ပျော်ရွှင်ခြင်းရဲ့အဖြေ

ကိုယ်တို့ဘဝတွေမှာ ပျော်ရွှင်ရရေး စိတ်ချမ်းသာရေးတွေကိုပဲ အားသွန်ခွန်စိုက်ကြိုးစားနေကြတယ်ဆိုရင် ငြင်းနိင်စရာရှိမယ်မထင်ဘူး။ သို့ပေတဲ့ ပျော်ရွှင်ဖို့ကြိုးစားရင်းနဲ့ ခြေကုန်လက်ပမ်းကြသွားကြတဲ့ သူတွေဟာလည်း မျက်စိရှေ့တင်ဒုနဲ့ဒေးဖြစ်လေတော့ အမှန်တကယ်ပျော်ရွှင်ခြင်းဆိုတာ ဘာပါလိမ့်လို့ မေးခွန်းထုတ်စရာဖြစ်လာပြီပေါ့။

တစ်နည်းအားဖြင့်တော့ ပျော်အောင်နေနေတယ်ဆိုတာ မပျော်ရလို့မဟုတ်လား။ ပျော်ဖို့ကြိုးစားနေတယ်ပေါ့။ ပျော်ရွှင်ခြင်းရဲ့ဆုလာဒ်တို့ဘာတို့ တေးရေးဆရာတွေရေးနေတာတွေက အတော်တော့ စဉ်းစားစရာကောင်းသား။ အစစ်အမှန်ပျော်ရွှင်မှုဆိုတာက သရဲလိုပဲ၊အချစ်လိုပဲတဲ့ တည်ရှိနေမှန်းတော့ တစ်ယောက်စကားတစ်ယောက်နားနဲ့သိကြတယ်။ သို့ပေတဲ့ ဘယ်လိုဟာမျိုးတုန်းဆိုတော့လည်း ဘယ်သူမှမဖြေနိုင်ကြ။ ဝေဝေဝါးဝါးရယ်။ ခုစာရေးနေတဲ့ သူကိုယ်တိုင်လည်း ပျော်ရွှင်ခြင်းအကြောင်းသိလှချည်ရဲ့တော့မဟုတ်ဘူး။ ခေတ်အဆက်ဆက် ကြားဖူးနားဝရှိတဲ့ ပါးစပ်ရာဇဝင်တွေထဲက ဟုတ်မယ်ထင်တာလေးတွေကို ထုတ်နှုတ်ဖော်ပြခြင်းမျှသာ။

ပျော်အောင်ဘယ်လိုနေရမလဲလို့ပြောရတာ တကယ်တော့ အင်မတန်ခွကျတာကလား။ ပျော်ရွှင်မှုဆိုတာ ဟင်းတစ်ခွက်လို ဟိုဟာလေးနည်းနည်း ဒီဟာလေးမဆိုစလောက်ကလေးထည့်ပြီးရင်ရောမွှေလိုက် နံနံပင်လေးအုပ်ပြီးသုံးဆောင်နိုင်ပါပြီလို့ အတိအကျတွေ ညွှန်းလို့ရတာမျိုးမှမဟုတ်တာကိုး။ ထားပါတော့လေ။ Intro တွေများသွားပြီ။ ပျော်ရွှင်မှုတွေ သူတို့ခြေထောက်နဲ့သူတို့ ကိုယ့်ဆီရောက်လာအောင် ဘယ်လိုနေထိုင်ကြမလဲကြည့်လိုက်ရအောင်။

 

သူများတွေကိုမကြည့်ပါနဲ

ကိုယ်တို့ဘဝတွေက ရထားတွေလိုပဲ။ သူက ဟိုဘူတာရုံရောက်နေပြီ သူကဖြင့်ငါ့ကိုကျောသွားပြီလို့ လျှောက်တွေးနေလို့ရတာမျိုးမဟုတ်ဘူး။ သူက စောထွက်တဲ့အစီးဖြစ်ပြီး ကိုယ်ကနောက်ကျမှထွက်တဲ့အစီးလည်းဖြစ်ချင်ဖြစ်နေမှာလေ။ သူအောင်မြင်ချမ်းသာနေတာက သူ့အချိန်မို့လို့ ငါမအောင်မြင်သေးတာက ငါ့အချိန်မရောက်သေးလို့လို့ နားလည်ထားရမယ်။အဲ…… ငါ့အချိန်ရောက်လာမှာပါ ငှဲငှဲဆိုပြီး ဘာမှမလုပ်ပဲထိုင်နေရင်တော့ သင့်အချိန်ကလည်းတစ်သက်လုံးရောက်လာမှာမဟုတ်ပါဘူး။

 

လူတိုင်းက အချိန်ပြည့်ပျော်မနေနိုင်ပါဘူး

ဘယ်သူကမှတော့ တစ်ဘဝလုံးစိတ်ချမ်းသာစရာတွေနဲ့ပြည့်နေမှာမဟုတ်ပါဘူး။ ဘဝဆိုတာ Disney movie မှမဟုတ်တာ။ တစ်ခါတစ်လေဝမ်းနည်းငိုကြွေးရတာတွေလည်းရှိမယ်။
စိတ်ဆင်းရဲရတဲ့အခိုက်အတန့်တွေဟာ စိတ်ချမ်းသာမှုကိုပိုမိုတန်ဖိုးထားနိုင်ဖို့တည်ရှိနေတာပါ။

 

ပျော်အောင်မကြိုးစားပါနဲ့

ပျော်အောင်ဇွတ်အတင်းတွေကြိုးစားပြီး အဆင်မပြေရင် ပိုစိတ်ညစ်ရတတ်တာကြောင့် ဘဝမှာ အရာရာကို အလိုက်သင့်လေးနေတတ်ဖို့လိုပါတယ်။ ပျော်စရာတွေကြုံလာရင် ခံစားလိုက်ပါ၊ အဆင်မပြေတာတွေတွေ့ရင် ကျော်သွားပါ။ ဘယ်အရာမှမတည်မြဲဘူးဆိုတာသတိထားပါ။

 

ဒီလောက်ကလေးပဲ သိထားရင် ပျော်ရွှင်မှုတွေလက်ကမ်းကြိုလို့ရပါပြီ။ ပါပီယွန်ပြောသလိုပေါ့… ဘဝမှာ အများကြီးသိထားဖို့မလိုဘူး၊သိသလောက်ကလေးကိုပဲ အများကြီးခံစားတတ်ဖို့လိုတာကွဲ့ ညီမလေးရဲ့ ပေါ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.