ခွေးဖေဖေကြောင်ဖေဖေတွေကို မိန်းကလေးတော်တော်များများက ချစ်သူမတော်ချင်ကြပါဘူး။ သူတို့ခွေးတွေကြောင်တွေကိုပဲ သနေမယ်ထင်တာကြောင့်ပါ။ ဒီအထင်ဟာလုံးဝကြီးမှန်ကန်လှတာတော့လည်းမဟုတ်ပါဘူး။ သူတို့ဘဝမှာခွေးတွေကြောင်တွေကိုအချစ်ဆုံးဆိုတာတော့မှန်ပါတယ်။ သူတို့ချစ်တဲ့ အကောင်ပလောင်လေးတွေရှိနေရင်ဘာမှမလိုတော့ ဘူးလို့တွေးတတ်ကြတာလည်းဟုတ်ပါတယ်။ ဒါပေမယ့် ဒီလိုတွေးတတ်တဲ့လူက သူ့ခွေးလေးကြောင်လေးတွေကိုကျော်ပြီးတော့ သင့်ကိုချစ်မြတ်နိုးတယ်ဆိုတာ သင်ကံကောင်းတာပါပဲ။များသောအားဖြင့်သူတို့က လူပျိုကြီးတွေဖြစ်တတ်ကြတာကိုး။ သူတို့ကိုဘာကြောင့်အခွင့်အရေးပေးသင့်တာလဲဆိုတော့ ……
သူတို့က အချစ်ကြီးသူတွေပါ
သင်က သူတို့ကိုဂရုမစိုက်ပဲ ဘာသိဘာသာနေဦးတော့ သင်လိုအပ်တဲ့အချိန်အဆင်သင့်ရှိနေပါလိမ့်မယ်။ ဒါသူ့ ကြောင်လေးကသူ့ကို လုပ်နေကြအလုပ်ဆိုတော့ ဘယ်လိုမှတောင်နေမှာမဟုတ်ပါဘူး။ သင်သူ့အပေါ်ဘယ်လိုဆိုးဆိုး ကြောင်လေးက ကုတ်ခြစ်နေတာကို ခွင့်လွှတ်ပေးသလို ခပ်ပြုံးပြုံးနဲ့ ချစ်စနိုးကြည့်နေပါလိမ့်မယ်။
စိတ်ရှည်ကြတယ်
ပြောပြီးပါပကော။ သင်စိတ်ကောက်လို့လိုက်ချော့ရတယ်ဆိုတာ သူ့ခွေးလေးထမင်းမစားပဲအီနေလို့ ချော့ကျွေးရတာလောက်တောင်လက်ပေါက်ကပ်မယ်မဟုတ်ဘူးလေ။
ချော့ရလွယ်တယ်
ကဲ သင်က သူခွင့်လွှတ်ဖို့မလွယ်တာတစ်ခုခုယောင်ယမ်းပြီး လုပ်လိုက်မိပြီပဲထား။ သူ့ကိုချော့လို့မရဦးတော့ သူ့ခွေးလေးကို ပွတ်သပ်ချော့မြူပြနေရင် သိပ်မကြာခင်မှာပဲ သူလည်းမနေနိင်ပဲ သူ့အလိုလိုအနားရောက်လာပါလိမ့်မယ်။
ဂရုစိုက်တယ်
သူ့ခွေးလေးကြောင်လေးတွေကို အချိန်ပြည့် ဘာရောဂါများဖြစ်ပြီလဲဟဲ့ဆိုပြီး ဂရုစိုက်ပေးနေတတ်တဲ့သူက သင်သူ့အနားမှာရှိနေရင်လည်း ထုတ်မပြောရင်တောင် သင်ဘာလိုအပ်တယ် ဘာညာ သိပြီးသားဖြစ်နေမှာ မယုံမရှိပါနဲ့။ ငါးခြောက်ဆို ဖုတ်ပြီးသား ဆိုတာမျိုးပေါ့။
