုင်းခြားပြီး ဘယ်ဟာကတော့ ဖြစ်နိုင်တယ် ဘာကတော့ ယုံတမ်းစကားဆန်တယ်ဆိုတာမျိုးသိထားရပါမယ်။ ကိုယ်တိုင်ဇဝေဇဝါဖြစ်နေတာမျိုးတွေကျ ဆရာဝန်ကိုမေးကြည့်တာအကောင်းဆုံးပါပဲ။

မေမေလောင်းလျာလေးတွေသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်အယူအဆအမှားတွေထဲက အရေးကြီးတာလေးတွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ရပါတယ်။

 

 နှစ်ယောက်စာမို့များများစားရမယ်

သူကတစ်ယောက်တည်းစာမဟုတ်ဘူး၊နှစ်ယောက်စာ များများစားရမယ်ဆိုတာမျိုးသင့်အုပ်ထိန်းသူတွေကပြောလေ့ရှိကြမှာပါ။ဒါပေမယ့် ဒါကအပြည့်အဝမမှန်ပါဘူး။သင်က ကိုယ်ဝန်ဆောင်မို့ပုံမှန်ထပ်ပိုစားသင့်တာဟုတ်ပါတယ်။ အများကြီးပြည့်အင့်နေအောင်စားရင်တော့ မလိုလားအပ်တဲ့ ကိုယ်အလေးချိန်တက်မှုတွေလည်းရှိလာနိုင်မှာဖြစ်ပြီး နဂိုကမှကလေးရှိလို့ သွားလာရတာလေးလံနေရတဲ့အထဲ ကိုယ့်ရဲ့တက်လာတဲ့အလေးချိန်အပိုကိုပါထပ်သယ်နေရသလိုဖြစ်လို့ ကျောကိုက်တာတွေ ခါးနာတာတွေပိုဖြစ်လာပါမှာသေချာပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေတုန်းအဝလွန်တာဟာ ပြင်ပရောဂါတော်တော်များများကိုလည်းဖိတ်ခေါ်နေသလိုဖြစ်တာကြောင့် နှစ်ယောက်စာဆိုပြီး ကျန်းမာရေးနဲ့မညီညွတ်တာတွေအများကြီးစားခြင်းကိုဆင်ခြင်သင့်ပါတယ်။

 

တတ်နိုင်သမျှငြိမ်ငြိမ်နေရမယ်

ဗိုက်ကြီးတကားကားနဲ့လျှောက်သွားနေတာကို မြင်ရတာစိတ်ညစ်တဲ့လူကြီးသူမတွေက ဒါမျိုးတွေပြောခဲ့ဟန်တူပါတယ်။ ကိုယ်ဝန်ရှိနေပြီမဟုတ်လား အလေးအပင်လည်းမမနဲ့ လှုပ်လည်းမလှုပ်နဲ့ နောက်ဆုံးအသက်ပါမရှုတော့နဲ့ဆိုတာမျိုးပြောချင်တဲ့သူတွေကခပ်များများပါ။ သူတို့ကတော့ သင့်အတွက်စိုးရိမ်လို့ ပြောတာဖြစ်ပေမယ့် မလှုပ်မရှားပဲနေတာဟာ ကလေးမွေးဖွားတဲ့အခါ မွေးရခက်စေသလို ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့်အထဲကကလေးရဲ့ ကြီးထွားသန်စွမ်းနှုန်းကိုလည်းထိခိုက်စေပါတယ်။ ရေကူးတာ၊ယောဂကျင့်တာလိုမျိုး အပျော့စားလေ့ကျင့်ခန်းလေးတွေလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအားစိုက်ရတဲ့အရာမျိုးမဆိုမလုပ်မိဖို့တော့ဂရုပြုပါ။

 

အိမ်မှာခွေးတွေကြောင်တွေမထားရဘူး

ဒါလည်းအပြည့်မမှန်တဲ့အချက်ပါ။ ခွေးတွေကြောင်တွေကထားလို့ရပါတယ်။ ခွေးလေးတွေကြောင်လေးတွေရဲ့ချစ်စဖွယ်အမုအရာလေးတွေကိုမြင်နေရခြင်းအားဖြင့် လူတွေရဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးတာမို့ ကျန်းမာရေးကိုအထောက်အကူဖြစ်ပြီး ကြောင်လေးတွေကထုတ်လွှတ်တဲ့ ဓာတ်တစ်မျိုးဟာ ကလေးသေးသေးလေးတွေကို ကိုယ်ခံအားမြင့်မားစေတာကြောင့် ကလေးအတွက်လည်းအထောက်အကူဖြစ်တာအမှန်ပါ။ သတိထားဖို့ကတော့ ကလေးပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်မိခင်ပဲဖြစ်ဖြစ် ခွေးတွေကြောင်တွေနဲ့ ဖက်လှဲတကင်းမနေမိဖို့ပါပဲ။

 

ရေကိုစိမ်မချိုးရဘူး

ဒါကတော့ အခြေအနေပေါ်မူတည်ပါတယ်။ အလွန်အေးတဲ့ဒေသမှာ ရေအေးတွေချိုးတာမျိုးကိုတော့ရှောင်ရှားသင့်ပေမယ့် ရေနွေးနွေးလေးနဲ့ခပ်ကြာကြာလေးစိမ်တာကတော့ အကြောအချင်တွေပြေစေသလို စိတ်ဖိစီးမှုတွေလည်းပြေလျော့စေတာမို့ တစ်ပတ်တစ်ခါလောက်ချိုးပေးတာသင့်တော်ပါတယ်။

 

ဒါလေးတွေကိုသတိထားပြီး ကျန်းမာလှပတဲ့ သားသားမီးမီးလေးတွေဖန်ဆင်းမွေးဖွားနိုင်ကြပါစေလို့….

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.