ရှိရင်းစွဲအသက်ထက်ငယ်ရွယ်နုပျိုအောင် ဘယ်လိုပြင်ဆင်ကြမလဲ

ငယ်ရွယ်နုပျိုအောင်ပြင်တာပါ။ ငယ်ရွယ်နုပျိုပုံပေါက်အောင်ပြင်တာမဟုတ်ပါဘူး။ ဒီနှစ်ခုကိုကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ငယ်ရွယ်နုပျိုပုံပေါက်တယ်ဆိုတာ အပြင်ပန်းအရသာ လှပနေပေမယ့် တကယ်တမ်းတော့အသက်ကြီးနေပြီးမှန်းလူတိုင်းကခန့်မှန်းနိုင်နေတာမျိုးပါ။ ” ပြင်ထားလို့ပါကွာ တကယ်ကမလှပါဘူး” ဆိုတာမျိုးပေါ့။ ကိုယ့်အသက်ထက်ဆယ်နှစ်လောက်ငယ်ချင်ကြတာက သက်လတ်ပိုင်းအမျိုးသမီးတော်တော်များများရဲ့ ဆန္ဒပါပဲ။ သက်လတ်ပိုင်းတွေမှမဟုတ်ပါဘူး ဆယ်ကျော်သက်တွေလည်း အသက်ကလေးနဲ့မလိုက်အောင်ပြင်လွန်းလို့ နှစ်ဆယ်ကျော်အစိတ်ပိုင်း အရွယ်တ်ာတဆိတ်ဟိုင်းတဲ့ရုပ်ပေါက်နေတာလေးတွေရှိပါရဲ့။ နုပျိုလှပမှုဆိုတာ မိတ်ကပ်ပြင်ဆင်မှုနဲ့လည်း အများကြီးသွားဆိုင်ပါတယ်။နောက်တစ်ခါမိတ်ကပ်လိမ်းတဲ့အခါနုနယ်လှပအောင် သတိလေးထားပြီးပြင်ဆင်ကြရအောင်နော်။

 

နှုတ်ခမ်းကိုအပြည့်မဆိုးပါနဲ့

နှုတ်ခမ်းပြည့်ကြီး ဆိုးချထဲ့လိုက်မှ လှတာမဟုတ်ပါဘူး။ တချို့တွေက နှုတ်ခမ်းထူထူပြည့်ပြည့်တင်းတင်းလေးမှလှတာလို့တလွဲအယူအဆကြီး ဆုပ်ကိုင်ထားကြတာတွေ့ရပါတယ်။နှုတ်ခမ်းထူချင်လို့ဆိုပြီး lips filler တောင်သွားထိုးကြပါသေးတယ်။ တကယ်တမ်းက နှုတ်ခမ်းပါးလေးနဲ့မိန်းကလေးက ဆယ်ကျော်သက်အရွယ် မသိနားမလည်သေးတဲ့ ပုံလေးပေါက်တာပါ။ ကိုယ်တွေငယ်ငယ်က နှုတ်ခမ်းနီဆိုးတာမိရင် ဆရာမဆူမှာစိုးလို့ နှုတ်ခမ်းအတွင်းသားလေးတွေပဲခိုးဆိုးကြသလိုပေါ့။

 

ဆံပင်ကိုပိပြားသေသပ်နေအောင်မဖြီးပါနဲ့

ဘွဲ့ယူမှာတို့ စစ်သင်တန်းတက်နေတာတို့ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့နော်။ ပုံမှန်တော့ ဆံပင်ကို ပိပြားပြီးဆံစတစ်စမထွက်အောင်ဖြီးတာကြီးက လူကိုပိုရင့်ရော်စေပါတယ်။ဆံစလေးတွေဖြာကျနေတဲ့ ကပိုကရိုစတိုင်လေးက အလုပ်ရှုပ်လည်းသက်သာပြီးချစ်ဖို့ကောင်းစေတာအမှန်ပါ။

 

ဆံပင်အရောင်

ကိုယ့်ခေါင်းမှာ မွေးကတည်းကပါလာတဲ့အရောင်က ကိုယ်နဲ့အသင့်တော်ဆုံးပါ။ မနေနိုင်လို့ဆိုးချင်သပဆိုရင်တော့ ကိုယ့်အသားအရောင်နဲ့ အနီးစပ်ဆုံးအရောင်ကိုသေချာရွေးပြီးဆိုးသင့်ပါတယ်။(တချို့ Hair Saloon တွေကလည်းတစ်ကယ့်ဂျင်းနော်၊ တေလာဆွဖ်အကောက်လေးနဲ့အရောင်လေးလိုချင်လို့သွားပါတယ် အဝါတောက်တောက်ကြီးဆိုးပေးပြီး အကြေကောက်ကြီးကောက်ချထဲ့လိုက်လို့ မီးလုံးကြီးခေါင်းပေါ်တင်ထားတာနဲ့တူသွားတာကရှိသေးတာ :3 ) ကိုယ်တိုင်ကလည်း ကိုယ်ဆိုးချင်တဲ့အရောင်က ကိုယ့်အသားရောင်နဲ့လိုက်ရဲ့လားဆိုတာ ကြိုတွေးသင့်ပါတယ်။ ရီဟားနားအသားအရေနဲ့ တေလာဆွဖ်အရောင်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ဆိုင်ကတော့ ပိုက်ဆံရပြီးရော လုပ်ပေးလိုက်ပါလိမ့်မယ်။ ပြီးမှ ဘယ်မှမသွားရဲမလာရဲ အိမ်တွင်းအောင်းပြီးဒူးနဲ့မျက်ရည်သုတ်နေရမှာက ကိုယ်ပါ။ Crazy colors တွေကတော့ မင်းသမီိးတွေမော်ဒယ်တွေမဟုတ်ရင်မျက်စောင်းတောင်လှည့်မထိုးသင့်တဲ့အနေအထားမှာရှိပါတယ်။

