ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ရလား?

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ မမွေးဖွားသေးတဲ့ကလေးငယ်အတွက်ရော၊ မိခင်အတွက်ပါ အရမ်းအရေးကြီးတဲ့အချိန်ကာလပါ။တစ်ခုခုမှားသွားတာနဲ့ ဘေးအန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ အဲ့ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်ဆိုရင် စိတ်ပူကြတဲ့မိသားစုက အိမ်ထဲမှာပဲ လမ်းလျှောက်လိုက်၊ အနားယူလိုက်နဲ့နေခိုင်းလေ့ရှိပါတယ်။တော်တော်များများကကိုယ်ဝန်ဆောင်ချိန်ဆိုရင်  မနက်ပိုင်းပျို့အန်တာ၊ခေါင်းကိုက်တာတွေကြောင့် အေးအေးဆေးဆေးအနားယူပြီး သက်တောင့်သက်သာနေလေ့ရှိပါတယ်။

ဒါပေမဲ့လှုပ်ရှားမှုမရှိရင် ပိုပြီးဆိုးလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့အချိန်မှာလည်း လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေက လှုပ်ရှားမှုမရှိဘူးဆိုရင် ကိုယ်အလေးချိန် များလာမယ်၊လှုပ်ရှားမှုမရှိတဲ့အတွက် အထဲက ကလေးရဲ့ကျန်းမာရေးကို ပါထိခိုက်လာစေနိုင် ပါတယ်။အဲ့ဒါကြောင့် ကလေးငယ်လေးတွေနဲ့ပတ်သက်ပြီးလေ့လာဆန်းစစ်သူတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မိခင်ရော၊ကလေးအတွက်ပါကောင်းမွန် တယ်လို့အကြံပေးထားပါတယ်။အမေရိကန်ကောလိပ်က  ပညာရှင်တွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ တစ်ပတ်အတွင်းမှာ ၂နာရီခွဲလောက်ပုံမှန် ကိုယ်လက်လှုပ်ရှားပေးသင့် တယ်လို့ပြောထားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာလေ့ကျင့်ခန်းလုပ်ပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ ဆိုတာလည်းပြောပြထားပါသေးတယ်။

၁)ကိုယ်အလေးချိန်ထိန်းသိမ်းပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်အလေးချိန်များလွန်းတာကကျန်းမာရေးအတွက်မကောင်းပါဘူး။ အဲ့ဒါကြောင့်ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်ကျန်းမာရေးနဲ့ညီညွတ်ပြီး ဆီးချိုရောဂါ ၊သွေးဖိအားမြင့်တာစသဖြင့် ကိုယ်အလေးချိန်မြင့်တက်မှုကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။

၂)၀မ်းပုံမှန်သွားစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးရတဲ့ဆေးတွေကြောင့် ၀မ်းပုံမှန်မသွားပဲ ၀မ်းချုပ်တာတွေဖြစ်တတ် ပါတယ်။ဒါပေမဲ့ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ၀မ်းပုံမှန်သွားလေ့ရှိပါတယ်။

၃)သွေးဖိအားနည်းစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအားက မြင့်တက်လေ့ရှိပါတယ်။မကြာခဏ ဆိုသလို သွေးဖိအားမြင့်တက်တာက အသည်းနဲ့ကျောက်ကပ်ကိုသွားပြီး ထိခိုက်စေနိုင်တဲ့ Preeclampsia ဆိုတဲ့အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။ပုံမှန်လှုပ်ရှားသွားလာနေရင်တော့ သွေးဖိအားမြင့်တက်တာကိုကာကွယ်ပေးနိုင်ပါတယ်။

၎)ဆီးချိုရောဂါ

ကိုယ်ဝန်ဆောင်အစမှာတင်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတဲ့မိခင်တွေဟာ အ၀လွန်ခြင်းကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါကိုမဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်အလေးချိန်တက်မလာပဲ ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုထိန်းညှိပေးပါတယ်။

၅)စိတ်ပျော်ရွှင်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာစိတ်လှုပ်ရှားမှု၊စိတ်ဖိစီးမှုတွေမဖြစ်ဖို့လိုပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက သွေးတွင်းလည်ပတ်မှုကောင်းမွန်စေလို့  စိတ်လက်ပင်ပန်းတာမျိုးမရှိပဲနေလို့ ထိုင်လို့ကောင်းစေပါတယ်။ဘေဘီလေးအတွက်လည်းသက်တောင့်သက်သာဖြစ်စေပါတယ်တဲ့။

၆)နောက်ကျောဘက်နာကျင်မှုသက်သာစေတယ်

ကိုယ်ဝန်ဆောင်ဒုတိယ၊တတိယအပတ်ရောက်လာပြီဆိုရင် နောက်ကျောဘက်နာကျင်မှုကိုစတင် ခံစားလာရပါပြီ။ဘေဘီလေးကြီးထွားလာတဲ့အတွက် သွားရလာရတာအနည်းငယ်တော့ ခက်ခဲလာပါပြီ။ဒါပေမဲ့ပုံမှန်လေ့ကျင့်ခန်းသာလုပ်ပေးမယ်ဆိုရင် ကြွက်သားတွေကို သန်မာလာစေပြီးအရိုးတွေ နာကျင်တာ၊နောက်ကျော၊ခါးနာကျင်တာတွေကို အကောင်းဆုံးကာကွယ်နိုင်ပါတယ်။

၇)ပင်ပန်းမှုလျော့နည်းစေတယ်

လေ့ကျင့်ခန်းပုံမှန်လုပ်တာက ကိုယ်ဝန်ဆောင်ချိန်မှာ အားအင်သစ်တွေရရှိစေပြီး ပင်ပန်းနွမ်းနယ်မှုကိုတိုက်ဖျက်ပေးပါတယ်။ဘာလို့လဲဆိုရင်လေ့ကျင့်ခန်းလုပ်တာဟာ သွေးကြောတွေ၊သွေးလည်ပတ်မှုတွေကောင်းမွန်စေလို့ အလွယ်တကူနဲ့ ပင်ပန်းအားလျှော့တာမဖြစ်စေပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မမွေးရသေးတဲ့ဘေဘီလေးအတွက်ရော၊ မိခင်အတွက်ပါကောင်းမွန်စေလို့ ကိုယ်ဝန်ဆောင်ချိန်မှာလုပ်နိုင်တဲ့လေ့ကျင့်ခန်းတွေကို ပုံမှန်လေးလုပ်ပေးဖို့အကြံပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.