ဘဝပျက်လောက်သော အပြောင်းအလဲ

ဘဝပျက်လောက်တဲ့အပြောင်းအလဲဆိုတာတကယ်ရှိသလားတဲ့။ ဘယ်လိုပြောရမလဲ ရှိနိုင်ပါတယ်ပေါ့။ သတိတစ်ချက်အလွတ်မှာ ဘဝကြီးတစ်ခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်သွားတာမျိုး။အဖတ်ဆည်လို့မရတော့အောင်ပြောင်းလဲသွားတာမျိုး။ အဲဒါကြောင့် ကိုယ်မှာသတိကပ်ထားလို့လူကြီးသူမတွေကဆုံးမကြတာမဟုတ်လား။ ဒီမှာတော့ ဘဝမှာအောင်မြင်ပြီး ထိပ်တန်းရောက်နေသူတွေ ကိုယ့်ကိုယ်ကိုယ်သတိမထားမိပဲ ပြုမူမိတဲ့အကြောင်းအရာတွေကြောင့် အောက်ဆုံးကို ဇောက်ထိုးဆင်းပြီး ခြေလေးချောင်းသတ္တဝါလုံးလုံးဖြစ်သွားရတဲ့ သတိထားစရာအချက်လေးတွေကို ရေးပြမှာပါ။

 

ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတာ

 

လူဆိုတာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးလို့အဆိုရှိတယ်မဟုတ်လား။ကိုယ်လုပ်နိုင်တာတွေများလေလေ ကိုယ့်ကိုယ်ကိုယ်အထင်တွေစွတ်စက်ကြီးလာလေလေ.. (ကြားထဲက မြှောက်ပေးတဲ့လူတွေရှိလာတော့ပိုဆိုး) ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုရှိတာကောင်းပါတယ်။ အထင်ကြီးလွန်းသွားတာကတော့ ကျဆုံးခန်းပဲ။

 

ကိုယ့်ဘေးကလူတွေကိုယုံကြည်လွန်းတာ

 

ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံနဲ့ဆိုတဲ့စကားလည်းအရှိသားမဟုတ်လား။ ကိုယ်မအောင်မြင်ခင် မွဲတေဆင်းရဲနေကတည်းက ကိုယ့်အနားရှိတဲ့လူတွေကို မယုံနဲ့လို့မဆိုလိုပါဘူး။ အောင်မြင်ပြီးသွားမှ အနားရောက်လာတဲ့လူတွေကိုတော့ သတိနဲ့ဆက်ဆံတာကောင်းပါတယ်။ဘယ်သူကဘယ်လိုအကောက်ကြံမလဲဆိုတာမသိနိုင်ဘူးလေ။ လူ့စိတ်ဆိုတာက အမျိုးမျိုးအထွေထွေကိုး။

 

အောက်ခြေလွတ်တာ

ဆီးသီးသည်မဗျိုင်းလက်သစ်တွေလို့ပြောရမလားပဲ။ ရှေးရှေးတုန်းကနေခဲ့တဲ့အရပ်ဒေသတွေကို ပြန်မရောက်ချင်တော့တာမျိုး။ ဘဝဟောင်းကြီးတစ်ခုလုံးကို ပြည်ဖုံးကားချလိုက်တာမျိုး။လူဆိုတာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကိုမှတ်မိသိရှိပြီး ပြန်လည်ဆင်ခြင်နေမှ ပိုကောင်းမွန်တဲ့ဘဝကိုဘယ်လိုထိန်းသိမ်းနေထိုင်ရမယ်ဆိုတာ သိမှာပါ။ဘယ်လောက်ပဲနာကျင်စရာအတိတ်တွေရှိခဲ့ပါစေ၊ကိုယ်စိတ်ထားတတ်ရင် သင်ခန်းစာယူစရာတွေပါပဲ။

 

စိတ်ခံစားချက်ကိုဦးစားပေးလွန်းတာ

ဒီကိစ္စကြီးကတော့ ဖဲရိုက်တာ အရက်သောက်တာကစလို့ အိမ်ထောင်ပြုတာတွေအထိပါဝင်ပါတယ်။ ခံစားချက်ကိုဦးစားပေးလွန်းရင် စိတ်ကိုအလိုလိုက်လွန်းရင် ဘာမှအလုပ်မဖြစ်တဲ့အပြင် လွယ်လွယ်ကလေးဆင်းရဲမွဲတေသွားနိုင်ပါတယ်။မိန်းကလေးတစ်ယောက်အတွက်စီးပွားပျက်သွားတယ်တို့ အချစ်ကြောင့်ကျော်မကောင်းကြားမကောင်းတွေဖြစ်သွားတယ်တို့ဆိုတဲ့ သာဓကတွေလည်းကြားဖူးကြမှာပါ။

 

နှလုံးသွင်းမကောင်းတာ

လက်ရှိအခြေအနေကို ထာဝရလို့ထင်နေတော့တဲ့သနားစရာသတ္တဝါတွေပါ။ မတော်တဆများ အဲဒီအချိန်မှာ စီးပွားထပျက်သွားခဲ့ရင် မဆိုင်းမတွကို နားမှာ ယပ်တောင်ထိုးရတဲ့ဘဝရောက်မှာပါ။နောက်တစ်ခုက ဘယ်သူကတော့ငါ့ကိုမကောင်းမြင်နေတာပဲဆိုတာမျိုး အလကားနေရင်းသူ့ပျက်စီးရာပျက်စီးကြောင်းကြံတဲ့လူတွေချည်းပဲလို့သွေးလန့်နေတဲ့လူရဲ့အနားမှာလည်း မိတ်ဆွေကောင်းတွေရှားပါးပါတယ်။ ဘယ်သူကအဲ့လိုလူမျိုးကို စိတ်ရှည်မှာတုန်း။

 

အတ္တကြီးလွန်းတာ

အတ္တကြီးရင်း အဲဒီ အတ္တကို အစာကျွေးရင်း အတ္တကိုပိုးမွေးသလိုမွေးမြူရင်း အတ္တက ကိုယ့်ဘေးကအရာမှန်သမျှကိုဝါးမျိုဖျက်ဆီးပြီး နောက်ဆုံးကိုယ့်ကိုပါ စားသုံးသွားမှာပါ။

166 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.