ဆောင်းရာသီမှာ ဗောက်ကင်းဝေးကျန်းမာရေးဖြစ်စေဖို့

ဆောင်းရာသီဆိုရင် အေးတော့ ဦးရေပြားတွေခြောက်သွေ့ပြီး အဖတ်အဖတ်တွေကွာကျတော့ နဂိုနေဗောက်မရှိတဲ့သူတွေတောင်မှ ဗောက်တွေထလာတတ်ပါတယ်။ ဆောင်းရာသီမှာ ဗောက်ထရာကနေ မပျောက်တော့ပဲတစ်နှစ်ပတ်လုံးဗောက်စွဲသွားတတ်သူတွေလည်းရှိတာမို့ ဗောက်ပြဿနာကိုမပေါ့ဆသင့်ပါဘူး။ ဗောက်ထပြီိဟေ့ဆိုရင် ယားကလည်းယား လူကြားထဲမှာလည်းကုတ်ရအဆင်မပြေ၊ အဖြူဖတ်တွေကလည်းဘေးတစ်ဝိုက်မှာကျ (အကျီင်္အနက်ဝတ်မိတဲ့နေ့ဆိုပိုဆိုး) နဲ့ တော်တော်လေးဂုဏ်သိက္ခာထိပါးစေတဲ့ အရာပါ။ ဆောင်းရာသီမှာ ဗောက်တွေနဲ့ အဝေးဆုံးဖြစ်ဖို့ဘယ်လိုနေကြမလဲကြည့်လိုက်ရအောင်နော်။

 

ခေါင်းမှန်မှန်လျှော်ပါ

အေးလိုက်တာဆိုပြီး နှစ်ပတ်တစ်ခါမှခေါင်းလျှော်တဲ့အကျင့်ကို ခေါက်သိမ်းခဲ့ပါတော့။ ခေါင်းမှန်မှန်မလျှော်တဲ့အခါ ဦးရေပြားက အဆီတွေထူထပ်ပြီး ဆံပင်အရင်းမှာညစ်ပတ်လာတာမို့ ဗောက်တွေကိုမွေးထားသလိုဖြစ်ပြီး ပိုမိုယားယံစေတတ်ပါတယ်။ နောက်ပြီး သူများက တစ်ခါလျှော်ရင်ငါတို့က သုံးလေးငါးခါလျှော်လိုက်ရမှဆိုတဲ့ ကိုကိုလှချင် မမလှချင်တွေလည်း ခေါင်းကိုခဏခဏမလျှော်ပါနဲ့ ။ အနည်းတကာ့အနည်းဆုံးတစ်ပတ်တစ်ခါလျှော်ရမယ်ဆိုပေမယ့် တစ်ပတ်သုံးခါလောက်လျှော်မနေမိဖို့သတိပြုရပါမယ်။ ခေါင်းခဏခဏလျှော်ခြင်းဟာ ဦးရေပြားရဲ့ ကျန်းမာတဲ့အဆီတွေကို တိုက်စားပစ်ပြီိး ဦးရေကို ခြောက်ကပ်စေတာကြောင့် ဗောက်တွေကို မျက်နှာသာပေးလိုက်သလို သူခိုးဓားရိုးကမ်းသလို ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ခေါင်းကိုတစ်ပတ်နှစ်ခါလျှော်တာက အနေတော်ပါပဲ။ ခေါင်းလျှော်တဲ့အခါ ဦးရေကိုအစိုဓာတ်ထိန်းပေးတဲ့ ခေါင်းလျှော်ရည်ကိုရွေးချယ်ဝယ်ယူပါ။ ကိုယ်နဲ့ ဘာခေါင်းလျှော်ရည်နဲ့အဆင်ပြေသလဲဆိုတာ သေချာသိထားခြင်းကလည်း မင်္ဂလာတစ်ပါးပါ။ တချို့ခေါင်းလျှော်ရည်တွေက ဈေးကြီးသလောက် ကိုယ့်ဆံသားနဲ့မတည့်လို့ ဆံပင်တွေကျွတ်ပြီးကျန်ခဲ့တာလည်းဖြစ်တတ်ပါသေးတယ်။( တစ်ဝက်လောက်ကုန်မှသတိထားမိတာနော် ကိုယ်တွေ့)

 

