ယုံကြည်မှုအပြည့်ရစေမယ့် မျက်ဝန်းတွေ

မျက်ဝန်းတွေဆိုတာ ဘဝမှာ အတော်လေးအရေးပါတဲ့အပိုင်းက ပါဝင်နေပါတယ်။ ကိုယ်တို့အချင်းချင်းတချို့အရာတွေကို မျက်ဝန်းနဲ့တင်ဆက်သွယ်ပြောဆိုလို့ရတယ်မဟုတ်လား။ မျက်ဝန်းချင်းစကားပြောနေပြီ… ဆိုတဲ့ သီိချင်းတောင်ရှိသေး။ ဟိုတစ်ယောက်ကတော့ ငါ့ကိုစိတ်ဝင်စားနေပြီတို့ ဟိုမိန်းမ ငါ့ကို ဘလိုင်းကြီးမျက်စောင်းထိုးတယ်တို့ ဆိုတာတွေက မျက်ဝန်းတွေရဲ့ လှုပ်ရှားမှု
ပေါ်မှီတည်နေတာလေ။ အဓိကက ကိုယ်က မျက်ဝန်းအကြည့်တွေကို ကောင်းကောင်းအသုံးချတတ်ဖို့ပါပဲ။ခုပြောပြမှာက သူများတွေကိုယ့်ကို ယုံကြည်စိတ်ချလေးစားစေမယ့် မျက်ဝန်းအကြည့်တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာပါ။ အဲ…. မျက်ဝန်းကြီးပဲ အားစိုက်နေလို့တော့ မရဘူးပေါ့နော်။ စိတ်နေသဘောထားနဲ့ ဂုဏ်သတင်း အပြုအမူတွေကလည်း လူယုံကြည်ချင်စရာဖြစ်ဦိးမှပေါ့။

 

မျက်လုံးသူငယ်အိမ် အကျဉ်းအကျယ်

 

ကိုယ်တို့ချစ်မြတ်နိုးတဲ့သူတွေကို ကြည့်နေတဲ့အခါမျိုးမှာ မျက်လုံးသူငယ်အိမ်က ပုံမှန်ထက်သုံးဆပိုကျယ်လာပါတယ်တဲ့။ သူများကိုကောက်ကျစ်ဖို့ ချောက်တွန်းဖို့စဉ်းစားနေချိန်တွေ၊ ဒါမှမဟုတ် စိတ်ဆိုးဒေါသထွက်နေချိန်တွေမှာတော့ မျက်လုံးသူငယ်အိမ်က ပိုကျဉ်းသွားတတ်ပါတယ်။ လူတွေရဲ့နဂိုသဘောသဘာဝကိုက မျက်လုံးသူငယ်အိမ်ကျယ်တဲ့သူတွေကို ပိုယုံကြည်တတ်တဲ့ နဂိုဗီဇရှိပါတယ်။ ဒီတော့ မျက်လုံးသူငယ်အိမ်ကျယ်အောင်ဘယ်လိုလုပ်ရမလဲ။ လွယ်ပါတယ်။ မျက်လုံးအကြည့်ကိုတတ်နိုင်သမျှ ဝါးထားလိုက်ပါ။ တစ်နေရာထဲကို စူးစိုက်ကြည့်နေတာမျိုးမဟုတ်ပဲ ကိုယ့်ရှေ့က ကိုယ့်မျက်ဝန်းကို ကြည့်နေတဲ့လူကို ဝါးတားတားပဲမြင်ရအောင် ဝါးထားလိုက်ပါ။ အဲဒီအချိန်မှာ သင့်မျက်လုံးသူငယ်အိမ်က ကျယ်လာပါလိမ့်မယ်။ ဒီလိုမှမလုပ်နိုင်ရင်တော့တတ်နိုင်သမျှမျက်ဝန်းအကြည့်ထဲမှာ မေတ္တာတွေထည့်ပြီးကြည့်ပေါ့နော်(ဒါကတော့ Shock ရှိတယ်၊ တော်ကြာ သူ့ကိုအထာပေးနေပါတယ်ထင်သွားမှဖြင့် :3 )

 

မျက်ခုံးမြှင့်တာ

 

ဒါကတော့ အနောက်တိုင်းသားတွေပိုအလုပ်များတယ်ထင်တာပဲ။ လမ်းမှာခင်တဲ့လူတစ်ယောက်တွေ့တဲ့အခါ မျက်ခုံးတစ်ချက် မြှင့်ပြီးနှုတ်ဆက်တာပါ။ အသိအမှတ်ပြုတဲ့သဘောပါတာမို့ ဒီနည်းကအတော်အလုပ်ဖြစ်စေပါတယ်တဲ့။ လူကြီးသူမတွေကိုတော့ သွားမလုပ်နဲ့ပေါ့နော်၊ဒင်းက ငါ့ကိုမထီလေးစားလုပ်တာဆိုပြီးနားရင်းအုပ်သွားလိမ့်မယ်။

 

မျက်လွှာမချပါနဲ့

 

လူကြီးတွေနဲ့စကားပြောတဲ့အခါ ရို့ရို့လေးမျက်လွှာချပြီးပြောတဲ့ခေတ်က ဟိုးအဝေးကြီိးမှာကျန်ခဲ့ပါပြီ။ ဒီလိုဆိုလို့မခန့်လေးစားပုံဖမ်းရမယ်လို့မဆိုလိုပါဘူး။ ဘယ်သူနဲ့ပဲစကားပြောပြော ပြောတဲ့လူနဲ့ မျက်လုံးချင်းအချိတ်အဆက်မိအောင်ကြည့်ပြီးသူ့စကားကို ကိုယ်အာရုံစိုက်ကြောင်းသိစေရပါမယ်။ ကိုယ်ကသူများကိုစကားပြောတဲ့အခါလည်း သူတို့မျက်လုံးထဲကိုသေချာစိုက်ကြည့်ပြီးပြောမှ သူတို့မျက်ဝန်းရဲ့အရိပ်အကဲတွေကိုဖမ်းမိပြီး ကိုယ်ပြောတာ ဘယ်နားလေးမှာနားမလည်လိုက်ဘူးလဲ၊ဘယ်ဟာကိုတော့ ထောက်ခံလဲ ဘယ်ဟာကိုတော့ ငြင်းချင်တဲ့ပုံပေါက်လဲဆိုတာ ခန့်မှန်းသိရှိနိုင်မှာပါ။ မခို့တရို့လေးနဲ့မျက်လွှာကြီးပဲချနေတယ်ဆိုရင်တော့ သင့်ကို အဖြစ်မရှိတဲ့ ငကြောက်အဖြစ်မြင်သွားကြပါလိမ့်မယ်။

 

မျက်ဝန်းလှန်ကြည့်တာ

 

ပုံမှန်အားဖြင့် ခေါင်းကိုငဲ့ပြီးမျက်ဝန်းလှန်ကြည့်တာက ရင်းနှီးတဲ့အသွင်ပေါက်စေပါတယ်။ သူများကို စကားပြောချင်တာရှိရင်ပြောဖို့လမ်းဖွင့်ပေးတဲ့ပုံစံပါ။ ခဏခဏမလုပ်မိဖို့ပါပဲ၊ခဏခဏလုပ်မိရင်တော့ လှောင်ပြောင်ဟန်ပေါက်သွားပါလိမ့်မယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.