သင့်မှာ ဆီးချိုရောဂါဖြစ်စပြုနေပြီလား။ တကယ်ကြီးဖြစ်နေတာလား။ ဒါမှမဟုတ် ဖြစ်မှာစိုးရိမ်နေရလား။ စိတ်မပူပါနဲ့။ သဘာဝအစားအစာတွေဟာ ရောဂါတိုင်းအတွက် ထိရောက်တဲ့ဆေးဖြစ်လေ့ရှိပါတယ်။ ရှေးလူကြီးတွေပြောတာကြားဖူးတယ်ဟုတ်။ အစာလည်းဆေး ဆေးလည်းအစာတဲ့။ ဆီးချိုရောဂါကို ကာကွယ်တိုက်ထုတ်ပေးမယ့် အစားအစာတွေကို ပြောပြပါရစေ။
သစ်ဥသစ်ဖုတွေ
ဇော်ဂျီတွေဆေးကြိတ်တဲ့အခါ သစ်ဥသစ်ဖုတွေရှာပြီးကြိတ်တယ်မဟုတ်လား။ သင်ကတော့ တောင်ဝှေးလေးတစ်ချောင်းထမ်းပြီး တောနက်ကြီးထဲလျှောက်ရှာစရာမလိုပါဘူး။ ဈေးခြင်းလေးဆွဲပြီး ပိုက်ဆံအိတ်လေးဂျိုင်းကြားညှပ်လို့သစ်သီးဆိုင်ရှေ့ရပ်လိုက်ရုံပါပဲ။ ဒီခေတ်ကြီးမှာ လူဖြစ်ရတာ ဒါမျိုးတော့ကောင်းသားနော်။ သစ်ဥသစ်ဖုတွေ အစေ့အဆံတွေဟာ ဆီးချိုရောဂါအတွက်ကောင်းပါတယ်တဲ့။ သီဟိုဠ်စေ့တို့ ဘာတို့ ပေါ့။ မက်မွန်သီးဟာလည်း ကမ္ဘာပေါ်မှာ ကျန်းမာရေးကို အထောက်အကူအပြုဆုံးအသီးပါ။
ငါးအမျိုးမျိုး
ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရတဲ့ အာဟာရမျှတအောင်စားရမယ့် အစာအုပ်စုကြီးသုံးစုထဲမှာ ငါးအမျိုးမျိုးလည်းပါတယ်နော်။ ငါးကြီးဆီဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ သဘာဝအဆီပါ။ ငါးစားရင် ညဏ်ကောင်းတယ်ဆိုတာမျိုးလည်းကြားဖူးပါရဲ့။ တစ်ချို့လူ့ဂွစာတွေကတော့ ငါတို့ညဏ်ကောင်းခြင်းသည် ငါးစားမစားနှင့်မည်သို့မျှမသက်ဆိုင်စေရလို့ ခိုင်ခိုင်မာမာ သန္တိဌာန်ချပြီး ငါးလုံးဝမစားတာတွေလည်းရှိတယ်ဆိုပဲ။
ဘယ်ရီသီးတွေ
Yayyyy…… အင်မတိအင်မတန်ဈေးကြီးပြီး စားကောင်းလှတဲ့ ဘယ်ရီိတွေက ကျန်းမာရေးကိုလည်းအထောက်အကူပြုတယ်တဲ့။ ဘယ်ရီသီးတွေက သွေးတွင်း insulin ထုတ်လုပ်မှုကိုပံ့ပိုးပေးလို့ အပြင်ကနေ ဈေးကြီးပေးပြီး ဆေးထိုးစရာမလိုတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ စတော်ဘယ်ရီ ဘလက်ဘယ်ရီ (အရက်ပုလင်းပြောတာမဟုတ်ဘူးနော် အသီး) ဘလူးဘယ်ရီ စသဖြင့် ဘယ်ရီဆိုတာနဲ့ မျက်စိမှိတ်ဝယ်ပေတော့။
အစိမ်းရောင် ဂေါ်ဖီပန်းပွင့်
အဖြူမဟုတ်ဘူးနော်။အစိမ်း။ ဂေါ်ဖီပန်းပွင့် အစိမ်းရောင်ဟာ ဆီးချိုရောဂါသည်တွေအတွက်ပဲ သီးသန့်ထုတ်လုပ်ထားသလား ထင်မှတ်မှားရအောင် အသုံးဝင်တာပါ။ နေ့တိုင်းစားရင်ဆီးချိုကို အမြစ်ပြုတ်စေနိုင်ပါတယ်တဲ့။ ဒါဆို ဆေးတွေမသောက်တော့ဘူး အဲဒါပဲစားတော့မယ်လို့တော့ အရွဲ့မတိုက်နဲ့နော်၊ခုပြောပြနေတာတွေက ဓာတ်စာတွေဆိုတာ သတိပြုပါ။
ဒိန်ချဉ်
ယူ့ဟာက ဟုတ်ရောဟုတ်ရဲ့လားပေါ့။ ဒါက နို့နဲ့နို့ထွက်ပစ္စည်းကြီးလေပေါ့။ သံသယမစောပါနဲ့လေ။ အမှန်ပါပဲ။ ဒိန်ချဉ်ဟာ အစာချေစနစ်အတွက်လည်းကောင်းမွန်တဲ့အပြင် vitamin C ကြွယ်ဝတာမို့ ဆီးချိုရောဂါကိုလည်း ထိန်းထားပေးနိုင်ပါတယ်တဲ့။ အဲ…. ထညက်ရည်တွေအများကြီးနဲ့သောက်ရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်ပါလိမ့်မယ်။