 

မျက်ခုံးမွှေး

တချို့ကရှိသေးတယ် ဆံပင်နဲ့မျက်ခုံးမွှေးအရောင်ကတခြားစီ။ ဆံပင်က ရွှေရောင်ဆိုမျက်ခုံးက အနည်းဆုံးတော့အညိုရောင်လောက်တော့ ဖြစ်သင့်ပါတယ်။အရောင်ကိစ္စပြီးရင် ပြင်ဆင်တာ။ မျက်နှာပေါ်မျှော့ ကြီးပဲတက်ကပ်နေသလိုလို  ဒီဇိုင်းကာလာ အနေအထားနဲ့ လျှောက်သွားနေတာမျိုးမလုပ်ပါနဲ့။ ကိုယ့်မျက်ခုံးလှလှလေးကို မျှော့ဘဝလည်းမရောက်အောင် ဘာမှမပြင်မဆင်မြက်ရိုင်းတောပုံကြီးလည်းမပေါက်အောင်ထားဖို့ ကိုယ့်မှာအပြည့်အဝတာဝန်ရှိပါတယ်။ ကိုယ့်မျက်နှာနဲ့လိုက်မယ့်မျက်ခုံးပုံစံလေးခြယ်ပေးထားရင် လန်းဆန်းလှပနေမှာပါ။

 

Foundation ရွေးချယ်မှု

Beauty Bloggers တွေအာပေါက်မတတ်ပြောနေကြသလိုပဲ Foundation ရွေးချယ်မှုက တကယ့်ကိုအရေးအကြီးဆုံးအချက်ပါ။ ဘယ်လောက်ဈေးကြီးတဲ့ဖောင်ဒေးရှင်းပဲဖြစ်ဖြစ် ကိုယ့်အသားအရေနဲ့တစ်ထပ်တည်းမကျရင်ဘယ်လိုမှအဆင်မပြေပါဘူး။ မိတ်ကပ်ကတခြား အောက်ကအသားရောင်ကတခြားနဲ့ ဘယ်လိုမှ လှပမှုနဲ့နီးစပ်နိုင်မယ်မဟုတ်ပါဘူး။ ကိုယ့်အသားအရောင်နဲ့တစ်ထပ်တည်းကျဖို့ဆို BB Cream လေးတွေလူးတာကောင်းပါတယ်။

 

Countour and Highlight

မျက်နှာကို ပါးရိုးချတာတွေက တတ်နိုင်ရင်မလုပ်တာအကောင်းဆုံးပါပဲ။ အဲဒီအစား Strobing ဆိုတဲ့ ကိုရီးယားမင်းသမီးတွေကြားခေတ်စားနေတဲ့ မိတ်ကပ်မျိုးပြောင်းပြင်ကြည့်ပါ။ ကိုရီးယားစတိုင်မိတ်ကပ်ဟာ ခုချိန်ထိ trend တစ်ခုအဖြစ်ရပ်တည်နေဆဲပါ။ ငယ်ရွယ်လှပတဲ့မိတ်ကပ်ပြင်ဆင်မှုမှာ အကောင်းဆုံးအထောက်အကူပေးပါလိမ့်မယ်။ အဲဒီအတွက်လိုအပ်ချက်ကတော့ ပင်ကိုယ်အသားအရေကောင်းဖို့ပါပဲ။

 

စိတ်အခြေအနေ

နောက်ဆုံးနဲ့အရေးအကြီးဆုံးအချက်ကတော့ စိတ်အခြေအနေပါပဲ။ စိတ်ပျိုတော့ကိုယ်နုဆိုသလိုပဲ။ စိတ်ဆင်းရဲစရာတွေပဲတွေးနေရင်အပူသည်ရုပ်ပေါက်နေမှာပါ။ ပျော်ပျော်နေပြီး စိတ်ညစ်စရာတွေကို ရယ်မောခြင်းနဲ့ဖြေဖျောက်ပေးပါ။ အပူအပင်ကင်းတဲ့ ငယ်ဘဝတုန်းက လှပမှုမျိုးအသစ်တစ်ဖန်ပြန်လည်ဖြစ်တည်လာပါလိမ့်မယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.