အစားစားတုန်း သီချင်းဆိုရင် အဖိုးကြီးနဲ့ရတတ်တယ်တို့၊ အစားကိုခြေဆင်းပြီးစားရင်၊လက်ထောက်ပြီးစားရင် ဆင်းရဲတာရှည်တတ်တယ်တို့ လူကြီးမိဘတွေကဆုံးမကြတာ ခံရဖူးမှာပေါ့။ ဒါတွေက ကြီးပြင်းလာတဲ့နေရာဒေသအလျောက် ကိုယ်တို့လူမျိုးရဲ့အစားအစာနဲ့ပက်သက်တဲ့ ရိုးရာယုံကြည်ချက်တွေပါ။ ဒီလိုပဲ ကမ္ဘာတစ်လွှားက အမျိုးမျိုးသောနိုင်ငံတွေမှာလည်း သူတို့ယဉ်ကျေးမှုနဲ့သူတို့ ရှိကြပါတယ်။ အဲဒီထဲက အချို့အဝက်ကို ကောက်နှုတ်တင်ပြရရင်တော့…..
တရုတ်နိုင်ငံ
ပန်းကန်ထဲက အစားအစာကို ပြောင်အောင်မစားရပါဘူး။ အနည်းငယ်တော့ချန်ထားရပါတယ်။ ကိုယ်တွေဆီမှာက ထမင်းကိုပြောင်အောင်မစားရင် ဖြုန်းတီးတာဘာညာနဲ့ အဆူခံရပေမယ့်သူတို့နိုင်ငံမှာတော့ အိမ်တစ်အိမ်ကိုသွားလည်ရင် အိမ်ရှင်တည်ခင်းဧည့်ခံတဲ့ စားစရာတွေကို ပြောင်အောင်စားတာဟာ အလွန်ရိုင်းပျတဲ့အပြုအမူအဖြစ်သတ်မှတ်ကြပါတယ်။ ပြောင်အောင်စားလိုက်တာဟာ ဆာနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အိမ်ရှင်က ဝအောင်မကျွေးဘူးလို့အဓိပ္ပါယ်ပေါက်တာမို့ အလွန်ရိုင်းတယ်လို့သတ်မှတ်ကြပါတယ်။နောက်တစ်ခုက ငါးကင်တို့ဘာတို့စားကြတဲ့အခါ ငါးကို အနေအထားမပြောင်းမိဖို့သတိထားရပါမယ်။ သူငယ်ချင်းတွေအတူတူစားကြတာဆိုရင်တော့ ပြဿနာမရှိပေမယ့် ထမင်းဝိုင်းမှာ လူကြီးတစ်ယောက်ယောက်ပါတဲ့အခါ ငါးခေါင်းကို လူကြီးဘက်ကိုဦးတည်ထားလေ့ရှိပါတယ်။ အရိုအသေပေးတဲ့သဘောပါ။ဒီတော့ ငါးခေါင်းရဲ့ဦးတည်ရာကို ဘယ်နည်းနဲ့မှ မလှည့်ပစ်လိုက်ဖို့သတိကြီးကြီးထားရပါမယ်။ သာမန်အားဖြင့် ငါးရဲ့တစ်ဖက်ကအသားတွေကုန်သွားတဲ့အခါနောက်တစ်ဖက်ကိုလှန်ပြီးစားကြတာပါပဲ။ ဒါပေမယ့် တရုတ်နိုင်ငံမှာဆိုရင်တော့ အဲ့လိုလှန်ခြင်းဟာ သစ္စာဖောက်မယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်တဲ့။ ထူးထူးဆန်းဆန်း ရိုးရာခန်းတွေပါလားနော်။
ထိုင်းနိုင်ငံ
ကိုယ်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင်တော့ ထမင်းစားရာမှာ ဇွန်းနဲ့ခက်ရင်းကို ပုံမှန်ပဲသုံးပြီးစားကြတာဆိုပေမယ့် ဇွန်းနဲ့ခက်ရင်းသုံးရတဲ့စည်းမျဉ်းစည်းကမ်းလေးတွေရှိပါတယ်။
ဇွန်းနဲ့ခက်ရင်းကို အသုံးပြုတဲ့နေရာမှာ ဇွန်းကိုပဲပါးစပ်ထဲကို ခွံ့ရပါမယ်။ ခက်ရင်းဟာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ သင့်ပါးစပ်နဲ့အနီးတစ်ဝိုက်ကို မရောက်ရပါဘူး။ ခက်ရင်းရဲ့တာဝန်က
ဇွန်းထဲကို အစားအစာတွေနေရာချဖို့နဲ့အသားတွေဘာတွေဖဲ့ခြင်းမှာ ကူညီဖို့သက်သက်ပါပဲ။
