နာမည်ကျော်ကြားလူကြိုက်များတဲ့ သူ့ရဲ့အချစ်ကိုအပိုင်ရဖို့

အသက်အတော်အတန်ရပြီး တည်ငြိမ်နေတဲ့လူတွေထဲက ဘယ်သူကမှ celebrity တစ်ယောက်ကိုမျှော်ငေးနေမှာမဟုတ်တော့တဲ့အတွက် ဒီစာက စိတ်ကူးတွေကို လက်တွေ့ဖြစ်ချင်နေကြတဲ့
ဆယ်ကျော်သက်ကလေးတွေအတွက်ပါ။

သင်ချစ်တဲ့သူက နာမည်ကြီးထဲကလား။နာမည်က ဘယ်ပုံဘယ်နည်းနဲ့ကြီးတာလဲ။ ဒီ article မှာတော့ နာမည်ကြော်ကြားလူကြိုက်များတဲ့ သူတွေကို ချစ်မိနေသူတွေအတွက် အထောက်အကူ
ဖြစ်စေမယ့်နည်းလမ်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။ ကိုကိုမင်းသားကိုကြွေနေတာလား…ဒါမှမဟုတ် အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးရဲ့ အချစ်ကို မျှော်လင့်နေတာလား။ ကိုယ့်
ဘက်ကတတ်နိုင်သလောက် စိတ်ရောကိုယ်ပါပြင်ဆင်တွေးတောထားသင့်တာလေးတွေကို ဖတ်ကြည့်ပါဦး။

အရေးအကြီးဆုံးအချက်ကတော့ သင်ကသူ့ကိုချစ်တာ စစ်မှန်ရဲ့လားဆိုတာပါပဲ။ နာမည်ကြီးလို့ချစ်တာလား ချောလို့ချစ်တာလား.. ဥပမာ သူက အဆိုတော်ပဲထားပါတော့။ သူက အဆိုတော်ဖြစ်နေတဲ့အတွက်သူ့ရုပ်ရည်နဲ့ပက်သက်ပြီးသူက ဘယ်လိုမှနေမှာမဟုတ်ပါဘူး။ ချောလိုက်တာချောလိုက်တာလို့သွားပြောနေရင် စိတ်တောင်ရှုပ်သွားပါဦးမယ်။ ချောလိုက်တာဆိုတာထက် သူ့ ဘယ်သီချင်းကတော့ ဘယ်လို ဘယ်စာသားလေးကိုအရမ်းကြိုက်တယ် ဘယ်နေရာမှာခိုးသံလေးနဲ့ဘယ်လိုဆိုလိုက်တာ ရင်ထဲမှာ ဘယ်လိုခံစားရတယ်ဆိုတာမျိုးလေးတွေပြောပြရင် သူသင့်ကိုကျေးဇူးတင်မှာပါ။
အဲတော့ သင့်အနေနဲ့ အဆိုတော်တစ်ယောက်ကိုကြိုက်တဲ့အကြောင်းပြချက်ဟာ ရုပ်ချောလို့မဖြစ်သင့်ပါဘူး။ မင်းသားတို့မော်ဒယ်တို့ဆိုရင်တော့ တစ်မျိုးပေါ့နော်။ မင်းသားကိုကြိုက်တယ်ဆိုတောင်
သရုပ်ဆောင်ကောင်းလို့ပဲဖြစ်သင့်တာပါ။ ဒီတော့ သင့်ခံစားချက်ကိုပြန်လည်ဆန်းစစ်ပါဦး။ ဟုတ်ပါတယ်၊သူမှလွဲဖွဲနဲ့စကွဲပါ သူမှတပါးအခြားမရှိပါဆိုရင်တော့ ဆက်ဖတ်နိုင်ပါပြီ။

 

ပထမဆုံးအချက်က ဆက်သွယ်ရေးပါ

အဆက်အသွယ်မရှိပဲ ဟိုက သင်ချစ်နေမှန်းဘယ်လိုသိမတုန်း။ အဲ့တော့ ဆက်သွယ်လို့ရသမျှနည်းနဲ့ဆက်သွယ်ပါ။ online ကနေ စာတွေပို့တာမျိုးလုပ်နိုင်ပါတယ်၊ဟိုကလည်း သူအားမှဖွင့်ဖတ်မှာ
ဖြစ်တဲ့အတွက် ဘယ်လိုမှနေမှာမဟုတ်ပါဘူး။ free call တွေစွတ်ခေါ်တာကတော့ privacy ထိပါးတာဖြစ်လို့ သင့်ကိုမုန်းတောင်မုန်းသွားပါဦးမယ်။ အိမ်လိပ်စာသိရင် စာပို့တာမျိုးတွေလုပ်ကြည့်ပါ။
လက်ရေးစာလေးတွေမှာမှော်အစွမ်းရှိပါတယ်။ အိမ်ရှေ့သွားပြီး ပွဲကြမ်းတာမျိုး ဒေါင်ဒေါင်ဒင်ဒင်လုပ်တာမျိုးကတော့ အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အခန့်မသင့်ရင် ရဲစခန်းမှာတစ်ညလောက်တည်းခိုရနိုင်ပါတယ်။

 

