ဆုံးဖြတ်ချက်ချရခက်နေလား

ဘဝမှာ တွေဝေတုံ့ဆိုင်းရတဲ့ အခိုက်အတန့်တွေတော်တော်များများကြုံဖူးကြပါလိမ့်မယ်။ အချစ်ရေးလူမှုရေး စီးပွားရေးတွေကအစ ပညာရေးအဆုံး စိတ်ကနှစ်ခွဖြစ်နေပြီး ဆုံးဖြတ်ချက်ချဖို့ခက်ခဲနေတာမျိုး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာမျိုးတွေလည်းရှိတတ်ပါတယ်။ အဲဒါက တော်တော်ဆိုးတဲ့ ပြဿနာပါ။ အရေးတကြီးအဆုံးအဖြတ်လိုအပ်နေတဲ့ Urgent Decision တွေဆိုပိုဆိုးပါတယ်။ ကိုယ့်မှာအဲဒီစိတ်နဲ့ပဲ မအိပ်နိုင်မစားနိုင် ဘာလုပ်လုပ်အဲဒါပဲတွေးမိနေတော့ ကျန်းမာရေးတွေပါ ထိခိုက်လာတဲ့အထိပါပဲ။ ဒီတော့ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလေးတွေနည်းနည်းလောက် အကြံပြုကြည့်ချင်ပါတယ်။

 

ကိုယ့်မသိစိတ်ကိုယုံကြည်ပါ

မသိစိတ်ဆိုတာမျိုးက အမြဲမဟုတ်တောင် အချိန်တော်တော်များများမှာ မှန်လေ့ရှိပါတယ်။ ဒီကားနဲ့မလိုက်ဘူးနောက်ကားမှစီးမယ်ဆိုပြီးလွှတ်ပေးလိုက်ရာက ကိုယ်မစီးဖြစ်တဲ့ကားက လမ်းမှာပျက်နေတာကိုတွေ့လိုက်ရတာမျိုးကအစ အမေ့ဆီဖုန်းခေါ်ချင်စိတ်ဖြစ်လာလို့ခေါ်လိုက်မှ အမေနေမကောင်းဖြစ်နေတာသိရတာမျိုးတွေ ဒါတွေက ကိုယ့်စိတ်ရဲ့အမှောင်ဘက်ခြမ်းက ကိုယ့်ကိုသတိပေးနေတဲ့အရာတွေပါ။ ဒါကြောင့် စိတ်ပညာလေ့လာသူတွေက မသိစိတ်ကိုယုံကြည်ပါလို့ ပြောပြောနေကြတာအလကားတော့မဟုတ်ပါဘူး။ဆုံးဖြတ်ချက်တစ်ခုချဖို့လိုအပ်ချိန်တွေမှာ စိတ်ကိုကြည်အောင်ထားပါ။ တရားဆယ်မိနစ်လောက်ထိုင်ပြီး ဘာမှမတွေးပဲတရေးအိပ်လိုက်တာမျိုးလည်းလုပ်နိုင်ပါတယ်။ သင့်မသိစိတ်ရဲ့ သတိပေးချက်တွေက အိပ်မက်တွေအဖြစ်အသွင်ပြောင်းပြီးဝင်ရောက်လာပါလိမ့်မယ်။ဒါပေမယ့် ဒါက စိတ်ညစ်ညူးနေတဲ့သူတွေ ပင်ပန်းနွမ်းနယ်နေတဲ့သူတွေမှာဆို အလုပ်မဖြစ်
တာ သတိထားရပါမယ်။

 

10/10/10 Rule ကိုသုံးပါ

10/10/10 Rule က အတော်လေးအသုံးဝင်တဲ့နည်းလမ်းတစ်ခုပါ။ 10/10/10 Rule ဆိုတာကတော့ ကိုယ်အခုလုပ်မယ့် ဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး နောက်ဆယ်မိနစ်မှာ
ဘယ်လိုခံစားရမလဲ နောက် 10 လမှာ ဘယ်လိုခံစားရမလဲဆိုတာနဲ့ နောက် 10 နှစ်ဆိုရင်ဘယ်လိုသဘောရမလဲဆိုတာတွေ ကြိုတင်တွေးဆတာပါ။ ခုနေသေချင်လောက်အောင် စိတ်ညစ်နေရတဲ့အရာတစ်ခုက နောက် နှစ်နှစ်လောက်ဆိုရင်ကို ရယ်စရာတစ်ခုဖြစ်သွားနိုင်တာမို့ အရှည်ကိုတွေးပြီး ဆုံးဖြတ်ချက်ချကြဖို့ သိပ်လန့်ဖျပ်ရင်းအယောင်ယောင်အမှားမှား တွေမလုပ်မိကြဖို့ပါပဲ။

 

ကောင်းကျိုးဆိုးပြစ်တွေ ရေးချပါ

ကိုယ့်မှာရွေးစရာက နှစ်ခုလောက်ရှိနေတယ်ဆိုပါစို့။တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးပြစ်တွေတစ်ဖက်စီမှာ ရေးချပြီး နှိုင်းယှဉ်ကြည့်ပါ။ အဲဒါက ဘယ်အရာကိုပိုရွေးသင့်တယ်ဆိုတာ ကွင်းကွင်းကွက်ကွက် မြင်စေနိုင်ပြီး တွေဝေနေမယ့်အချိန်တွေလည်း သက်သာစေပါတယ်။

 

အတိုချုပ်ပြောရရင်တော့ ကိုယ့်ရဲ့ခံစားချက်ကိုယုံကြည်ပါ၊ ကြောင်းကျိုးဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကိုအသုံးချပါ၊ဆုံးဖြတ်ချက်ကိုနောက်ဆုံးဘယ်အချိန်မှာလုပ်မယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခုထားပါ၊ အရာရာပိုင်ဆိုင်ဖို့မဖြစ်နိုင်ဘူး၊ တစ်ခုကိုလိုချင်ရင်တစ်ခုကို လက်လွှတ်ပေးရမယ်ဆိုတာ သိနားလည်ထားပါဆိုတာတွေပါပဲ။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ အစဉ်သဖြင့်ချမှတ်နိုင်ကြပါစေ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.