သူငယ်ချင်းအဆင့်ထက် ပိုပြီး ပြင်ပေးဖို့အတွက်

အမှန်တကယ်က ချစ်ရေးချစ်ရာအကြံညဏ်တွေဆိုတာ ပေးကောင်းတဲ့အရာမျိုးမဟုတ်ဘူးရယ်။ ဒါပေမယ့် ကိုယ်တွေလိုမျိုးတိုင်ပင်ဖော်တိုင်ပင်ဖက်ကလည်း မရှိ၊ဘယ်သူ့သွားပြောလို့ ပြောရမယ်မှန်းမသိနဲ့ မှန်ထောင်ပြီးရန်ဖြစ်နေရတဲ့ တစ်ဦးတည်းသောသမီးလေးတွေအတွက် ကိုယ်ချင်းစာတာရော မရေးရမနေနိုင်တာရော ( ဆရာလုပ်ချင်စိတ်ကလေးအနည်းငယ်ပါ) စုပေါင်းစပ်ပေါင်းတွေထည့်လိုက်တဲ့အခါကျ ဒီ article လေးထွက်လာပါတော့တယ် (အယ်လယ်) ။

သင့်သူငယ်ချင်းက သင့်ကို ချစ်နေပြီဆိုပါတော့။ ဘယ်လိုသူငယ်ချင်းမျိုးလဲဆိုတာအရင်စဉ်းစားပါ။ ပေါင်းလာတာကြာပြီလား လိုင်းပေါ်ကတွေ့တာလား။ဒါမှမဟုတ်အပြင်မှာပဲခင်တာ တစ်နှစ်မပြည့်သေးတာလား။ ခင်တာတစ်နှစ်မပြည့်သေးပဲရည်းစားစကားပြောတယ်ဆိုရင်တော့ ဒါ ကစားချင်တာသေချာပါတယ်။ လုံးဝအခွင့်အရေးမပေးပါနဲ့။ ပေးချင်နေရင် တစ်နှစ်ကျော်တဲ့အထိ စောင့်ခိုင်းပါ။ ( ဘယ်နည်းနဲ့မှမစောင့်ဘူး အဲ့လိုလူမျိုးက။ တစ်နှစ်လည်းပြည့်ရော သူလည်းရည်းစားနှစ်ယောက်လောက်ပြောင်းပြီးရောဖြစ်နေမှာ မယုံမရှိနဲ့)
ဆိုပါတော့ ပေါင်းလာတာ လေးငါးနှစ်၊ဒါမှမဟုတ် ငယ်ငယ်ကတည်းက ၊ဒါဆိုရင်တော့ နည်းနည်းစဉ်းစားသင့်ပါတယ်။ ဒီကိစ္စက risk ကြီးတယ်။ သူ့ကိုဆုံးရှုံးလိုက်ရရင် သင့်ရဲ့
ဘဝတစ်စိတ်တစ်ပိုင်းပါ ဆုံးရှုံးလိုက်ရမှာမို့ သတိကြီးကြီးနဲ့ ကိုင်တွယ်သင့်ပါတယ်။

 

ပထမဆုံးအနေနဲ့ သင်သိပ်ကံကောင်းပါတယ်

နှစ်တွေအကြာကြီးပေါင်းလာခဲ့တဲ့ အတွင်းသိအစင်းသိလူတစ်ယောက်က ကိုယ်နဲ့ တစ်ဘဝလုံးဆက်ပြီးဖြတ်သန်းချင်တယ်ဆိုတာမျိုးက နည်းတဲ့ ကုသိုလ်လား။ ကိုယ်ကလည်းဘာမှ ဟန်ဆောင်ဖုံးကွယ်ထားစရာမရှိ သူ့အကြောင်းလည်းအကုန်သိပြီးသား၊ပိုကောင်းတာကတော့ နှစ်ပေါင်းများစွာက အမှတ်တရတွေကို အသက်ကြီးလာရင်ပြန်ပြောရယ်မောခွင့်ရမှာမျိုး။

 