နောက်တစ်ခုက မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုတွေလုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် အုပ်စုလိုက် အပြင်မှာထွက်စားကြတဲ့အခါ အုပ်စုထဲက အသက်အကြီးဆုံးသူက အကုန်လုံးအတွက်စားသောက်စရာတွေမှာပေးရပါတယ်။ ကိုယ်ကြိုက်တာ ကိုယ့်သဘောနဲ့ကိုယ်မှာလို့မရပါသလို လူကြီးကမှာနေတဲ့အချိန်မှာ ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ် ဝင်ပြောတာမျိုးမလုပ်ရပါဘူး။ ဆိုင်ကိုမရောက်ခင်ကတည်းက ဘာလေးတော့ကြိုက်တယ်ဆိုတာမျိုးကပ်ပြောရင်ပြောထားပေါ့နော်။
ဗြိတိန်
အဓိကက အင်္ဂလန်ပေါ့နော်။ နေ့လည်စာ ဒါမှမဟုတ် ညစာတွေစားပြီးလို့ အချိုပွဲတည်ခင်းတဲ့အခါ အချိုပွဲကို စားပွဲဝိုင်းမှာ နာရီလက်တံလည်တဲ့အတိုင်းပဲလှည့်ယူရပါမယ်။ ငါ့နားရောင်နေလို့ ငါလှမ်းနှိုက်လိုက်မဟဲ့ဆိုတာမျိုးမရပါဘူး။ ကိုယ့်နားရောက်နေလည်း ကိုယ့်ဘက်ကနာရီလက်တံပြောင်းပြန်လည်တဲ့ဘက်ဖြစ်နေရင် ဟိုဘက်ကသူတွေကိုအကူအညီတောင်းပြီးလှမ်းယူရပါမယ်။
အိန္ဒိယ
အိန္ဒိယနိုင်ငံမှာတော့ အရေးကြီးတဲ့ စည်းမျဉ်းက ထမင်းစားပွဲမှာ ကျေးဇူးစကားမပြောမိဖို့ပါပဲ။ ဘယ့်နှယ်ကြီးတုန်း ကျေးဇူးတင်စကားပြောတယ်ဆိုတာ ယဉ်ကျေးတဲ့အပြုအမူမဟုတ်ဘူးလား။နိုးပါ။ အိန္ဒိယနိုင်ငံမှာတော့ အိမ်ရှင်က ဧည့်သည်ကိုတည်ခင်းဧည့်ခံတယ်ဆိုတာ လုပ်ကိုလုပ်ရမယ့်တာဝန်ဝတ္တရားပါ။ ဒါကြောင့်မို့ အဲဒီအတွက်ကျေးဇူးစကားပြောတာက ရိုင်းပျတဲ့အပြုအမူပါတဲ့။
ရှရှား
ရုရှားနိုင်ငံဟာ ရိုးရာဗော့ဒ်ကာကို နှစ်ခြိုက်စွာသောက်သုံးလေ့ရှိတဲ့အတိုင်း ယမကာစည်းမျဉ်းတွေလည်းရှိပါတယ်။ အရမ်းရှုပ်တဲ့စည်းမျဉ်းတွေတော့မဟုတ်ပါဘူး။ ဧည့်ခံပွဲတစ်ခုခုလုပ်တဲ့အခါ တစ်ယောက်ယောက်ကိုထမင်းဖိတ်ကျွေးတဲ့အခါတွေမှာ ယမကာပါကိုပါရပါမယ်။ အဲဒီလိုပဲ သင်က ပွဲတစ်ပွဲဒါမှမဟုတ် ချိန်းဆိုထားရာနေရာကို နောက်ကျမှရောက်သွားခဲ့မယ်ဆိုရင်တော့ ပြစ်ဒဏ်အနေနဲ့သူတို့တိုက်သမျှ သောက်ဖို့သာပြင်ထားပါ။ ယမကာပုလင်းကို အကုန်သောက်ဖို့စိတ်ကူးမရှိရင် ဖွင့်ကိုမဖွင့်ပါနဲ့။ ရိုးရိုးရှင်းရှင်းလေးတွေပါပဲနော်။
အီတလီ
အီတလီနိုင်ငံက ကော်ဖီကိုမြတ်န်ိုးတဲ့နိုင်ငံဖြစ်တဲ့အလျောက် ကော်ဖီနဲ့ပက်သက်ပြီးတင်းကြပ်တဲ့စည်းမျဉ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ နေ့လည် 11 နာရီကျော်တာနဲ့ ဘယ်ကော်ဖီဆိုင်ကမှ သင့်ကော်ဖီထဲနို့ထည့်ပြီးဖျော်ပေးတော့မှာမဟုတ်ပါဘူး။ ဒီစည်းမျဉ်းဟာ အီတလီတစ်နိုင်ငံလုံးမှာအလိုလိုနားလည်လက်ခံထားပြီးသားအရာပါ။ နို့ထည့်ပေးပါလို့တောင်းဆိုလို့မရတာတော့လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ရောမရောက်ရင်ရောမလိုကျုင့်ဆိုတဲ့စကားပုံလည်းအရှိသားမဟုတ်လား။
နောက်ဆုံးအချက်ကတော့ စားသောက်ဆိုင်တွေမှာစားပြီးသောက်ပြီးတဲ့အခါငွေရှင်းတာပါ။ အားလုံးကြားဖူးနေကြတဲ့ အမေရိကန်စစ်စတမ်/ကိုယ့်အတွက်ကိုယ်ရှင်းစနစ်ကို အသုံးများပေမယ့် အရှေ့တိုင်းနိုင်ငံတွေမှာတော့ အုပ်စုထဲမှာ အသက်အကြီိးဆုံးလူ၊စုံတွဲတွေနဲု့ပိုက်ဆံအများဆုံးရှာနိုင်တဲ့သူတွေက ပေးရလေ့ရှိပါတယ်တဲ့။