စိတ်ထားနူးညံ့ကြတယ်
သင်က စိတ်အလိုမကျလို့ တစ်ခွန်းလောက်ဟောက်လိုက်တာလေးကို ပြန်ပြန်တွေးပြီး စိတ်မကောင်းဖြစ်နေမယ့် သူတွေပါ။ ဒါပေမယ့် ပျော့ညံ့သူတွေတော့မဟုတ်ကြပါဘူး။
ကြောင်စုန်းတွေကို ဘယ်သခင်မှ စွန့််ပစ်ဖို့ဝန်မလေးဘူးဆိုသလိုပေါ့။ သင်ကသူ့အတွက်ကြောင်စုန်းတစ်ကောင်ဖြစ်နေခဲ့မယ်ဆိုရင်တော့ သင့်ဘဝသင်တွေးထားတော့ပေါ့။
ဖြူစင်တယ်
သူက သင်စိတ်မဝင်စားတဲ့ အကြောင်းအရာတစ်ခုကို တမေ့တမော ပြောနေပြီဆိုကြပါစို့။ သင်က သူ့ခွေးလေးအကြောင်းကို စကားဦးတည်ပေးလိုက်တာနဲ့ အလွယ်တကူ စကားလမ်းကြောင်းပြောင်းသွားမယ့် ဖြူစင်ရိုးသားသူကြီးတွေပါ။
တည်ငြိမ်တဲ့ ငွေစီးကြောင်းတစ်ခုရှိနေတယ်
ဒါကတော့ အရေးကြီိးဆုံးအချက်ပါ။ ဘယ်သူမှတော့ ငမွဲနဲ့မတွဲချင်ကြဘူးလေ။ အချစ်က ကိုက်စားလို့မှမရပဲကိုး။ ခွေးတွေကြောင်တွေမွေးရတယ်ဆိုတာမလွယ်ပါဘူး။ အစာဖိုးနဲ့ အသုံးအဆောင်ဖိုးနဲ့ ခြောက်လတစ်ခါထိုးရတဲ့ အမျိုးအမည်စုံလင်လှစွာသော ကာကွယ်ဆေးဖိုးတွေနဲ့။ သူ့လုပ်စာက သူ့ခွေးနဲ့ပဲ ကုန်နေမှာပေါ့လို့တော့မတွေးနဲ့ပေါ့နော်။ ကိုယ်က သူ့လုပ်စာမျှော်ကိုးပြီးစားမယ့်သူမှမဟုတ်တာ။ ကိုယ်ကချည်းထောက်ပံ့မနေရရင်တော်ပြီလို့ သဘောပိုက်ပေါ့။
အချုပ်ဆိုရရင်တော့ ခွေးဖေဖေကြောင်ဖေဖေတွေဟာ စိတ်သဘောထားဖြူစင်ပြီး အကြင်နာတရားရှိကြတာကြောင့် ဘယ်မိန်းကလေးနဲ့မဆိုအထူးအထွေညှိယူနေစရာမလိုပဲ အဆင်ပြေမယ့်သူတွေပါ။ သင့်ကိုကြွေနေသူတွေထဲမှာ ခွေးဖေဖေကြောင်ဖေဖေလေးတွေသာရှိခဲ့မယ်ဆိုရင်ဖြင့် ခပ်မြန်မြန်ဆွဲစိထားလိုက်ဖို့ အကြံပေးပါရစေ။ သူတို့အတွက် သင်လုပ်ပေးရမှာက သူတို့ရဲ့ ချစ်စရာ အကောင်ပလောင်လေးတွေကို ချစ်မြတ်နိုးပေးဖို့ပဲလိုပါတယ်။
အဆင်ပြေလို့လက်ထပ်ကြမယ်ကွ Pre- wedding ဘာညာဆိုလည်း သူ့ခွေးလေးတွေကြောင်လေးတွေကို ထည့်သုံးလို့ရသေးတယ်နော်။ ဘာလိုသေးလဲ ကဲ….