သူနဲ့အရင် ပွင့်ပွင့်လင်းလင်းပြောပါ

သူငယ်ချင်းဘဝမှာတောင် ရန်တကျက်ကျက်ဖြစ်နေတာ ရည်းစားသာဖြစ်ကြည့် မျက်နှာချင်းကိုဆိုင်လို့ရမှာမဟုတ်ဘူး။ဒါတောင်နင်ငါနဲ့ ရည်းစားက ဖြစ်ချင်သေးတာလား ဆိုတာမျိုး ။ရှေ့လျှောက်လည်း အမြင်မတူတာတွေအတွက် သတ်ရနိုင်ကြောင်း အဲဒီိအတွက်ကြိုတင်ပြင်ဆင်ထားသလားဆိုတာမျိုး သေချာမေးကြည့်ပါ။ အိုကေ ရန်ဖြစ်လည်း တစ်အိမ်ထဲနေပြီး ရန်ဖြစ်မယ်ဆိုရင်တော့ ပြီးပြီပေါ့။

 

သူ့ရဲ့ သင်မကြိုက်တဲ့အကျင့်တွေကို အရင်ပြင်ခိုင်းပါ

ဂိမ်းဆော့လွန်းတာ၊ စီးကရက်သောက်တာ၊ မိန်းမရှုပ်တာ၊အပျော်အပါးမက်တာ၊ လောင်းကစားလုပ်တာ၊ ညဘက်အိမ်ပြန်နောက်ကျတာ အကုန်လုံးကို အားမနာပါးမနာကို ရအောင်ပြင်ခိုင်းပါ။ အဲဒါတွေပြင်ဖို့ ကြိုးစားရင်းနဲ့ သင့်ကိုချစ်ရတာ ဘယ်လောက်ခက်ခဲမယ်ဆိုတာကို သူရိပ်မိပြီး ဘက်ဂီယာထိုးသွားနိုင်ပါတယ်။ ကိုယ့်အတွက်ကောင်းတယ်လို့မှတ်ပါ။ သူငယ်ချင်းဘဝက ကိစ္စမရှိဘူးလေ ကိုယ်နဲ့ဘာဆိုင်တာလိုက်လို့၊ ချစ်သူဘဝရောက်ရင်တော့ ကိုယ်နဲ့အပြည့်အဝကိုသက်ဆိုင်တော့မှာမို့ လွှတ်ပေးထားလို့ဘယ်ရမလဲ။

 

ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ

သင်ရော သူ့ကိုချစ်လား၊ဒါမှမဟုတ် အားနာတာလား၊ငြင်းလိုက်ရင်ဆုံးရှုံးလိုက်ရမှာကြောက်ပြီးလက်ခံပေးဖို့စဉ်းစားနေတာလား။ အမှန်တကယ်ချစ်မှသာလက်ခံသင့်ပါတယ်။
ဆိုလိုတာက သူကသင့်ရဲ့သူငယ်ချင်းပါ၊သင့်သူငယ်ချင်းက သူ့ကို အမှန်တကယ်ချစ်မြတ်နိုးပြီး ဘဝကိုသူနဲ့အတူရင်ဆိုင်ဖို့အသင့်ဖြစ်နေတဲ့ လူမျိုးနဲ့ပဲ ဖူးစာဆုံသင့်ပါတယ်။ ချစ်တော့ မချစ်ဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး နောက်ချစ်လာမှာပဲဆိုတာမျိုးက အတော်လေး ကသိကအောင့်နိုင်မယ့် ဆုံးဖြတ်ချက်ကြီးပါ။ ပထမဆုံးအနေနဲ့ သူ့ကို ချစ်သယောင် ဟန်ဆောင်ရတော့မယ်၊ နောက်မှ ကိုယ်တကယ်ချစ်တဲ့လူတွေ့လာရင်လည်း ပြဿနာကတက်ဦးမယ်၊ ဘယ်သူမှတော့ သူငယ်ချင်းသံယောဇဉ်တစ်ခုကို ကို့ရို့ကားယားနဲ့ ခံစားချက်တွေအမှတ်တရတွေ သွက်ချာပါဒလိုက်အောင် မဖျက်ဆီးချင်ကြပါဘူး။ ဒီတော့ တကယ်ချစ်မှသာ လက်ခံစဉ်းစားပါ။ မချစ်ဘူးဆိုရင် အေးအေးဆေးဆေး အကျိုးနဲ့ အကြောင်းနဲ့ သူနားလည်အောင်ရှင်းပြပါ။

341 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.