ခေါင်းဖြီးခြင်းကလည်း အရေးပါတဲ့အစိတ်အပိုင်းပါ

ခေါင်းကို အနောက်က ကျားလိုက်သလိုမဖြီးပါနဲ့။ခေါင်းဖြီးတယ်ဆိုတာ ဆံပင်အရင်းက ဦးရေဆီတွေကို ဆံပင်အဖျားဆီပို့ပေးပြီး ဆံသားကျန်းမာဖို့ သွေးလေလည်ပတ်စေဖို့ ဖြည်းဖြည်းမှန်မှန်ဖြီးသင့်ပါတယ်။ ကျောင်းက နောက်ကျနေပြီ ကျောင်းကားကအိမ်ရှေ့မှာတပွမ်ပွမ်နဲ့ အင့်ဟယ်ဆိုပြီး ဝက်သားခုတ်သလို ပြီးပြီးရောခေါင်းဖြီးခြင်းက ဆံသားတွေကိုကျိုးပဲ့စေပြီး ဆံပင်တွေပျက်စီးလာတာ အချိန်ကြာရင် သတိထားမိလာပါလိမ့်မယ်။ အရေးကြီးတဲ့အချက်တစ်ခုက ကိုယ့်ဘီးတွေသူများကိုပေးမသုံးပါနဲ့။ဘီးကနေလည်း ရောဂါတွေကူးနိုင်တာမို့ ကြီးကျယ်တယ်အပြောခံရရင်ခံရပါစေ တသီးတသန့်ထားတာကောင်းပါလိမ့်မယ်။

 

ဆီလိမ်းပါ

ခေါင်းလိမ်းဆီလိမ်းတာက ဆံသားတောက်ပြောင်လှပနေဖို့တစ်ခုတည်းမဟုတ်ပါဘူး။ ဗောက်တွေနဲ့ အခြားမလိုလားအပ်တဲ့ပိုးမွှားတွေ ဆံသားနဲ့ ဦးရေပြားမှာမတွယ်ငြိစေဖို့၊ဦးရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ဖို့ပါ။ ခေါင်းကိုဆီမထည့်တဲ့အခါ ဦးရေပြားက ခြောက်သွေ့ခြင်းကို ကာကွယ်ဖို့သူ့အလိုလိုအဆီတွေထုတ်လွှတ်ပါတယ်။အဲဒီ့အခါမှာ ဆံသားတွေစီးကပ်ပြီး အမြင်မလှတဲ့အပြင် ဗောက်တွေသန်းတွေလည်းအထဲမှာအလွယ်တကူအိမ်ကြီးရခိုင်နဲ့နေထိုင်နိုင်ပါတယ်။ ဒါကြောင့်မို့ အသားအရည်ကိုပဲလိုးရှင်းတွေလိမ်းမနေပဲ ဆံသားကိုပါ ဆီမှန်မှန်လိမ်းပေးပါ။ ဘယ်အရာမဆိုတန်ဆေးလွန်ဘေးမို့ အလွန်အကျွံမလိမ်းမိစေဖို့သတိပြုပါ။

 

စိတ်ဖိစီးမှုတွေလျှော့ချပါ

ဆိုင်လို့လားဆိုတော့ ဆိုင်ပါတယ်။တိုက်ရိုက်ကြီးကိုပက်သက်ပါတယ်။ စိတ်ဖိစီးမှုတွေများတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့်ခန္ဓာကိုယ်ထဲက အဆီဂလင်းအများအပြားကနေ အဆီတွေပိုမိုထုတ်လွှတ်ပါတယ်။ ဒါကြောင့် စာမေးပွဲနီးတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေပေါက်တာ အဆီပြန်တာတွေဖြစ်ကြတာပါ။ တကယ်တော့ လူတွေကသတိမထားမိလို့ပါ၊ အဲဒီအချိန်တွေမှာ ဦးရေပြားကနေလည်းအဆီတွေပိုထုတ်ပါတယ်။

 

ဒါတွေကတော့ ဗောက်တွေနဲ့ဝေးဝေးနေဖို့ အမှန်တကယ်အသုံးဝင်တဲ့ အခြေခံအချက်လေးတွေပါ။ ဗောက်ကင်းစင်ပြုံးပျော်ရွှင် ကိုနီဒင်း(အဲလေ ယောင်ကုန်ပြီ) ဗောက်ကင်းဝေးကျန်းမာရေး ဒီကိုလ်ဂျင်ကိုတိုက်လို့ပေး (ဒါလည်းမဟုတ်သေးပါဘူး) ဗောက်နဲ့အဝေးမှာ နေချင်စရာ (ဒါလေးကဗျာဆန်တယ် မဆိုးဘူး) အထက်ပါနည်းလေးတွေသုံးပြီး ဗောက်တွေကိုကာကွယ်တိုက်ထုတ်နိုင်ကြပါစေလို့။

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.