အောင်မြင်မှုကို ဆုပ်ကိုင်နိုင်မယ့် သေနင်္ဂဗျူဟာများ

ဟာ တက်ကျမ်းတွေလျှောက်ရေးထားတာပဲနေမယ်လို့အတွေးမစောပါနဲ့။

ဒီတစ်ခုမှာက ထိပ်ဆုံးကိုဘယ်လိုတွယ်တက်ရမလဲတို့ တိမ်တွေပေါ်မှာပြန်တွေ့ကြမယ်တို့ သက်တန့်ပေါ်မှာဆုံမယ်တို့လိုမျိုး အမှန်တကယ်လိုက်လုပ်ဖို့လည်းမဖြစ်နိုင်၊ ခပ်ပိန်းတိန်းတိန်းလူတွေ စာအုပ်ဝယ်ဖတ်ရင်ပြီးရောဆိုတဲ့ စေတနာဗရပွနဲ့ ထုတ်ဝေသူတွေ ဘာသာပြန်တွေလိုမျိုး တက်ကျမ်းဆန်ဆန်တွေမဟုတ်ပဲ အချက်အလက်လေးတွေတင်ပြပုံမျိုးနဲ့သွားမှာပါ။

အောင်မြင်မှုလို့ဆိုလိုက်ရင် အများစုက ပိုက်ဆံပုံပေါ်မှာထိုင်နေတဲ့ ကိုယ့်ပုံရိပ်ကိုယ်ပဲမြင်ယောင်လေ့ရှိကြပါတယ်။ တကယ်တမ်းက လူ့ဘဝဆိုတာ ဆုံးဖြတ်ချက်အသေးစားလေးတွေနဲ့ သွယ်တန်း
တည်ဆောက်ထားတာပါ။ ဥပမာ တစ်နေ့မှာ သင် အစုံသုပ်စပ်စပ်လေးကိုမနက်စာအဖြစ်ရွေးချယ်လိုက်တယ်၊စပ်တယ်ဆိုတော့ ဗိုက်နာပြီပေါ့၊ဗိုက်နာနေတာနဲ့ပဲ အလုပ်အင်တာဗျူးတစ်ခု
လွတ်သွားတော့တယ်၊တကယ်က အဲဒီ့အလုပ်မှာသင်က ရည်းစားရဖို့ကိန်းရှိတယ်။ ဒါပေမယ့် အဲဒီရည်းစားက သင့်အပေါ်ကောင်းမှာမဟုတ်ဘူး၊သင်ခြောက်လလောက် စိတ်ဆင်းရဲရပြီးမှ သူနဲ့ကွဲရမယ်။သင်အလုပ်အင်တာဗျူးလွတ်သွားတဲ့အတွက် သူနဲ့မတွေ့တော့ဘူး။ ဗိုက်အောင့်လို့ဆေးခန်းသွားရင်း သဘောမနောကောင်းဆရာဝန်မလေးနဲ့ချစ်ကြိုက်သွားတယ်။( ဘယ့်နှာကြီးတုန်း
အောင်မြင်မှုဘာညာနဲ့ပြောပြီး မြန်မာကားလာရိုက်နေတယ် :3 ) အဲလေ.. ဒါက ဘဝဆိုတာ ဆုံးဖြတ်ချက်သေးသေးလေးတွေနဲ့သွယ်တန်းတည်ဆက်ထားတယ်ဆိုတာ ဥပမာပြောပြတာပါ။

ကိုယ်တစ်ခုခုလုပ်ဖို့တွေးထားပြီး အဲဒီတစ်ခုခုကိုအောင်မြင်စွာလုပ်ဆောင်နိုင်လိုက်တယ်ဆိုရင်လည်း ဒါအောင်မြင်မှုပါပဲ။ အောင်မြင်မှုအတွက် သေနင်္ဂဗျူဟာလေးတွေကတော့…..

 

ဗဟိုချက်မကိုရှာပါ

ငလျင်တွေမုန်တိုင်းတွေက ဗဟိုချက်မကနေပျံ့ဝင်စီးဆင်းလာကြသလိုပဲ အောင်မြင်မှုဆိုတာလည်း ထိုနည်းနှင်နှင်ပါ။ ဥပမာ သင်က မုန့်ဟင်းခါးဆိုင်လေးဖွင့်ချင်တယ်ဆိုပါတော့ (ဒီ အသုပ်စုံတွေ
မုန့်ဟင်းခါးတွေထဲကကို မထွက်တော့ဘူး :3 ) အဓိကက ဆိုင်ရဲ့တည်နေရာ၊စည်ပင်နဲ့ညှိရမှာ၊ဆိုင်အပြင်အဆင်၊ စတာတွေမဟုတ်ပါဘူး။ အဓိကက သင့်ရဲ့ မုန့်ဟင်းခါးလက်ရာပါ။ ကျန်တာတွေကလည်း
အရေးကြီးပေမယ့် မုန့််ဟင်းခါးက ရေလုံပြုတ်ဖြစ်မနေဖို့က အရေးကြီးဆုံးအရာပါ။ တစ်ခွန်းတည်းပြောရရင်တော့ ဘယ်ဟာ အရေးကြီးဆုံးလဲဆိုတာသိအောင်လုပ်ပြီး အရေးကြီးဆုံးကို အရင်
ပြင်ဆင်ပါ။

