လွယ်လွယ်လေးအဆုံးသတ်လိုက်တော့မလို့လား

ဒီခေတ်ကြီးမှာ တွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာတွေကို လူငယ်တွေကြားမှာ အများဆုံးတွေ့နေရပါတယ်။ ရည်းစားတစ်ယောက်ကို လပိုင်းလောက်တွဲပြီး အဆင်မပြေတာလေးတစ်ခုခုတွေ့တာနဲ့ လွယ်လွယ်ပဲ ထားခဲ့ခြင်းနဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ကြတာများပါတယ်။ ကိုယ်တိုင်ကိုက အဆုံးသတ်ချင်နေလို့ဆိုရင် ကိစ္စမရှိပေမယ့် အချို့ကတော့ ဒွိဟဖြစ်နေကြတာတွေလည်းရှိပါတယ်။ ဒါကတော့ ဒွိဟတွေဖြစ်နေလို့ ဆိုတဲ့သူတွေအတွက်ပါ။

 

ဘယ်လိုအချိန်မျိုးတွေမှာ သည်းခံပြီးညှိယူသင့်သလဲ

လူကြောင့်မဟုတ်ပဲ အခြေအနေကြောင့်ဆိုရင်

သင်တို့နှစ်ယောက်လုံးမပြတ်ချင်ကြဘူး။ ဒါပေမယ့် အခြေအနေအရပ်ရပ်က ပြတ်ဖို့တွန်းအားပေးနေတယ်။ ဒါဆိုရင်တော့ နှစ်ယောက်မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြည့်သင့်ပါတယ်။ ပြဿနာအများစုဟာ သူ့မျက်နှာမြင်လိုက်ရင်ပျောက်ကွယ်သွားတတ်တာ သင်လည်းသတိထားမိမှာပါ။ မျက်နှာချင်းဆိုင်လည်းနောက်ဆုံးတော့ ပြတ်ရမှာပဲဆိုပြီး သွားမတွေ့ပဲမနေပါနဲ့ ။

 

အဆင်မပြေတာတွေများတဲ့ကြားက သူ့အကြောင်းတွေးလိုက်တာနဲ့သင်ပျော်ရရင်

သင်သူ့ကိုချစ်နေသေးတယ်ဆိုတာ ထင်ရှားပါတယ်။ အရမ်းပင်ပန်းရတာကြောင့် စိတ်ကုန်ချင်သလိုဖြစ်နေပေမယ့် ချစ်တာတော့ချစ်နေပါသေးတယ်။ ဒီလိုခံစားမိဖို့က ရာခိုင်နှုန်းနည်းပါးတာကြောင့် သူ့ကို အလွယ်တကူ လက်လွှတ်ဆုံးရှုံးမခံပါနဲ့။

 

သူက သင့်အတွက် မှန်ကန်တဲ့လူလို့ ခိုင်ခိုင်မာမာခံစားမိရင်

နောက်တစ်ယောက်မရှိနိုင်တော့ပါဘူး။ သူမှသူပါပဲဆိုတာ အချစ်စိတ်မွှန်နေတဲ့အချိန်တွေမှာလည်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင်တို့တွဲလာတာ ကြာနေတာတောင် သင်သူ့ကိုမြင်လိုက်တိုင်း သူကသင့်အတွက်ဆိုတာသေချာပါတယ်လို့ တည်တည်ငြိမ်ငြိမ်ခံစားမိရင်တော့ သူ့ကိုလက်လွှတ်မပေးပါနဲ့။

 

ဘယ်လိုအချိန်မျိုးမှာ လက်လွှတ်လိုက်ရမလဲ

သင်တစ်ယောက်တည်းဖြစ်နေရင်

အနားမှာသူရှိနေတဲ့ ကြားက သင့်မှာ စိတ်ပိုင်းဆိုင်ရာတစ်ယောက်တည်းဖြစ်နေတယ်လို့ခံစားနေရရင် တစ်ခုခုတော့ အကြီးအကျယ်မှားယွင်းနေပါပြီ။ သင်ဟာ ပင်ကိုယ် စိတ်ကျရောဂါမရှိတဲ့ သူဆိုရင်တော့ ဒါဟာ သူသင့်ကိုမချစ်တော့ဘူးဆိုတာ သင့်စိတ်ကအလိုလိုခံစားမိနေတာပါ။ တွေ့ဖို့ချိန်းတာကအစ စကားစပြောတာအဆုံးသင်တစ်ယောက်တညးလုပ်နေရရင်တော့ သူ့ကိုအမြန်သာလက်လွှတ်ပေးလိုက်ပါတော့။

 

သူ့ဘက်က လက်လွှတ်ပေးဖို့တောင်းဆိုနေရင်

သာမန်ကာလျှံကာ စိတ်ကောက်လို့ပြောတဲ့လမ်းခွဲစကားထက် တည်တည်ငြိမ်ငြိမ်တောင်းဆိုနေတာဆိုရင်တော့ ဆွဲထားလည်းစိတ်ပင်ပန်းရုံကလွဲပြီး အကျိုးမထူးပါဘူး။ မေတ္တာမျှတယ်ဆိုတာ နှစ်ဦးနှစ်ဖက် စိတ်တူကိုယ်တူပဲဖြစ်သင့်ပါတယ်။

 

သင့်ခံစားမှုကိုယုံပါ

သူသင့်ကိုချစ်သေးလား။ မချစ်တော့ဘူးလားဆိုတာ သင်အလိုလိုသိပါတယ်။ သင့်မသိစိတ်ရဲ့အချက်ပြမှုတွေကို အမှုမဲ့အမှတ်မဲ့မထားလိုက်ပါနဲ့။ သူ့ပါးစပ်က မသွားပါနဲ့လို့ပြောနေပြီးသင်မကြိုက်တာတွေပဲ ထပ်ကာထပ်ကာလုပ်နေမယ်ဆိုရင်တော့ ဘာမှမပြောပဲသာအဆက်အသွယ်ဖြတ်လိုက်ပါတော့။

ဘယ်လိုပဲဖြစ်ဖြစ် သက်ဆုံးတိုင်အတူနေသွားကြလေသတည်း ဆိုတာ ပုံပြင်တွေထဲမှာပဲရှိတယ်မှန်းသင်လည်းသိပြီးသားပါ။ ဘဝအချိန်ခဏလေးမှာ သင်အမှန်တကယ် ချစ်မြတ်နိုးတဲ့လူနဲ့ တတ်နိုင်သမျှအတူနေထိုင်နိုင်ကြပါစေပေါ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.