ကိုယ်တို့အားလုံးအိပ်မက်အမျိုးမျိုးမက်တတ်ကြပါတယ်။ တစ်ခါတစ်လေ သွေးလေခြောက်ခြားလို့မက်တာမျိုးရှိသလို အခြားကမ္ဘာက ကိုယ်က ဒီဘက်ကမ္ဘာက ကိုယ့်ကို အသုံးဝင်တဲ့ အကြောင်းအရာတွေလက်ဆင့်ကမ်းပြောပြချင်တဲ့အခါမှာလည်း ထူးခြားဆန်းပြားတဲ့အိပ်မက်တွေမက်လေ့ရှိကြပါတယ်။ သို့ပေတဲ့ အိပ်မက်အများစုဟာ ကိုယ်တို့အိပ်ရာက နိုးလာပြီး နိစ္စဓူဝ သံသရာကြီးထဲကို တိုးဝင်လိုက်ကြတဲ့ အချိန်ခဏမှာပဲ လွင့်ပြယ်ပျောက်ဆုံးသွားလေ့ရှိကြပါတယ်။ ကိုယ်တို့ရဲ့စောင့်ရှောက်သူတွေ အခြားကမ္ဘာက ပုဂ္ဂိုလ်တွေ စိတ်မပျက်သွားအောင် အိပ်မက်တွေကို အဓိပ္ပာယ်ဖော်တတ်စေဖို့ အိပ်မက်မြေပုံ အပိုင်းအစလေးကို ချပြချင်ပါတယ်။
အမြင့်တစ်နေရာကနေ ပြုတ်ကျတယ်လို့အိပ်မက်မက်တာ
တချို့အိပ်မက်တွေက တကယ်ဖြစ်နေသလိုပါပဲ။ ဟိုးအမြင့်ကြီးက ပြုတ်ကျတယ်လို့အိပ်မက်မက်ပြီး တကယ်လည်း အပြင်မှာ ကုတင်ပေါ်ကပြုတ်ကျပြီးနိုးလာတာမျိုး (ကိုယ်တွေဆိုဘာနေနေ အောက်ရောက်တဲ့ အထိမနိုးသေးဘူး။ မနက်မှသာ ကျောတွေနာနေတာ :3 )။ ပြုတ်ကျတယ်လို့မက်တဲ့ အိပ်မက်တွေဟာ သင့်ရဲ့စိတ်အခြေအနေကိုဖော်ပြနေပါတယ်။ အိပ်မက်ထဲမှာ သင်က ပြုတ်ကျရတာကို ပျော်နေတယ်ဆိုရင်တော့ ဘဝမှာ လောလောလတ်လတ်တွေ့ကြုံရမယ့် အခြေအနေသစ်တစ်ခုအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာပြတာပါ။ ကြောက်လန့်တကြားပြုတ်ကျနေရတယ်ဆိုရင်တော့ သင်က အပြောင်းအလဲကို စိုးရိမ်ကြောက်ရွံ့နေတာပါတဲ့။
ထွက်ပြေးနေရတယ်လို့ အိပ်မက်မက်တာ
တစ်ခုခုဆီကလွတ်မြောက်အောင် အသက်လုပြေးနေရတာ၊ ခွေးတွေဝိုင်းလိုက်လို့ပြေးရတာ ဆိုရင်တော့ အခြေအနေမကောင်းပါဘူး။ သင့်ဘဝမှာ ဖုံးကွယ်ထားတဲ့ လျို့ဝှက်ချက်တစ်ခုခုကပေါ်လုပေါ်ခင်ဖြစ်နေတာကိုအသိပေးတာပါ။ ပျော်ပျောရွှင်ရွှင်စိန်ပြေးလိုက်တိုင်းဆော့နေတာမျိုး၊ တူတူပုန်းတမ်းဆော့နေတာမျိုးဆိုရင်တော့ သင်က အန္တရာယ်နဲ့ကစားနေရတာကို ပျော်နေတာကိုပြတာပါ၊လတ်တလောတော့ အန္တရာယ်မရှိသေးတဲ့အကြောင်းပြောတာပါတဲ့။
သစ္စာဖောက်ခံရတယ်လို့အိပ်မက်မက်တာ
ဒါဖြစ်တတ်ပါတယ်။ သင်ကိုယ်တိုင်က သင့်ချစ်သူကို အစိုးရိမ်လွန်နေရာက စိတ်တွေစွဲပြီးမက်တာဖြစ်တတ်သလိုသင့်ချစ်သူက အမှန်တကယ်ဖောက်ပြန်နေတာကို သင့်မသိစိတ်က သတိပေးတာလည်းဖြစ်နိုင်ပါတယ်။ ငါစိတ်ထင်တာနေမှာပါလေဆိုပြီး နေရင်းနဲ့ စနှိုက်ကြော်နောက်ပါသွားတဲ့ သာဓကတွေကလည်းများခဲ့ပြီဆိုတော့ သတိနဲ့သာနေပါလေ။
သွားတွေကြွေကျတယ်လို့ အိပ်မက်မက်တာ
သွားတစ်ချောင်းနှစ်ချောင်းကျွတ်တဲ့အိပ်မက်ဟာ ချစ်ခင်ရသူတွေကိုဆုံးရှုံးရမှာကြောက်တဲ့ သင့်ရဲ့စိတ်က ရောင်ပြန်ဟပ်တာလည်း ဖြစ်နိုင်သလို အရင်းနှီးဆုံးသူတွေနဲ့ခိုက်ရန်ဖြစ်ပွားရနိုင်တဲ့အကြောင်းကြိုတင်သတိပေးချက်လည်းဖြစ်နိုင်ပါသေးတယ်တဲ့။ သွားတွေ အပြုံလိုက်ကျွတ်တယ်ဆိုရင်တော့ သင့်စီးပွားရေးအခြေအနေပျက်စီးယိုယွင်းနေတာ ဒါမှမဟုတ် ပျက်စီးပြိုလဲဖို့ရှိတာကိုပြတာပါ။
အိမ်တွေကိုအိပ်မက်မက်တာ
သင်ကလေးဘဝကနေခဲ့ဖူးတဲ့အိမ်တွေကို မက်တာဆိုရင်တော့ သင့်စိတ်အခြေအနေ အေးချမ်းတည်ငြိမ်ပြီး ဘဝလည်းသာယာဖို့ရှိတယ်ဆိုတာကိုပြတာပါ။ သင်မသိတဲ့အိမ်တစ်လုံးထဲရောက်နေပြီး အိမ်ကလည်း ကြောက်စရာအသွင်ရှိမယ် သင့်စိတ်ထဲမှာလည်းခြောက်ခြားနေခဲ့မယ်ဆိုရင်တော့ သင်ထောင်ချောက်ဆင်ခံရတော့မယ်လို့သတိပေးတာပါ။
ဒါတွေကတော့ မက်လေ့ရှိတဲ့အိပ်မက်တွေပါ။ အိပ်မက်မကောင်းတိုင်းလည်းစိတ်မပျက်ပါနဲ့။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ဆိုတာလည်း ရှိသေးတာကိုးနော်။