 

ကိုယ်လုပ်နိုင်တာကိုပဲ တွေးပါ

ဟုတ်ပါတယ်။ ယောက်ကျားတံခွန်လူရည်မွန်ကား ကောင်းကင်တမွတ်ကြယ်ကိုဆွတ်၏ ၊ ထက်မြက်တဲ့မိန်းမဆိုတာ ဘာညာသာရကာတွေမှာနစ်မျောပြီး မဖြစ်နိုင်တာကြီိးမျှော်လင့်နေရင် ဘဝရဲ့ ပိုက်ကွန်တွေထဲမှာ အစန့်သားမိနေပါလိမ့်မယ်။ ကိုယ်က ဘဝကိုရောက်လာတာ သူများသတ်မှတ်ရေးသားထားတာတွေနဲ့ဘောင်ခတ်ပြီးလိုက်နေထိုင်ရင်းသေသွားဖို့မဟုတ်ပါဘူး။ ကိုယ့်စိတ်ကျေနပ်သလိုနေထိုင်ရင်းနောက်ဘဝတွေအတွက်ပါ ပြင်ဆင်နေထိုင်သွားဖို့ပါ။ (ကိုယ်စိတ်ကျေနပ်တဲ့အရာက လူတွေလိုက်သတ်တာတို့ဘာတို့တော့ မဖြစ်စေနဲ့ပေါ့) ကိုယ်အမှန်တကယ် လုပ်ရင်ရလောက်တဲ့အရာဟုတ်မဟုတ် ကိုယ်ကိုယ်တိုင်ပဲသိပါတယ်။

 

တစ်ခုပြီးတစ်ခုလုပ်ပါ

Goal ကိုမျှော်ငေးပြီး Task တွေကို ဖယ်ခွာနေတာမျိုးမဖြစ်ပါစေနဲ့။ တစ်ခုပြီးတစ်ခု ပြုလုပ်ရမှာတွေကိုဆက်တိုက်လုပ်သွားပါ။ ဘာမှမလုပ်ပဲ ဘယ်လိုသာဖြစ်လာရင်ဘယ်လိုလုပ်ပစ်လိုက်မယ်
ဆိုတာက သိုင်းစာအုပ်ဖတ်ပြီး သိုင်းကျင့်နေသလို လေဖမ်းဒန်းစီးနေတာပါပဲ။ စိတ်ကူးယဉ်တာနဲ့ လေဖမ်းဒန်းစီးတာကို ကွဲကွဲပြားပြားသိဖို့လိုအပ်ပါတယ်။ စိတ်ကူးယဉ်တယ်ဆိုတာက ချစ်ဖို့ကောင်း
ပေမယ့် လေဖမ်းဒန်းစီးမစားရဝခမန်းတွေတွေးနေတာကတော့ အလုပ်မဖြစ်ပဲအချိန်ကုန်ပါတယ်။

 

အချိန်ကိုသိပါ

ကိုယ်တို့ဘဝတွေမှာ Timing မှန်ဖို့က အရေးကြီးဆုံးလိုကိုဖြစ်နေတော့တာပဲ။ တကယ်ချစ်တဲ့လူကိုတွေ့ချိန်မှာ ကိုယ်က ကလေးတစ်ယောက်နဲ့ဖြစ်နေတာတို့ အချစ်ဦးနဲ့ အဖိုးကြီးဖြစ်မှပြန်တွေ့တာတို့ဆိုတာတွေကအစ အခြားအရာတွေရော အဓိကက ဘယ်အချိန်မှာ ဘာလုပ်ရမလဲသိနေဖို့ပဲ။ Timing လွဲတာကြောင့်ဆုံးရှုံးရတာတွေများလှပေါ့။ ဒါကြောင့် ရပ်တန့်ရမယ့်အချိန်
နောက်ပြန်လှည့်ရမယ့်အချိန် တွေနဲ့ ခြေတစ်လှမ်းတိုးရမယ့်အချိန် တွေကို ကောင်းကောင်းသိပါ။

ဒီလောက်ဆိုရပါပြီ။ ဘာမှမထူးခြားတဲ့အချက်ကလေးတွေလို့ထင်ရကောင်းထင်ရပေမယ့် တကယ့်တကယ်မှာ ဒီအချက်လေးတွေနဲ့ပဲအစအဆုံးလုပ်သွားရမှာပါ။ ဇွဲရှိဖို့ဘာဖို့တွေကတော့ အခြေခံအချက်တွေမို့ မပြောတော့ပါဘူး။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.