သူ့အကြောင်းတွေသိအောင်လုပ်ပါ

ဒါကတော့ သင်လုပ်ပြီးလောက်ပါပြီ။ ကိုယ်ချစ်တဲ့လူရဲ့အကြောင်းတော့ သိထားသင့်တာပေါ့နော်။ ဒါပေမယ့် ကောလဟလတွေမဟုတ်ပဲ ယုံကြည်ရတဲ့သတင်းအရင်းအမြစ်ဖြစ်ဖို့လည်းသတိထပါ။
သူနဲ့သင်နဲ့ မွေးဖွားတဲ့ရာသီခွင်တူညီလားတို့ နေ့နံတူလား ဒါမှမဟုတ် ဝါသနာတူလားဆိုတာမျိုးတွေလိုက်ရှာဖတ်ထားပါ။ ဘယ်လိုမှရှာမရတဲ့ဟာတွေဆိုရင်တော့ သူ့ကို ဒဲ့လှမ်းမေးပါ။ အချို့က
ကိုယ့်အကြောင်းတွေကို နောက်ကွယ်က စုံစမ်းထောက်လှမ်းနေတာမျိုးထက် ဒဲ့လာမေးတာကိုပဲသဘောကျကြပါတယ်။

 

သူရှိမယ့်နေရာတွေကိုသွားပါ

ရှိုးပွဲတွေဘာတွေလို လူတွေအုံခဲကျပ်ပိတ်နေတဲ့နေရာတွေကိုမဆိုလိုပါဘူး။ သူ ဘယ်နေရာတွေမှာ Check – in တင်တာများလဲ.. ဘယ်နေရာတွေကိုတော့ရောက်ဖြစ်နေတတ်လဲ စုံစမ်းပါ။
အဲဒီနေရာတွေကို ကိုယ်လည်းအမြဲရောက်ဖြစ်ပါစေ။ဒီလိုဆို တစ်ချိန်ချိန်မှာ သူနဲ့တည့်တည့်ကိုတိုးမှာပါ။ အဲ့လိုနေရာတွေကလည်း ဈေးတွေခေါင်ခိုက်နေ.. ကိုယ်ကလည်း ပိုက်ဆံမတတ်နိုင်ဆိုရင်တော့ ဒီအချက်ကိုရှောင်ရှားပါ။

 

သူနဲ့သက်ဆိုင်တဲ့ အလုပ်တစ်ခုလောက်ရအောင်ရှာပါ

ပိုက်ဆံလည်းရ သူနဲ့လည်း အခါအားလျော်စွာတွေ့ခွင့်ရ.. ဘယ်လောက်ကောင်းလိုက်သလဲ။ ဂျာနယ်သတင်းထောက်လို သူ့မန်နေဂျာလိုအလုပ်မျိုးရအောင်ကြိုးစားကြည့်ပါ။ ကိုယ်နေတာထိုင်တာက Smart ဖြစ်ပြီး တက်ကြွသွက်လက်နေဖို့လိုပါတယ်။ သူ့အနေနဲ့ယုံကြည်စိတ်ချနိုင်မယ့်သူမျိုးလို့မြင်စေဖို့ကြိုးစားပါ။ သူ့ကိုတွေ့တာနဲ့ အသံကုန်ဟစ်ပြီးအော်နေရင်တော့ သူ့မန်နေဂျာလုပ်ဖို့အိပ်မက်တောင်မမက်ပါနဲ့တော့။ ဘယ်လောက်ပဲ ရင်တွေခုန် ခြေဖျားလက်ဖျားတွေအေးစက်နေပါစေ ပုံမှန်ပြောဆိုဆက်ဆံပါ။

 

ကိုယ်တိုင်အောင်မြင်အောင်ကြိုးစားပါ

သူ့လိုနာမည်ကြီးဖို့ပြောတာမဟုတ်ပါဘူး။ ကိုယ်တိုင်ဝါသနာပါရာအလုပ်နဲ့ ကိုယ့်ဘဝကိုယ်ရည်ရွယ်ချက်ရှိရှိပျော်ရွှင်စွာဖြတ်သန်းနေရင် သူသင့်ကိုသတိထားမိပြီး ပြန်ချစ်လာနိုင်ပါတယ်။
မချစ်တောင်သင့်အတွက်အရှုံးမရှိပါဘူး။

နောက်ဆုံးအနေနဲ့ပြောရရင်တော့ အချစ်ဆိုတာ လုပ်ယူလို့မရတာမို့ ကိုယ့်ဘက်ကဘယ်လောက်ပဲချစ်မြတ်နိုးပါစေ သူက ချစ်မှဖြစ်မှာပါ။ လူဆိုတာအနေနီးတဲ့လူကိုချစ်တတ်တာဆိုတော့ သူနဲ့အနေနီးစပ်တဲ့လူတွေကို အခါအားလျော်စွာချစ်တာ တွဲတာကစလို့ လက်ထပ်ယူတာတွေအထိပါဖြစ်နိုင်ပါတယ်။ စိတ်မပူပါနဲ့ သူ့မရလည်းသူ့ကလေးတွေကို ဆက် crush ပေါ့နော် 😛

ဘယ်လောက်ပဲမဖြစ်နိုင်ဘူးပြောနေပေမယ့် ဆယ်ကျော်သက်အိပ်မက်တွေက အမှန်တကယ်ဖြစ်လာခဲ့တဲ့ သာဓကတွေလည်းရှိတာမို့ အားမလျှော့လိုက်ပါနဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.